မြဝတီဒေသတွင် ဖြစ်ပေါ်နေသော Online လောင်းကစားမှုများကို နှိမ်နင်းနေသည့် အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

မြဝတီဒေသတွင် ဖြစ်ပေါ်နေသော Online လောင်းကစားမှုများကို နှိမ်နင်းနေသည့် အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်


Ministry of Information/ Naypyitaw / November 28, 2025
image_latest


(၂၇. ၁၁. ၂၀၂၅)

ကရင်ပြည်နယ် မြဝတီဒေသဆိုတာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ရှိပြီး အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှလမ်းမကြီး၏ အချက်အချာကျတဲ့ နယ်မြေဖြစ်ပါတယ်။ ဒီနယ်မြေမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအများစု အခြေချလှုပ်ရှားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ NCA သဘောတူစာချုပ်ကို ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA ၊ KNU/KNLA-PC ၊ KNU တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး နယ်မြေတည်ငြိမ်မှုရှိလာတာနဲ့အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ ၂၀၁၆ ခုနှစ်မှာ အခွင့်ကောင်းယူတစ်ဖက်လှည့်အကြောင်းပြပြီး KNU တပ်မဟာ ၇ နယ်မြေထဲက ရွှေကုက္ကိုလ်စီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ခတ်ကျေးရွာမှာ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းနဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာတော့ တပ်မဟာ ၆ နယ်မြေ မဲ့ထော်သလေးဒေသမှာ KK Park စီမံကိန်းတို့ကို စတင်လုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရှိရပါတယ်။

KNU ခေါင်းဆောင်ပိုင်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို တရားဥပဒေမဲ့အသုံးချကာ နိုင်ငံပိုင်မြေတွေကို နှစ်ရှည်စာချုပ်ချုပ်ပြီး ပြည်ပနိုင်ငံသားတွေကိုငှားရမ်းတာ၊ တရားမဝင်လောင်းကစားလုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေကို အခကြေးငွေယူပြီး အကာအကွယ်ပေးတာတွေလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနယ်မြေမှာ အခြေချလာတဲ့ ပြည်ပနိုင်ငံသားတွေအများစုဟာ ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုလောင်းကစားမြို့ဖြစ်တဲ့ သီဟာနုဘေလ်ကနေ ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။ ဒီသီဟာနုဘေလ်မှာ လောင်းကစားလုပ်ငန်းတွေထွန်းကားလာတဲ့အခါ ဒုစရိုက်မှုတွေထူပြောလာသလို ဒေသခံတွေအတွက် ဘာသာစကားမကျွမ်းကျင်မှုကြောင့် စီးပွားရေးလုပ်ရာမှာ အခက်အခဲ‌တွေဖြစ်ခဲ့ရတဲ့အပြင် တစ်မြို့လုံးကို နိုင်ငံခြားသားတွေလွှမ်းမိုးလာခဲ့ပါတယ်။ ဒါ့အပြင် ကာစီနိုလုပ်ငန်းတွေနဲ့အတူ လူမိုက်မာဖီးယားတွေရဲ့ ဥပဒေမဲ့အနိုင်ကျင့်နှိပ်စက်မှုကိုလည်း ခံခဲ့ကြရကြောင်းတွေ့ရှိကြရပါတယ်။ ဒါ့ကြောင့် မြဝတီဒေသကိုလည်း သီဟာနုဘေလ်လိုဖြစ်မှာ ဒေသခံကရင်တိုင်းရင်းသားတွေက စိုးရိမ်ခဲ့ကြပြီး ဒီစီမံကိန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို လက်မခံဘဲကန့်ကွက်ခဲ့ကြပါတယ်။ ရွှေကုက္ကိုလ်၊ ကျောက်ခတ်နဲ့ KK Park မှာ ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ KNU ခေါင်းဆောင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ကိုလည်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မှာ ကျင်းပတဲ့ KNU ကွန်ဂရက်မှာ တောင်းဆိုခဲ့တာ တွေ့ရှိရပါတယ်။ KNU က စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုဖွဲ့စည်းပြီး စုံစမ်းမှုတွေ ဟန်ပြလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ပွင့်လင်းမြင်သာစွာနဲ့ ဒေသခံပြည်သူလူထုကို ဘာမှမချပြတဲ့အပြင် အရေးယူဆောင်ရွက်မှုတွေကိုလည်း