ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ ရွှေတိဂုံစေတီတော်နှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ သွားရောက်လေ့လာ
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ ရွှေတိဂုံစေတီတော်နှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / May 16, 2025

နေပြည်တော် မေ ၁၆
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခြင်းနှင့် ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ သာသနိကအဆောက်အဦများအား ကြည့်ရှုလေ့လာခြင်း၊ ဓာတ်ပုံပြခန်းအား ကြည့်ရှုလေ့လာခြင်း၊ မြန်မာဗိသုကာအနုလက်ရာများအား ကြည့်ရှုလေ့လာခြင်းနှင့် ဗုဒ္ဓဝင်ပြတိုက်တို့အား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်ပြီး ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်တန်းသား၊ သင်တန်းသူများက မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသန ပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာမြို့ပြယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်း၊ မြန်မာ့သုခုမအနုပညာပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ မြန်မာ့ရှေးဟောင်းအဆင်တန်ဆာ ရတနာပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ အာဆီယံပြခန်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းတို့အား စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေတွင် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် အခြားသာသနိက အဆောက်အဦများကို လေ့လာကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ရှိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ ပုံစံငယ်များ၊ အထင်ကရနေရာများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on May 29, 2025NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 27, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း