ကိုယ်ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးကြိုးစားစေချင်တယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရအသစ်ပေါ်လာရင် နိုင်ငံရဲ့လက်ရှိအနေအထားကနေ ကဏ္ဍအားလုံး တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်


Ministry of Information/ Naypyitaw / January 12, 2026
image_latest


မအိသက်မွန်ဝင်း (ဗဟန်းမြို့နယ်)

ရန်ကုန် ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲ လာရောက်ပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် ဗဟန်း၊ ဒေါပုံနှင့် ပုဇွန်တောင်မြို့နယ်တို့ရှိ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ် ဖော်ပြလိုက်ပါသည်-

မောင်အောင်ကောင်းမြတ် (ဒေါပုံမြို့နယ်)

ကျွန်တော့်အတွက် ပထမဆုံးအကြိမ် မဲပေးရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိတယ်။ စာရွက်ပေါ် မှာ အမှန်ခြစ်ရတာမဟုတ်ဘဲ စက်နဲ့မဲပေးရတာ ပိုပြီးသဘောကျပါတယ်။ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်ကို အားကိုးအားထားပြုနိုင်မယ်လို့ ယုံကြည်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ ဘယ်သူ့ရဲ့ တိုက်တွန်းမှုမှမပါဘဲ လွတ်လပ်စွာ မဲပေးရတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့မဲဟာ စိတ်သန့်တယ် လို့ပြောရမှာပါ။ ကျွန်တော်တို့ နိုင်ငံကို အလင်းရောင်ပေးနိုင်မယ့်ပါတီကိုပဲ မဲပေးခဲ့တာပါ။

မအိသက်မွန်ဝင်း(ဗဟန်းမြို့နယ်)

ကျွန်မအနေနဲ့မဲလာပေးတာ ပထမဆုံးအကြိမ်ပါ၊ တစ်ခါမှမပေးဖူးတော့ စိတ်လှုပ်ရှားပါတယ်။ လူငယ်တစ်ဦးအနေနဲ့ နိုင်ငံအတွက်အများကြီး ပါဝင်ဆောင်ရွက်ပေးချင်ပါတယ်။ ပြီးတော့ ကိုယ်ရွေးချယ်ပေးတဲ့ ကိုယ်စား လှယ်တွေအနေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးကြိုးစားစေချင်တယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရအသစ်ပေါ်လာရင် နိုင်ငံရဲ့လက်ရှိအနေအထားကနေ ကဏ္ဍအားလုံးတိုးတက်ကောင်းမွန်လာမယ်လို့မျှော်လင့်ပါတယ်။

မဖြိုးပြည့်ပြည့်အောင် (ပုဇွန်တောင်မြို့နယ်)

လူငယ်တွေဟာ တစ်ချိန်မှာ ခေါင်းဆောင်တွေ ဖြစ်လာမယ့် မျိုးဆက်တွေဖြစ်တဲ့အတွက် လူငယ်တွေဘဝ တိုးတက်မြင့်မားအောင် ဖော်ဆောင်ပေးဖို့ လိုပါတယ်။ ပညာရေးကဏ္ဍမှာ ပိုပြီးဖြည့်စွမ်းပေးမယ်ဆိုရင် နည်းပညာရှင် လူငယ်များစွာ ပေါ်ထွန်းလာမှာပါ။ ပညာတတ်လူငယ်မရှိတဲ့နိုင်ငံဟာ အဝန်းအဝိုင်းသာရှိပြီး ပန်းပေါင်းစုံမရှိတဲ့ ဥယျာဉ်ကြီးလိုဖြစ်နေမှာပါ။ ဒီနေ့ နည်းပညာခေတ်မှာ ပညာရေးဟာ အရေးပါလာပြီး နိုင်ငံ့အရေးနဲ့ နိုင်ငံရေးကို ခွဲခြားသိမြင်စေတာဟာလည်း ပညာတတ်မြောက်ဖို့ လိုတဲ့အတွက် လူငယ်တွေရဲ့အနာဂတ်ပညာရေး ထွန်းလင်း‌အောင် ဖော်ဆောင်ပေးနိုင်မယ့် ပါတီကိုပဲ အားပါးတရမဲပေးခဲ့ပါတယ်။

မဇီဇဝါချစ်ခိုင်(ဗဟန်းမြို့နယ်)

ကျွန်မအနေနဲ့ ပထမဆုံးအကြိမ် မဲပေးတာဖြစ်ပါတယ်။ တစ်ခါမှမပေးဘူးတော့ စိတ်လှုပ်ရှားတယ်၊ အခုက မဲရုံကိုအစ်ကိုနဲ့လာတာပါ။ ရောက်ရောက်ချင်း တန်းစီပြီးမဲစာရင်းနံပါတ်ပြ၊ လက်မှတ်ထိုးရတယ် ပြီးတော့မှ ခလုတ်နှိပ်မဲပေးရတယ်၊ ခလုတ်နှိပ်မဲပေးရတာ လွယ်ကူတယ်လို့ ထင်ပါတယ်။ လူငယ်တစ်ဦး အနေနဲ့ နောင်တက်လာမယ့် အစိုးရတစ်ရပ်ကို စီးပွားရေးနဲ့ ပညာရေးကို ဦးစားပေးဆောင်ရွက် စေချင်ပါတယ်။