ဘာတစ်ခုမှလုပ်တာ မတွေ့ရှိရပါဘူး။ ဒါကိုကြည့်ရင် ဒီမြဝတီဒေသမှာဖြစ်နေတဲ့ တရားမဝင်အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းတွေမှာ KNU ခေါင်းဆောင်ပိုင်းက အတွင်းကျကျ ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မြဝတီဒေသမှာ အခုလိုမျိုး တရားမဝင်အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ လက်ခံခွင့်ပြုပေးခဲ့တာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေရဲ့အစက ၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ ရွှေကုက္ကိုလ်စီမံကိန်းဖြစ်ပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းဆိုတာ မြန်မာ-ရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်စီမံကိန်းအဖြစ် Yatai International Holding Group နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေစတင်ဖို့ကို ၂၀၁၆ ခုနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက NLD အစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ပိုင်း ၂၀၁၇ ခုနှစ်၊ ဧပြီလထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူခဲ့ကြောင်းသိရှိရပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ စီမံကိန်းတင်ပြရာမှာ လောင်းကစားရုံတွေတည်ဆောက်မယ့်အစီအစဉ် မပါဝင်ဘူးလို့ဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC) က ၂၅ ဒသမ ၅ ဧကသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ခွင့်ပြုပေးထားတဲ့ အဆောက်အအုံတွေထက် ပိုမိုဆောက်လုပ်နေကြောင်း ပြည်သူတွေက တိုင်ကြားတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးလည်း အဲဒီအချိန်က တာဝန်ရှိတဲ့ NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ယာယီရပ်ဆိုင်းခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကိစ္စကို အဲဒီတုန်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးရဲ့(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မြဝတီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ပြန်လည်ဖြေကြားတဲ့အခါ မြေ ၂၅ ဒသမ ၅ ဧကပေါ်မှာ အဆင့်မြင့်လူနေအိမ်တွေ ဆောက်လုပ်ဖို့အတွက် ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ဥပဒေအရ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင်၊ ချိုးဖောက်သွေဖည်ခဲ့ရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာ တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက် နေတဲ့သူတွေက ရပ်ဆိုင်းနေတဲ့လုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ BRI စီမံကိန်းမှာ ပါဝင်သယောင် ဝါဒဖြန့်ခဲ့တာ တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက BRI စီမံကိန်းမှာမပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သံအမတ်ကြီး မစ္စတာ ချန်ဟိုင်လာရောက်တွေ့ဆုံစဉ်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းသာ နိုင်ငံတော်ကို တစ်စိတ်တစ်ပိုင်းတင်ပြပြီး ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကျန်တဲ့ကျောက်ခတ်နဲ့ KK Park စတဲ့ စီမံကိန်း တွေကတော့ လုံးဝ တင်ပြခဲ့တာ မရှိဘူးဆိုတာလည်း တွေ့ရှိရပါတယ်။

နောက်လောင်းကစားလုပ်ငန်းစီမံကိန်းတစ်ခုဖြစ်တဲ့ မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာမှာလုပ်နေတဲ့ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းကို KKO အဖွဲ့က ဗိုလ်မှူးချုပ် အဆင့် ရှိတဲ့ စိုင်းကျော်လှ က ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ထိုင်းနိုင်ငံအခြေစိုက် ထိုက်ချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

