မျိုးဆက်သစ်ဝံသာနုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

မျိုးဆက်သစ်ဝံသာနုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

မျိုးဆက်သစ်ဝံသာနုပါတီ ဒုတိယဥက္ကဋ္ဌ ဦးအေးလွင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၂၄ ရက်ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား

ကျွန်တော်ကတော့ မျိုးဆက်သစ်ဝံသာနုပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးအေးလွင် ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီရဲ့ မှတ်ပုံတင်အမှတ်ကတော့ (၆၁) ဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ မျိုးဆက်သစ်လူငယ်များ အမျိုးသားနိုင်ငံရေးကို စိတ်ပါဝင်စားလာအောင် ပြုစုပျိုးထောင်ပေးပြီး လွှတ်တော်အတွင်းသို့ မျိုးဆက်သစ်လူငယ်များ အတွေးသစ်အမြင်သစ်များဖြင့် ရောက်ရှိလာစေရန် ရည်ရွယ်ပြီး ပါတီကိုတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီရဲ့ အလံတော်ဟာ အောက်ခံအဝါရောင်ပေါ်တွင် လက်ယာဘက်ထိပ်၌ ကြယ်ဖြူတစ်လုံးနှင့် ကြန်အင်လက္ခဏာပြည့်စုံသော စွယ်စုံဆင်နှင့် ဆင်ပေါ်တွင် ဆင်ဦးစီးလူငယ်တစ်ဦးအားထားရှိပါတယ်။ အောက်ခံအဝါရောင်ရဲ့ အဓိပ္ပာယ်ကတော့ ညီညွတ်မှု၊ စည်းလုံးမှု၊ သဟဇာတနှင့် ဂုဏ်သိက္ခာတည်ငြိမ်ခန့်ညားမှုအာဏာတို့ကို ရည်ညွှန်းပါတယ်။ ကြယ်ဖြူရဲ့ အဓိပ္ပာယ်ကတော့ ထာဝရတည်တံ့ခိုင်မြဲမှု၊ စည်းလုံးညီညွတ်မှုနှင့် သန့်ရှင်းဖြူစင်ပြီး ကိုယ်ပိုင်အလင်းရောင်ရှိခြင်းတို့ကို ဖော်ဆောင်ပါတယ်။ စွယ်စုံဆင်ရဲ့ အဓိပ္ပာယ်ကတော့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲမှုနှင့်စစ်အောင်နိုင်ခြင်းတို့ကို ရည်ရွယ်ပါတယ်။ ဆင်ဦးစီးလူငယ်ကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် မျိုးဆက်သစ်တို့၏ အားမာန်အပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားမည့် ပဲ့ကိုင်ရှင်မျိုးဆက်သစ်လူငယ်များကို ရည်ညွှန်းဖော်ကျူးထားခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထာဝရငြိမ်းချမ်းပြီး လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးထားဆောင်ရွက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့အဆင့်မီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်သွားဖို့ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူးဟု အပြစ်ပြောနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကောင်းစားဖို့အတွက် အမှန်တကယ် မျိုးချစ်စိတ်၊ ပရဟိတစိတ်၊ ဝံသာနုစိတ်ဓာတ်အပြည့်အဝရှိတဲ့ မျိုးဆက်သစ်လူငယ်များအားလုံးဟာ မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီး ကမ္ဘာ့အဆင့်မီ ရင်ပေါင်တန်းနိုင်ဖို့အတွက် ကြိုးစားရုန်းကန်ရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ ဒါ့ကြောင့် ဒီမိုကရေစီရဲ့အသက်ဟာ ရွေးကောက်ပွဲပါပဲ။ နိုင်ငံတော်၏ ကံကြမ္မာအပြောင်းအလဲကိုလည်း ဒီရွေးကောက်ပွဲက မဲဆန္ဒရှင်များ၏ ဆန္ဒမဲများဖြင့် ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် မိဘပြည်သူများအနေဖြင့် ကျွန်တော့်ပါတီကို မဲပေးဖို့ဆိုခြင်းထက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကောင်းစားရေးအတွက် အမှန်တကယ်လိုအပ်နေသည့် ပရဟိတစိတ်၊ ဝံသာနုစိတ်ဖြင့် ရှေ့ဆောင်ဦးရွက်လုပ်ဆောင်မည့် မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို ရွေးချယ်တင်မြှောက်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ယခုအချိန်မှစပြီး ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီရဲ့ ကိုယ်စားလှယ်များဟာ လူငယ်များပီပီ စိတ်သစ်၊ လူသစ်၊ အတွေးသစ်၊ အမြင်သစ်တို့ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် ကြိုးစားသွားကြမှာဖြစ်ပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးဆောင်နိုင်စေရန် ထိန်းကျောင်းသွားပြီး ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်များဟာ ပရဟိတစိတ်အပြည့်ဖြင့် ပြည်သူလူထုရဲ့ လိုအပ်ချက်များကို လွှတ်တော်အတွင်းသာမက လွှတ်တော်ပြင်ပမှာပါ ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်သွားမယ့်သူများ ဖြစ်ပါတယ်။