မောင်ထက်အောင်ကျော် (ဗဟန်းမြို့နယ်)

ကျွန်တော်ကတော့ ဆန္ဒမဲကို အခုပထမဆုံးအကြိမ်ပေးတာဖြစ်ပါတယ်။ အရင်ကထက် တိုင်းပြည်ကို စီးပွားရေးကအစ၊ ပညာရေးကအစပေါ့ ကောင်းမွန်လာစေချင်ပါတယ်။ မဲရုံထဲစဝင်တဲ့အခါ မဲစာရင်းနံပါတ်ပြားလေးပြပြီး ခလုတ်လေးနှိပ်လိုက်ရုံပါပဲ။ မဲရုံထဲက ဝန်ထမ်းတွေကလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။

မနွယ်ယဉ်မွန်(ဗဟန်းမြို့နယ်)

ကျွန်မက အခုမဲလာပေးတာ ဒီအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်ရှိပါပြီ။ ပထမတစ်ခါတုန်းက စာရွက်ပေါ်မှာ ဘောပင်နဲ့အမှန် ခြစ်ပြီးမဲပေးခဲ့ရတယ်။ အခုက စက်နဲ့ဆိုတော့ ခလုတ်နှိပ်ပြီးမဲပေးရတဲ့အတွက် ထူးထူးခြားခြားဖြစ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်သွားပြီဆိုရင် စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်ကအစ အစစအရာရာ အကုန်လုံးအဆင်ပြေ စေချင်ပါတယ်။

မောင်ကျော်ကျော် (ဗဟန်းမြို့နယ်)

မဲပေးရတာကောင်းပါတယ်၊ အဆင်ပြေပါတယ်။ နိုင်ငံအတွက်ရွေးကောက်ပွဲလုပ်တာ ဖြစ်တဲ့အတွက် ပြည်သူတွေက ကိုယ်ကြိုက်တဲ့သူ မဲပေးကြတယ်။ အားလုံးက ရွေးကောက်ပွဲကနေ နိုင်ငံတိုးတက်ဖို့ ဒီထက်ပိုကောင်းတဲ့အနေအထားမျိုး မျှော်မှန်းကြတယ်၊ လိုချင်ကြတာဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာတိုးတက် တာလိုချင်တာပါ။ အခုစက်နဲ့ မဲပေးရတာ ပိုအဆင်ပြေတယ်။ စာရွက်နဲ့ဆို အမှန်ခြစ်တဲ့အခါ အကွက်ကျော်သွားတာတို့ဆို ပယ်မဲများတာတွေ ဖြစ်တတ်တယ်။ ဒါကတော့ ခလုတ်လေးတစ်ချက်ပဲ နှိပ်လိုက်တော့ အဆင်ပြေပါတယ်။ လူကြီးတွေအတွက်လည်း အဆင်ပြေတယ်။

ဒေါ်စောမိုး(ဒေါပုံမြို့နယ်)

ဒီနေ့မနက် စောစောထပြီး နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးမဆုံးရှုံးအောင် မဲလာထည့်တာပါ။ ဆန္ဒမဲက ပေးကိုပေးရမှာပါ။ မဲပေးရတဲ့ အဓိကအကြောင်းကတော့ နိုင်ငံသားတစ်ယောက် အနေနဲ့ တာဝန်ကျေပွန်ပြီး စိတ်အေးချမ်းချင်တယ်၊ ပြီးတော့ တိုင်းပြည်အေးချမ်းစေချင်တယ်။ အဲဒီလို လုပ်ဆောင်နိုင်မယ်လို့ ထင်တဲ့ပါတီကို မဲပေးခဲ့တယ်။ မဲပေးရတာ အဆင်ပြေပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ မဲပေးရတာကို ကြိုက်လည်းကြိုက်တယ်၊ ကျေနပ်တယ်။ မဲပေးရွေးချယ် လိုက်တဲ့ပါတီဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့အရာတွေ လုပ်ဆောင်မယ်လို့ ယုံကြည်တယ်။

ဦးမျိုးထွေး(ပုဇွန်တောင်မြို့နယ်)

နိုင်ငံအတွက် အကျိုးရှိမယ့်ပါတီကိုပဲ မဲပေးခဲ့ပါတယ်။ ကိုယ်မဲပေး လိုက်တဲ့ပါတီအနေနဲ့ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍကို အရှိန်အဟုန်နဲ့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ နိုင်ငံနဲ့ပြည်သူ့အကျိုးကိုသယ်ပိုးပြီး နိုင်ငံအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်နိုင်မယ့် ပါတီကို မဲပေးခဲ့ပါတယ်။