KK Park စီမံကိန်းကိုတော့ KNU အဖွဲ့ရဲ့ မုလအိအလင်း (Mu La Ei Ahlin) ကုမ္ပဏီနဲ့ ဟွာ့ည အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု (Huanya International Holding Group) လက်အောက်ခံ ထိုင်းနိုင်ငံ အခြေစိုက် Trans Asia International Holding Group တို့က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သဘောတူစာချုပ်ချုပ်ပြီး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်မှာ မုလအိအလင်းဘက်က အသိသက်သေများအနေနဲ့ လက်ရှိ KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ စောကွယ်ထူးဝင်းနဲ့ KNU ကာကွယ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ စောရော်ဂျာခင်တို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားကြောင်းကိုလည်း ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ မုလအိအလင်း ကုမ္ပဏီဆိုတာ KNLA စစ်ဦးစီးချုပ်အဆင့်ရှိ စောဂျော်နီရဲ့ သားအကြီးဆုံးဖြစ်တဲ့ စောဒို့စိုးဂျော်နီက ပိုင်ဆိုင်တာဖြစ်ပြီး မြေပြင်မှာတော့ သူ့လူယုံတွေဖြစ်တဲ့ စောဝင်းကျော်နဲ့ စောကျော်သူတို့က လုပ်ကိုင်နေတာဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ်အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင်အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေကြောင်း သိရှိခဲ့ရပါတယ်။ ဒီအဆောက်အအုံတွေဆောက်လုပ်ဖို့အတွက် ပစ္စည်းကိရိယာတွေ၊ အခြေခံလိုအပ်ချက်တွေကို ထိုင်းနိုင်ငံဘက်ကတစ်ဆင့် တင်သွင်းခဲ့တာဖြစ်သလို နိုင်ငံခြားသားပိုင် ကုမ္ပဏီများက ကြီးကြပ်လုပ်ကိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီပုံတွေက တော့ ဂြိုဟ်တုဓာတ်ပုံတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အဲဒီဒေသအတွင်းမှာ တိုးချဲ့ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံပုံတွေကို သိသာထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစလို့ သက်ဆိုင်ရာကရင်ပြည်နယ်အစိုးရကို တရားမဝင်အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ကလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဲဒီတရားမဝင်အဆောက် အအုံတွေ ဆောက်လုပ်တဲ့နယ်မြေတွေက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ ရရှိထားတဲ့ သူတွေကို တရားစွဲပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ပိုင်ခွင့်တွေ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလက်လှမ်းမီပြီး တည်ငြိမ်အေးချမ်းတဲ့ နယ်မြေဒေသတွေမှာ အခုလိုတရားမဝင်တဲ့ ဒုစရိုက်ရာဇဝတ်မှုတွေကို လုပ်ဆောင်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့် KNU အဖွဲ့ ဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ KNU တပ်မဟာ ၅ က ဖာပွန် မြို့နယ်ထဲမှာရှိတဲ့ သီးမူးထာ နယ်မြေခံလုံခြုံရေးစခန်းကို စတင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး NCA သဘောတူညီချက်တွေကို ချိုးဖောက်ကာ နယ်မြေဒေသတည်ငြိမ်မှုမရှိစေဖို့ စတင်ဖန်တီးခဲ့ပါတယ်။ KNU တပ်မဟာ ၆ က ပြည်တွင်းမှာ အကြမ်းဖက်ဆူပူဆန္ဒပြမှုတွေလုပ်ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကိုလက်ခံကာ စစ်သင်တန်းတွေပေးခဲ့သလို NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး PDF အကြမ်းဖက်သမားတွေကို လက်နက်ပါတပ်ဆင်ပေးတဲ့အထိလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ကန်းညီနောင်မြို့ကို KNU နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကော့ကရိတ်နဲ့ သင်္ကန်းညီနောင်မြို့ကြားက အာရှလမ်းမကြီးကို အကြမ်းဖက်သောင်းကျန်းသူတွေက ထိန်းချုပ်ခဲ့ကြပါတယ်။ ကရင်ပြည်နယ် နယ်စပ်ဒေသအနှံ့အပြားမှာ KNU နဲ့ အပေါင်းပါ သောင်းကျန်း သူအဖွဲ့တွေက လုံခြုံရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်ပွဲဖော်ဆောင်ပြီး နယ်မြေဒေသမတည်ငြိမ်အောင် လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေကို KNU ထိန်းချုပ်နယ်မြေတွေထဲကနေ ဖယ်ရှားပြီး အခုဖြစ်ပေါ်နေတဲ့ Online လိမ်လည်လောင်းကစားမှုနဲ့ ဒုစရိုက်လုပ်ငန်းတွေကို သောင်းကျန်းသူအဖွဲ့တွေက အခကြေးငွေယူအကာအကွယ်ပေးပြီး ဥပဒေမဲ့လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှု လုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်ချေမှုန်းဖို့ ရည်မှန်းထားတဲ့အတိုင်း ဒီသောင်းကျန်းသူတွေ ယာယီထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးပေါ်က ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း၊ ကော့ကရိတ်မြို့နဲ့ ကော့ကရိတ်- သင်္ကန်းညီနောင်လမ်းပိုင်းကို စက်တင်ဘာလအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်သွေးချွေးတွေပေးဆပ်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNU နဲ့အပေါင်းပါ သောင်းကျန်းသူတွေဟာရရှိလာတဲ့ တရားမဝင်ငွေကြေးနဲ့ လူအင်အား၊ ငွေအင်အား အလုံးအရင်းသုံးပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် လုပ်ဆောင်ခဲ့တာကို တပ်မတော်က ခက်ခက်ခဲခဲပြန်လည်တိုက်စစ်ဆင်ပြီး တည်ငြိမ်မှုရှိအောင်လုပ်ခဲ့ရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ လေးကေ့ကော်အပါအဝင် နယ်စပ်ဒေသတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီဒေသကို နယ်မြေစိုးမိုးရေး ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ တရားမဝင် လမ်းကြောင်းတွေကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး ကျွန်တော်တို့နိုင်ငံထဲကို ဝင်ရောက်လာပြီး ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေလုပ်ဆောင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို အဆက်မပြတ် ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းပေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ နိုင်ငံပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၈၅၈၂ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ မြဝတီဒေသမှာ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေ ပြန်လည်အခြေမချနိုင်စေဖို့အတွက် တရားမဝင်ဆောက်လုပ်ထားတဲ့အဆောက် အအုံတွေကို အပြီးတိုင်ဖြိုချဖျက်ဆီး ရှင်းလင်းခြင်းတွေ ဆောင်ရွက်နေပါတယ်။ KK Park နယ်မြေထဲမှာ ဒီနေ့အထိ ၂၅၆ လုံးကို ဖြိုချဖျက်ဆီးရှင်းနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၃၇၉ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမှာဖြစ်ပါတယ်။ Online လိမ်လည်လောင်းကစားမှု လုပ်ငန်းတွေကို ကျွန်တော်တို့ တိုက်ဖျက်ရှင်းလင်းနေမှုအပေါ် KNLA နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီဒေသ၊ လေးကေ့ကော်နဲ့ အနီးဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲတွေဖော်ဆောင် ကာ အမျိုးမျိုးနှောင့်ယှက်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း တိုက်ပွဲဖြစ်စဉ် ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တရားမဝင်ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီဒေသက အချို့အခိုင်အမာ အဆောက်အအုံတွေကိုဆိုရင် Online လောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန်ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုတွေလုပ်ပြီး ရေသောက်မြစ် အမြစ်ဖြတ်ဖျက်ဆီးလျက်ရှိပါတယ်။