ဝံသာနုရက္ခိတတရားများဖြင့် ပြည့်စုံပြီး အခြေခံဥပဒေနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများကိုအခြေခံပြီး နိုင်ငံတကာမိတ်ဖက် အသိုက်အဝန်းတည်ဆောက်နိုင်ရေး ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကြိုးပမ်းတည်ဆောက်သွားပါမယ်။ ပြည်ထောင်စုတစ်ဝန်းလုံးရှိ နယ်မြေများ ထာဝရတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံအေးချမ်းရေးတို့ကို အထူးအလေးထား တိုးမြှင့်ဆောင်ရွက်သွားပါမယ်။

နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း အဆင့်မြှင့်တင်ပြီး အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်သွားပါမယ်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး Global Economy အခြေအနေနှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှု၊ သယံဇာတများကို စနစ်တကျထုတ်လုပ်သုံးစွဲမှု၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်အောင်ဆောင်ရွက်သွားပါမယ်။ နိုင်ငံတော်သာယာဝပြောရေး၊ တိုင်းရင်းသားအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံပြည့်ဝစေရေး၊ သင့်တင့်သောကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားအားလုံး (အခမဲ့) ပညာသင်ကြားရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ စစ်မှန်သော ပရဟိတလုပ်ငန်းများ တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ဦးဆောင်ကြိုးစား ဆောင်ရွက်သွားပါမယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် မျိုးဆက်သစ်လူငယ်များအား အခြေခံပညာ၊ တက္ကသိုလ်အဆင့်မြင့်ပညာများသာမက အာကာသသိပ္ပံပညာ၊ နျူကလီးယားသိပ္ပံပညာ၊ နာနိုအီလက်ထရောနစ် နည်းပညာများ လေ့လာသင်ယူစေပြီး နိုင်ငံ၏ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီကတော့ ယခုအကြိမ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာသာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မျိုးဆက်သစ်လူငယ်အများစုဖြစ်ပြီး အမျိုးဘာသာ၊ သာသနာကို လေးစားတန်ဖိုးထားတတ်သူများ အနာဂတ်ကိုဦးဆောင်နိုင်အောင် လေ့ကျင့်ပျိုးထောင်ထားသည့် လူငယ်များကိုသာ လွှတ်တော်အတွင်းသို့ ရောက်ရှိအောင် တင်သွင်းထားပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား

ကျွန်တော်တို့ မျိုးဆက်သစ် ဝံသာနုပါတီ သို့မဟုတ် ရတနာဖြစ်တဲ့ ဆင်ပါတီဟာ မိဘပြည်သူများရဲ့ ဆန္ဒအမှန်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းနှင့် ပရဟိတလုပ်ငန်းစဉ်များမှာ တက်ကြွစွာပါဝင်ဆောင်ရွက်သွားပါမယ်လို့ ကတိပေးပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲ့ စက်မှုလက်မှုကဏ္ဍများကိုလည်း ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် လယ်သမား၊ အလုပ်သမားတို့ရဲ့ အကျိုးခံစားခွင့်များ ပိုမိုရရှိလာအောင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကအစ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် ဦးစီးဆောင်ရွက်သွားပါမယ်။

