လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (အိုင်စီအိုအီး) က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်


Ministry of Information/ Naypyitaw / January 12, 2019


နေပြည်တော် ဇန်နဝါရီ ၁၁

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (အိုင်စီအိုအီး) က ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်၏ ငါးကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၈ ရက်မှ ၁ဝ ရက် အထိ ကျင်းပခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့် အရေး၊ လုံခြုံရေးနှင့် ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည် ရောက်ရှိလာသူများအတွက် လိုအပ်သည်များ စီမံဆောင်ရွက် ပေးရေးနှင့် လူမှုဆိုင်ရာ သဟဇာတဖြစ်ရေး စသည်တို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များကို ဒေါက်တာဝင်းမြတ်အေးက အသေးစိတ် ရှင်းပြခဲ့ကြောင်း။

ထို့ပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တွေ့ဆုံရာတွင် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းနောက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့သည် မောင်တောစုံစမ်း စစ်ဆေးရေးကော်မရှင် (၂ဝ၁၆) အတွင်းရေးမှူး ဦးဇော်မြင့်ဖေနှင့် တွေ့ဆုံရာတွင် ၎င်းထံမှ ရရှိသည့် သတင်းအချက်အလက်များမှာ ပြည့်စုံပြီး အသုံးဝင်သည့်အပြင် ကော်မရှင်၏ လုပ်ငန်းများကို အထောက်အကူ ဖြစ်စေကြောင်း၊ နိုင်ငံတော်သမ္မတဟောင်း၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ကျော်ရင်လှိုင်နှင့် တွေ့ဆုံရာတွင် ၎င်း၏ အတွေ့ အကြုံများမှ ရရှိခဲ့သော သင်ခန်းစာများသည် ကော်မရှင် အတွက် အသုံးဝင်ပါကြောင်း။

အလားတူ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် သည် နိုင်ငံတကာကြက်ခြေနီကော်မတီ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန်ဆာကာလီရင်နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း နိုင်ငံတကာကြက်ခြေနီကော်မတီ၏ လုပ်ငန်း ဆောင်တာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ တစ်ချိန် တည်းမှာပင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်အရေး သက်သေအထောက်အထား ရှာဖွေစိစစ် အတည်ပြုရေးအဖွဲ့၏ လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းလိုအပ်ချက် အရ ဝန်ထမ်းခန့်အပ်မှု အခြေအနေ တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့ခရီးစဉ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် ခရီးစဉ်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ကြောင်း။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်၍ ''တင်ပြရန် ဖိတ်ခေါ်ခြင်း ''တင်သွင်းရမည့် နောက်ဆုံးရက်ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ ကြောင်း စသည်ဖြင့် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်