အဂတိလိုက်စားမှုသည် မကောင်းမှုဒုစရိုက်တစ်ခုဖြစ်

အဂတိလိုက်စားမှုသည် မကောင်းမှုဒုစရိုက်တစ်ခုဖြစ်


Ministry of Information/ Naypyitaw / June 19, 2025
image_latest


“အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဂတိလိုက်စားမှုကို ဒုစရိုက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည့်တိုင်အောင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ၌ပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နာတာရှည်တစ်ခုသဖွယ် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်သည်။

မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တိုင်ကြားစာများအပေါ် အရေးယူမှုများဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊ အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦး၊ အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၃၀၃၀ ကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ အရေးယူခဲ့သည်။ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အဂတိလိုက်စားမှုပြုရာတွင် ငွေကြေးသို့မဟုတ် တံစိုးလက်ဆောင်ကို လက်ခံရယူသူသာမက ပေးသူပါအပြစ်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ခံကြရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ဥပဒေအရ စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ကိုယ်ကျင့်တရားစံနှုန်းများ မြင့်မားရေးဆောင်ရွက်ကြရန်လိုအပ်သည်။ အဂတိလိုက်စားမှုကို ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာ၊ ကိုယ်ကျင့်တရားပျက်ယွင်းခြင်းအဖြစ် သိမြင်နားလည်ပြီး အဂတိလိုက်စားမှုပြုရန်အတွက် ရှက်တတ်၊ ကြောက်တတ်လာစေရန်မှာ ငယ်စဉ်ကပင် အသိတရားပြည့်ဝလာကြရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများလိုသည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများအား အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ လုံးဝလက်မခံကြရန်နှင့် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်လာစေရန် ပညာပေးမှုများကို ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

စင်စစ် နိုင်ငံ့ဝန်ထမ်းများတွင် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကျောင်းထားပြီးဖြစ်ရာ ဝန်ထမ်းတိုင်းက မိမိတို့၏ ခါးဝတ်ပုဆိုး၊ ခါးဝတ်လုံချည်များကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်များတွင် ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်း‌စောင့်ရှောက်ရေး၊ တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရေး၊ တရားသဖြင့်ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရေးစသော အချက်များပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း ကျင့်ဝတ်လိုက်နာသူ၊ စာရိတ္တမြင့်မားသူများ ဖြစ်ရန်လိုသည်။

အဂတိလိုက်စားခြင်းသည် နိုင်ငံ၏အုပ်ချုပ်မှုစနစ်ကောင်းမွန်ရေးကို စိန်ခေါ်နေသည့် ပြဿနာတစ်ရပ်ဖြစ်ရာ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း တစ်နည်းနည်းဖြင့် ကျူးလွန်နေသည့် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ဖယ်ရှားကြရမည်ဖြစ်သည်။ အဂတိလိုက်စားမှုအသေးအဖွဲမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့အထိ အရေးပါ၊ အ‌ရေးကြီးသည့် အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားကြရပါမည့်အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026