ဖမ်းဆီးထိန်းသိမ်းရမိတဲ့ နိုင်ငံခြားသားတွေရဲ့ ထွက်ဆိုချက် တွေကိုကြည့်ရင် သူတို့ဟာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတာဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အလားတူထွက်ဆိုချက်တွေလည်း ကျွန်တော်တို့ဆီမှာ အများကြီးရရှိထားပါတယ်။ ဒီနိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေလာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မတန်ကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာနဲ့ အိပ်ရာအဆုံးအားလုံးကို နိုင်ငံတော်ကဖြည့်ဆည်းပေးထားရတာဖြစ်ပါတယ်။ စားစရိတ်အတွက်မှာတင် တစ်နေ့သုံးနပ်စာအတွက်တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံးကုန်ကျပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ငွေကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် (၁,၃၃၆,၀၅၀,၀၀၀ ကျပ်) သုံးစွဲကုန်ကျ ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသိက္ခာမကျအောင် အခုလိုဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်။ ပြည်ဖျက်မီဒီယာတွေကတော့ ဒါကိုအခွင့်ကောင်းယူပြီး အဖျက်အမှောင့်တွေ လုပ်ဆောင်နေသလို အစိုးရအပေါ် မီဒီယာအားနဲ့ထိုးနှက်တိုက်ခိုက်မှုတွေလုပ်နေကြတဲ့အတွက် သတိရှိကြဖို့လိုပါတယ်။ အမေရိကန်နိုင်ငံက သူတို့နိုင်ငံသား တွေကို Online လိမ်လည်မှုကနေကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေပြုလုပ်ပြီး Online လိမ်လည်လောင်းကစားမှု နှိမ်နင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုလာတာတွေ တွေ့ရှိရပါတယ်။ ဒါဟာ ပွဲလှန့်တုန်းဖျာခင်းတဲ့ ကိစ္စလို့ ကျွန်တော်တို့မြင်ပါတယ်။

ဒီကြားထဲမှာ အကြမ်းဖက် KNU အဖွဲ့အနေနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖလူး(မင်းလက်ပံ) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်၊ တောင်းဆိုချက်တစ်ခု လုပ်ကြံထုတ်ပြန်လာတာကို တွေ့ရပါတယ်။ ထုတ်ပြန်ချက်မှာ DKBA အမည်နဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ KKO/DKBA ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားပါမယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ DKBA ဟာ ကလိုထူးဘောကရင်အစည်းအရုံး (KKO) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက ဥက္ကဋ္ဌက မန်းရောဘတ်ဇန်ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌက စောမိုရှေးဖြစ်ပါတယ်။ သူတို့စတင်ဖွဲ့စည်းစဉ်က ထုတ်ပြန်ချက်ထဲမှာ KKO အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)အား မိခင်အဖွဲ့အစည်းအဖြစ် ခံယူတယ်လို့ပါဝင်ပါတယ်။ အကြမ်းဖက် KNU အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို လေ့လာကြည့်ရင် သူတို့ဟာဖလူး (မင်းလက်ပံ) ဒေသနဲ့ ပါဝင်ပတ်သက်နေသူတွေကို အတွင်းကျကျ သိနေတာကို တွေ့နိုင်ပါတယ်။ အဲဒီကိစ္စမှာ KNU ကိုယ်တိုင် ထဲထဲဝင်ဝင် ပတ်သက်နေတာဖြစ်ပါတယ်။ အကြမ်းဖက် KNU ရဲ့ ထုတ်ပြန်ချက်နဲ့ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတာကလည်း ကွာခြားနေတာ တွေ့ရပါတယ်။ ဂြိုဟ်တု ဓာတ်ပုံမှတ်တမ်းများအရ ယခုအခင်းဖြစ်ပွား ခဲ့ရာနေရာ ဖလူး၊ မင်းလက်ပံဒေသဟာ KNU တို့ရဲ့ KK Park ရဲ့ တောင်ဘက် အနီးအနားမှာပဲရှိတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတိုင်မီက ဘာမှမရှိခဲ့ပါဘူး။ ၂၀၂၄ ခုနှစ်မှာ အဆောက်အအုံတွေ စတင်ဆောက်လုပ်လာပါတယ်။ ဒီအချိန်မှာ ကျွန်တော်ပြောခဲ့သလို အဲ့ဒီဒေသမှာ KNU နဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့တွေရဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသတွေမှာ သောင်းကျန်းတိုက်ပွဲဖော်ဆောင်တဲ့ အချိန်ဖြစ်လို့ အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ မရှိချိန်ဖြစ်ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်စာမျက်နှာ(၁)အပိုဒ် ၂ မှာ ‘‘ KNU တပ်ဖွဲ့များက ၎င်း DKBA တပ်ဖွဲ့များ တပ်စွဲထား၍ တိုက်ခိုက်သည့် နေရာအားရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး ၂၃၀ လက်နက်ချပြီး ၎င်းအခြေချစခန်းအား KNU မှ ထိန်းသိမ်း နိုင်ခဲ့သည်” ဟု ရေးသားထားပါတယ်။ တကယ့်ဖြစ်စဉ်မှာတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ မင်းလက်ပံရွာကို KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အချို့ ကားသုံးစီးနဲ့ရောက်လာပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့စဉ်းစားကြည့်နော်။ မင်းလက်ပံရွာမှာရှိတဲ့ DKBA ၊ KKO ပေါ့ဗျာ သူတို့အချင်းချင်းဟာ တကယ့်ရန်ဘက်တွေ၊ ရန်သူတွေဆိုရင် ဒီလိုကားနဲ့ ပေါ်ပေါ်တင်တင်လာမလား။ ပြီးတော့ အဲဒီနေရာက KKO လုံခြုံရေးယူထားတဲ့ ဂိတ်ကို ရောက်လာပြီး KKO အဖွဲ့က ဗိုလ်မှူးအဆင့်ရှိ စောဖားထီးကို ခေါ်ပြီး KKO အဖွဲ့ကို လက်နက်တွေ သူတို့ဆီအပ်ဖို့ ပြောခဲ့တယ်လို့ သိရ ပါတယ်။ စောဖားထီးက သူတို့ကို ဒီနေရာမှာ တာဝန်ခံက သူမဟုတ် ကြောင်း၊ စောကျော်ကိုမင်း(ခေါ်) သခွားသီး ဖြစ်ကြောင်းနဲ့ သူတို့ကို မဖမ်းဖို့ပြောခဲ့ပါတယ်။ KNU/PDF အဖွဲ့အနေနဲ့ သူတို့ကို KNU ဗဟိုက ဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KKO ဆီက လက်နက် အလက် ၁၇၀ နဲ့ အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီကိစ္စတွေဖြစ်နေချိန် မှာပဲ KNU/PDF အကြမ်းဖက်အဖွဲ့က KKO ခေါင်းဆောင်တွေဆီ ဆက်သွယ်ပြီး စောကျော်ကိုမင်း(ခေါ်)သခွားသီးကို မင်းလက်ပံမှာ မတွေ့တဲ့အတွက် ဖမ်းဆီးအပ်နှံပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတာ သိရ ပါတယ်။ KNU/PDF အဖွဲ့က ဖမ်းသွားတဲ့ KKO တွေ ပြန်လွတ်မြောက် ရေးအတွက် KKO ခေါင်းဆောင်တွေ KNU နဲ့ ဆက်သွယ်ညှိနှိုင်း နေတယ်ဆိုတာလည်း သိရပါတယ်။ မရှေးမနှောင်းမှာပဲ နိုဝင်ဘာ ၂၄ ရက်နေ့မှာ DKBA/KKO အနေနဲ့ KNU က တောင်းထားတဲ့ စောကျော်ကိုမင်း(ခေါ်) သခွားသီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူတို့နယ်မြေအတွင်း နိုင်ငံခြားသားများ သယ်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် မင်းလက်ပံကိစ္စဟာ KNU သိတယ်။ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားပါတယ်။

KNU အကြမ်းဖက်အဖွဲ့တွေ့ရဲ့ ထုတ်ပြန်ချက် စာမျက်နှာ (၂) အပိုဒ်၂ မှာ “စစ်တပ်နှင့် ၎င်းတို့ကို ကူညီတိုက်ခိုက်ပေးနေသော တပ်ဖွဲ့များမှ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့ ၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက် ဆက်လက်တာဝန် ယူထားတယ်” လို့ ပါဝင်ပါတယ်။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ KK Park နဲ့ ရွှေကုက္ကိုလ်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ အဲဒီနေရာတွေကို KNU အကြမ်းဖက်တွေက လာပစ်လို့ တိုက်ပွဲငယ်များ ဖြစ်နေပါတယ်။ KNU အနေနဲ့ ဒီလို လိမ်လည်ထုတ်ပြန်တာ အကြောင်းနှစ်ချက်ရှိပါတယ်။ နံပါတ်(တစ်) က မင်းလက်ပံမှာ သူတို့ထိန်းသိမ်းထားတဲ့သူတွေထဲက သူတို့အကြောင်း ထဲထဲဝင်ဝင်သိတဲ့လူတွေကို နှုတ်ပိတ်ချင်တာပါမယ်။ နှုတ်ပိတ်တာ လက်လွန်သွားရင် တိုက်ပွဲဖြစ်လို့ သေတာပါလို့ အကြောင်းပြချင်တာဖြစ်မယ်။ နံပါတ်(နှစ်)က သူတို့နဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ဖျောက်ဖျက်ပြီး အခြားအဖွဲ့တွေအပေါ် အပြစ်ပုံချဖို့ ဖြစ်ပါမယ်။ ဒါကို ထင်ရှားစေတာကတော့ စာမျက်နှာ ၃ မှာ ပါတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ “ မနက်စောစောတွင် Scam အလုပ်သမား ရာပေါင်းများစွာသည် အသေခံဒရုန်းတိုက်ခိုက်မှုများ ရှိမည်ကြား၍ ထိတ်လန့်တုန်လှုပ်စွာ ခြံဝင်းအတွင်းမှ ထွက်ပြေးရန်ကြိုးစားခဲ့ကြသည်။ အဆောက်အအုံများအတွင်း အလုပ်သမားအချင်းချင်း ရန်ပွဲများဖြစ်နေသည့် ဆူညံသံများ၊ အရိပ်အယောင်များ တွေ့ရသည်” လို့ ရေးထားပါတယ်။ တကယ့်မြေပြင်မှာ ဖြစ်ပွားခဲ့တာကတော့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှာ မင်းလက်ပံမှာ တရားမဝင်ရောက်ရှိပြီး KNU ရဲ့ ဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ ပြည်ပနိုင်ငံသားများက သူတို့ကို ပိတ်လှောင်မထားဖို့ အဝတ်အစားတွေကို မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကို KNU/PDF အဖွဲ့က ပစ်ခတ်တယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရကြောင်းနဲ့ သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံများပဲ ဖြစ်ပါတယ်။ ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲမှာ တရုတ်နိုင်ငံသား ၆၃၅ ဦး၊ လာအိုနိုင်ငံသား ၂၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦး စုစုပေါင်း ၆၇၄ ဦးဟာ သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့ကိုကင်းကျေးရွာဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညပိုင်းမှာပဲ မင်းလက်ပံထဲက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ဦးစီးလုပ်ကိုင်နေသူလို့ ယူဆရတဲ့ ပြည်ပနိုင်ငံသား ၂၀ လောက်ကို သူတို့ရဲ့ Double Cub မော်တော်ယာဉ်များ၊ ဆီပီပါ အလုံး ၁၀၀ ခန့်နဲ့၊ ငွေထည့်ထားတဲ့ မီးခံသေတ္တာ ကားလေးစီးတိုက်စာကို KNU/ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သယ်ထုတ်သွားကြောင်း သိရပါတယ်။ ကျန်သတင်းတွေ ရှိနေနိုင်ပါသေးတယ်။ ဒီလောက်ဆိုရင် အကြမ်းဖက် KNU ဘာလည်းဆိုတာ အားလုံးကသိနိုင်ပြီလို့ ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှု လုပ်ငန်းတွေကို စတင်ခြေရာခံမိတဲ့ အချိန်ကစလို့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ပူးပေါင်းပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေသလို ဒေသတွင်းနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံအဝှမ်းနေရာ အနှံ့အပြားမှာ စစ်ဆင်ရေးတစ်ရပ်သဖွယ် နှိမ်နင်းလျက်ရှိပါတယ်။ ရရှိထားတဲ့ သတင်းအရ ဒီလ ၂၄/ ၂၅ / ၂၆ ရက်တို့မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးကို ရှင်းလင်းခဲ့ရာမှာ မိုင်းနောင်မြို့ အရှေ့တောင်ဘက် နောင်တောက်ရွာ၊ ကောင်းဟိုင်းရွာ၊ ဝမ်ကျောင်းရွာအနီးမှာ Online လိမ်လည်လောင်းကစားမှုကျူးလွန် တဲ့ ပြည်ပနိုင်ငံသား ၂၈ ဦး၊ မြန်မာနိုင်ငံသား ရှစ်ဦးတို့ကို အဆောက်အအုံ များ၊ မော်တော်ယာဉ်များ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ငယ် ငါးလက်တို့နဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ဒီ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဘယ်သောအခါမှ ခွင့်ပြုခဲ့ခြင်းမရှိသလို မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေကိုအသုံးချပြီး မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာအပေါ် ရာဇဝတ်မှုကျူးလွန်နေတာကိုလည်း လုံးဝ(လုံးဝ) လက်ခံမှာမဟုတ်ဘူးဆိုတာ အလေးအနက်ထားပြောကြားထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ ဒီ Online လိမ်လည် လောင်းကစားမှုလုပ်ငန်းတွေ မြန်မာ့ရေ၊ မြေကနေ အမြန်ဆုံးအမြစ် ပြတ်စေရေး တိုက်ဖျက်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားအပ်ပါတယ်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025
HOT NEWS
January 4,