ဒေါ်မြတ်စုခိုင်(ဗဟန်းမြို့နယ်)

ကျွန်မတို့က ဆန္ဒမဲပေးပုံနဲ့ ပတ်သက်ပြီး တံဆိပ်တုံးထုတဲ့ ခေတ်မှာလည်းထုခဲ့တယ်၊ အမှန်ခြစ်ရတဲ့အခါတုန်းကလည်း ခြစ်ခဲ့တယ်၊ မဲလာပေးတဲ့အခါ နံပါတ် မသိရင် ကွန်ပျူတာနဲ့ရိုက်ပြီး ရှာပေးပါတယ်။ အခုမဲပေးတဲ့စနစ်က အီလက်ထရောနစ်မဲပေးစက်ဖြစ်တာကြောင့် လုပ်ရကိုင်ရတာ လည်းလွယ်ကူတယ်၊ ရှာစရာသိပ်မလိုဘူး၊ မိမိကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်ကိုခလုတ် ကလေးနှိပ်လိုက်ရုံပဲ။ ထွက်လာတဲ့မဲကလည်း တစ်ခါတည်းရေတွက်ပြီးသားဖြစ်တဲ့အတွက် ကောင်းတယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲက အရွေ့တစ်ခုကိုသွားတယ်လို့ထင်ပါတယ်။

ဦးကံဝင်း (ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး)

ဗဟန်းမြို့နယ်မှာ ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး မဲရုံပေါင်း ၃၉ ရုံ ရှိပါတယ်။ မဲပေးပိုင်ခွင့်ရှိသူက ခြောက်သောင်းကျော်ပါတယ်။ မဲရုံ ၃၉ ရုံလုံးမှာ ပြည်သူတွေ ဆန္ဒမဲပေးရာမှာ လွယ်ကူအဆင်ပြေစေဖို့အတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ကပ်ထားပေးတဲ့အပြင် မဲစာရင်းတွေကို လက်ပ်တော့၊ တက်ပလက်၊ ဖုန်းတွေနဲ့ရှာဖွေ ပေးတဲ့စနစ်တွေကိုလည်း လုပ်ပေးပါတယ်။ ပြည်သူတွေ မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲလာရောက် ပေးနိုင်ဖို့အတွက် အဆင်ပြေချောမွေ့မှုရှိအောင် ဆောင်ရွက်ထားရှိပါတယ်။ ကျွန်တော်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ ဆန္ဒမဲပေးခဲ့ပါတယ်။

ဒေါ်မာမာညို ( မဲရုံအမှတ်(၁)မဲရုံမှူး ဒေါပုံမြို့နယ်)

ဒေါပုံမြို့နယ် မဲရုံအမှတ်(၁)မှာ ရွေးကောက်ပွဲအပိုင်း(၂)အတွက် ဆန္ဒမဲပေးမယ့်ပြည်သူ ၁၃၆၁ ဦးရှိပါတယ်။ မနက် ၆ နာရီ မဲရုံဖွင့်တာနဲ့ ပြည်သူတွေမဲပေးကြတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးထားပါတယ်။ မဲရုံမှာ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစက်ကိုင် ငါးဦး၊ မဲစာရင်းစစ်ဆေးသူ ခြောက်ဦးနဲ့မဲ‌‌ပေးရာမှာ အဆင်ပြေချောမွေ့အောင် အခြားတာဝန်ရှိသူတွေနဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေအနေနဲ့ မိမိတို့နိုင်ငံသားအခွင့်အရေးတွေ မဆုံးရှုံးအောင် လာရောက်မဲပေးနိုင်အောင်လည်း နှိုးဆော်ထားပါတယ်။

ဒေါ်မြင့်စန်းရီ (အမှတ်(၂)မဲရုံမှူး ပုဇွန်တောင်မြို့နယ်)

ဒီနေ့ရွေးကောက်ပွဲအပိုင်း(၂)အတွက် ပြည်သူတွေ မနက်ကတည်းက လာရောက်မဲပေးကြပါတယ်။ မနေ့ကလည်းစက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမရှိအောင် စမ်းသပ်ခဲ့ပါတယ်။ အားလုံးအဆင်ပြေပါတယ်။ မဲရုံအမှတ်(၂)မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၂၈ ဦးရှိပြီး ညနေ ၄ နာရီအထိ လာ‌ရောက်မဲပေးသူ ပြည်သူတွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနေပါတယ်။

အင်တာဗျူး - ငြိမ်းထိုက်၊ ကျော်ကြီး

ဓာတ်ပုံ - ဇွဲမာန်၊ သီဟ

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on January 12, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023