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ မျိုးဆက်သစ်ဝံသာနုပါတီ ဟာ မျိုးဆက်သစ်တို့ရဲ့ အားမာန်အပြည့်ဖြင့် ဌာနစုံဘက်ပေါင်းစုံနှင့် အဂတိတရားကင်းရှင်းပြီး စစ်မှန်သောဝံသာနုစိတ်ဖြင့် ကမ္ဘာ့အဆင့်မီ နိုင်ငံတော်ကြီးကို တည်ဆောက်လိုပါသဖြင့် မျိုးဆက်သစ်ဝံသာနုပါတီ (ဆင်ပါတီ)ကို မဲပေးကြဖို့ မေတ္တာရပ်ခံနိဂုံးချုပ်ပါတယ် ခင်ဗျား . . အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပါတီ၏သီချင်းစာသား

A.(ပြည်ထောင်စုထဲက သွေးချင်းတို့ရေ ပြည်ထောင်စုချစ်တဲ့ စိတ်တွေ မွေးမြူစို့လေ)၂ သွေးချင်းခိုင်မာ အားသစ်ကိုမွေး ဒို့နိုင်ငံကောင်းစားရေးအတွက် တစ်စိတ်တစ်ဝမ်းညီအောင် ဖော်ဆောင်ကြိုးစား အစိုးရတစ်ရပ်အမှန်လိုအပ်နေ ...... အရွေးမမှားဖို့လိုပြီလေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ အသည်းကြားက မဲတစ်ပြားက ပဓာနကျတယ်လေ..

B.(လာလာလေမဲပေးရအောင် မဲရုံသွားစို့ ခလုတ်တစ်ချက် အစဉ်တစ်သက်နောင်တမရပေါင် ရှေ့ဆောင်ကောင်းမို့)၂ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဘယ်ပါတီလည်းမေးရင် ပရဟိတမျိုးဆက်သစ် ဝံသာနုပါတီ... ဆင်ပါတီကို မဲပေးကြပါစို့......

C.(သီလ သိက္ခာ သမာဓိ ပညာလေးဝ ဗြဟ္မာစိုရ်ဦးထိပ်တည်လို့သာ )၂ စွမ်းဆောင်ကြိုးပမ်း အဓိမှတ်စရာ ဓမ္မိကလာဒ်ဒါ အမျိုးဘာသာသာသနာရေးနဲ့ ပြည်သူအကျိုးအတွက် ဦးဆောင်ပါဝင်ကာ ကမ္ဘာ့အလယ်မှာ တင့်တယ်စရာမူအချက်နဲ့ မျိုးဆက်သစ် ဝံသာနုပါတီပါ..

မျိုးဆက်သစ် ဝံသာနုပါတီ

နိုင်ငံတော်ကို ချစ်မြတ်နိုးသော အားမာန်အသစ်တွေ ဉာဏ်ပညာနဲ့ ထက်ထက်မြက်မြက် စွမ်းဆောင်မှုတွေ လူငယ်လူရွယ်များရဲ့ လက်ထက်တို့ရဲ့ တိုင်းပြည်စိန်ရောင်ရွှေရောင်ထွန်းလင်း တောက်ပ တိုင်းပြည်အနာဂတ်တွေ...

မျိုးဆက်သစ် ဝံသာနုပါတီ မျိုးချစ်စိတ်နဲ့ တိုင်းပြည်တည်ဆောက်မည် မျိုးဆက်သစ်ဝံသာနုပါတီ အများကောင်းကျိုးအတွက် တာဝန်ထမ်းဆောင်မည် …………

ဒီမိုကရေစီခေတ်သစ်စနစ်နဲ့ တိုးတက်ခြင်းတွေ ပြည်သူတွေရဲ့ ဘက်ကရပ်လို့ အမြဲအတူရှိနေ ကမ္ဘာကိုရင်ပေါင်တန်းဖို့ ကြိုးစားစိတ်ဓာတ်မြင့်မားစေ ….. ရွှေနိုင်ငံတည်ဆောက်ဖို့ ရဲရင့်အတွေး အမြင်အသစ်တွေ ………

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,