ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့
ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့
Ministry of Information/ Naypyitaw / May 30, 2026
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကြသည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမရှိခဲ့ကြသော်လည်း ထိုအချိန်က မိုးခေါင်သဖြင့် ရောဟိဏီမြစ်ရေအလွန်နည်းပါးနေချိန် ဖြစ်သည်။ အပူရှိန်ပြင်းသည့် ကဆုန်၊ နယုန်လတွင် ရောဟိဏီမြစ်ရေသည် တစ်ပြည်ထောင်အတွက်ပင် လုံလောက်အောင်မရှိဖြစ်ခဲ့သည်။
ကပိလဝတ်ပြည်သား လယ်သမားများက မြစ်ရေကို သူတို့ချည်းသာသုံးလိုသည်။ ကောလိယပြည်သား လယ်သမားများကလည်း သူတို့လယ်များတွင် ရေလိုနေသဖြင့် ဝေမျှသုံးစွဲလိုခြင်းမရှိကြပေ။ ရေသွယ်မြောင်းများဖြင့် ရှိသည့်မြစ်ရေကို ကဲ့ယူကြသည်။ ဤသို့ဖြင့် နှစ်ဖက်အပေးအယူမကြည်ဖြူ အဝေမတည့်ကြသည့် လယ်သမားများ၏ ပြဿနာသည် နှစ်ပြည်ထောင်အဆင့် ပဋိပက္ခအထိဖြစ်လာခဲ့သည်။ ကပိလဝတ်ပြည်နှင့်ကောလိယပြည် နှစ်ပြည်ထောင်မင်းတို့သည် ရောဟိဏီမြစ်ရေကိုရရှိရန် စစ်အင်္ဂါလေးပါးအပြည့်အစုံဖြင့် မြစ်တစ်ဖက်တစ်ချက်တွင် နှစ်ဖက်စစ်တပ်များ ရင်ဆိုင်လျက်ရှိသည်။
ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်တို့သည် ဆွေမျိုးရင်းချာများဖြစ်ကြသည်။ သွေးချင်းနီးသည့် ပြည်သူအချင်းချင်း ရေအတွက် သွေးမြေကျစေမည့် စစ်ရေးကိုစတင်ရန် ပြင်ဆင်နေကြစဉ် မြတ်စွာဘုရားရှင် ကြွတော်မူလာပြီး နှစ်ဖက်စစ်တပ်များ ငြိမ်သက်သွားစေရန် တန်ခိုးပြာဋိဟာဖြင့် အမှောင်ချတော်မူသည်။ အမှောင်ထုကွယ်ပျောက်ပြီး ရောဟိဏီမြစ်ကောင်းကင်ယံတွင် မြတ်စွာဘုရားရှင်အား ဖူးမြင်ကြရသောအခါ စစ်သည်တော်အားလုံး လက်နက်ချ၍ ရှိခိုးကန်တော့ကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် တန်ဖိုးနည်းသည့်ရေအတွက် တန်ဖိုးမဖြတ်နိုင်သည့် သာကီဝင်မင်းသားတို့၏ သွေးမြေသို့မကျသင့်၊ အသက်မသေသင့်၊ စစ်ပွဲတို့မည်သည် ရှုံးသူရော၊ နိုင်သူပါ သားစဉ်မြေးဆက် ရန်ငြိုးဖွဲ့၍ အဆုံးမသတ်ဖြစ်ပွားစေတတ်သဖြင့် နိုင်သူမရှိ၊ ရှုံးသူချည်းသာဖြစ်ကြသည်ဟု ဆုံးမတရားကို ဟောကြားတော်မူသည်။
နှစ်ဖက်ဆွေမျိုးများ နှလုံးသွင်းဆင်ခြင်နိုင်ရန် မြတ်စွာဘုရားက ဆက်လက်ဟောကြားရာတွင် တစ်ပြည်နှင့်တစ်ပြည် အပြစ်မရှာဘဲ ငြိမ်းချမ်းစွာ နေထိုင်ဆက်ဆံမှသာ အကျိုးရှိမည်ဖြစ်ကြောင်းသိစေရန် ဖန္ဒနဇာတ်တော်ကို ဟောကြားတော်မူသည်။ ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ အချင်းချင်းရန်ငြိုးဖွဲ့မှား၍ ဝက်ဝံလည်း သေ၊ ရုက္ခစိုးနတ်နေသည့် ကြို့ပင်လည်းပျက်စီးရသည့် ဇာတ်တော်ဖြစ်သည်။ မြေပြိုနေပါပြီဆိုသည့် ယုန်တစ်ကောင်၏ စကားတစ်ခွန်းကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ကာ ပြေးကြပုန်းကြရင်း ဆင်းရဲဒုက္ခရောက်ကြရသော ဒုဒ္ဒုဘဇာတ်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အင်အားသုံး၍ အနိုင်မယူသင့်ကြောင်း၊ မိမိထက်အင်အား သာလွန်ကြီးမားသော ဆင်ရိုင်းကြီးကိုပင် သေးငယ်သည့် နှံစုတ်ငှက်က အနိုင်ရဖူးကြောင်း လဋုကိကဇာတ်ကို ဟောတော်မူသည်။
မြတ်စွာဘုရားက သာကီဝင်မျိုးနွယ်တို့အချင်းချင်း ညီညွတ်စွာနေထိုင်ကြရမည်။ အချင်းချင်းစစ်မက်မဖြစ်သော်လည်း အပြန်အလှန်အချင်းများကာ စိတ်ဝမ်းကွဲပြားနေလျှင် ငြိမ်းချမ်းရေးအရသာကို ခံစားရမည်မဟုတ်ကြောင်းသိစေရန် သမ္မောဒမာနဇာတ်ကို ဟောကြားတော်မူသည်။ ထို့အပြင် အန္တရာယ်ကင်းကြောင်း ရုက္ခဓမ္မဇာတ်တော်နှင့် မိမိကိုယ်မိမိ ဆုံးမနေထိုင်ရန် အတ္တဒဏ္ဍသုတ်တို့ကို ဟောတော်မူသည်။ တရားတော်များနာယူပြီးသည့်အခါ ဆွေတော်မျိုးတော်အပေါင်းတို့သည် ဒေါသများကင်းစင်ပြီး အမြင်မှန်ရကာ ငြိမ်းချမ်းရေးယူလိုက်ကြသည်။ နှစ်ပြည်ထောင်မင်းသား ငါးရာတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းပြု၍ တရားအားထုတ်ကြရာ ရဟန္တာများဖြစ်လာကြသည်။ ရဟန္တာငါးရာတို့က မြတ်စွာဘုရားအား ဖူးမြော်ကန်တော့သည့် သံဃာအစည်းအဝေးသို့ လာရောက်ကြည်ညိုကြသည့် နတ်ဗြဟ္မာအပေါင်းတို့ကို မြတ်စွာဘုရားက အမည်နာမထုတ်ဖော်၍ မိန့်ကြားသည့် နှုတ်ခွန်းဆက်စကားကို “မဟာသမယသုတ်”ဟု ခေါ်ဆိုသည်။
မဟာသမယသုတ် ဟောကြားတော်မူသောကာလသည် မဟာသက္ကရာဇ် ၁၀၇ ခုနှစ် နယုန်လပြည့်နေ့ မြတ်စွာဘုရား ပဉ္စမမြောက်ဝါဆိုခါနီးအချိန်ဖြစ်သည်။ ထူးမြတ်သည့် နယုန်လပြည့်နေ့သည် နှစ်ပြည်ထောင်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည့် ဇာတ်ကြောင်းကိုအကြောင်းခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မဟာသမယအခါတော်နေ့ သို့မဟုတ် ငြိမ်းချမ်းရေးနေ့သည် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည်တွင်သာမက ဝေနေယျသတ္တဝါအားလုံးအတွက် တစ်ကမ္ဘာလုံးကိုလွှမ်းခြုံသည့် ငြိမ်းချမ်းရေးအခါတော်နေ့ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နည်း တရားတော်များအပါအဝင် စည်းလုံးညီညွတ်ရေးတရားတော်များ ဟောကြားခဲ့သည့် ငြိမ်းချမ်းသောနယုန်လပြည့် မဟာသမယအခါတော်နေ့ကို ကြည်ညိုအလေးအမြတ် ပြုကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Ministry of Information / Posted on May 29, 2026
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Ministry of Information / Posted on May 27, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

