ဒုတိယဝန်ကြီး ဦးသိုက်စိုး (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (၂) နှစ်လျှင် (၁) ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၂) ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Amamtara Siam Bangkok Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခု ကျင်းပပြုလုပ်သည့်အစည်းအဝေးများကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် (၁၄) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်  အဖွဲ့သည် ဒီဇင်ဘာလ (၁၁) ရက်နေ့၊ ဒေသစံချိန်တော် နေ့လယ် (၁၂:၅၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ထိုင်း နိုင်ငံစံတော်ချိန် နေ့လယ်(၂:၄၀)နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ ညပိုင်းတွင် Amamtara Siam Bangkok Hotel ၌ ကျင်းပပြုလုပ်သော (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ INGOs ၊ NGOs နှင့် Private Sector များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော  INGOs/ NGOs နှင့် Private Sector များအား ဆုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် Organization for Building Better Society (BBS)  နှင့် Pro Engineering Co.,Ltd တို့မှ (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုကို လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် (၁၄) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကုလသမဂ္ဂ ၂၀၃၀ အစီ အစဉ်နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ တို့အကြား အားလုံးပူးပေါင်းပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအချက်အဖြစ်ပါရှိနေပြီး မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ ကျန်ရှိမှုမရှိစေရေးနှင့် လူထုအခြေပြုအသိုက်အဝန်း ခိုင်မာအားကောင်းစေရေးကတိကဝတ်သည် မိမိတို့၏ အဓိကဘုံ သဘောထားဖြစ်ပါကြောင်း၊ အဆိုပါကတိကဝတ်ကို ကျေးလက်မူဝါဒအဖြစ် လက်တွေ့ အကောင်အထည်ဖော်ခြင်းသည် မရှိမဖြစ်လိုအပ်သည့် ဦးစားပေးမဟာဗျူဟာအဖြစ် တည်ရှိနေပြီး မိမိတို့ဒေသတွင်း ပြည့်စုံကြွယ်ဝမှုသည် မိမိတို့ကျေးလက်ဒေသများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်နေပါကြောင်း၊ ဒေသအခြေပြုကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုကာ တီထွင်ဆန်းသစ်ခြင်းဖြင့် ဒေသဆိုင်ရာ ထုတ်လုပ်မှုစွမ်းအား ကို မြှင့်တင်ခြင်း၊ ဒေသခံပြည်သူများ၏ အသိပညာများဖြင့် ဒေသအလိုက်သင့်လျော်သည့် နိုင်ငံရေး၊ စီးပွားရေးဖြေရှင်းချက်များ ဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည် မြှင့်တင် ခြင်းဖြင့် ဒေသခံများ၏ ပိုင်ဆိုင်မှုနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးရေးလုပ်ငန်း များ စတင်သည်မှပြီးစီးသည်အထိ ပါဝင်လာစေရန် ဆောင်ရွက်ခြင်းစသည့် အဓိကအချက် (၃) ချက် ပါဝင်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ဘက်စုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ကိုက်ညီသည့် အားလုံးပူးပေါင်းပါဝင်သောကျေးလက် ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာသည် ကျေးလက် လူထုအား စွမ်းဆောင်ရည်မြင့်တင်ပေးခြင်းဖြင့် တီတွင်ဆန်းသစ်မှုများ ဆောင်ရွက်နိုင်ရန် လမ်းညွှန် ပေးကာ အားလုံးပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသ အသွင်ကူးပြောင်းရေးအတွက် စီးပွားရေး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ပြည်သူ့စွမ်းအား၊ ဒေသခံများ၏ စွမ်းဆောင်ရည်နှင့် အသိပညာ၊ တီထွင်ဆန်းသစ်မှုတို့၏ ပေါင်းစည်းမှုရလဒ်စွမ်းအားကို လက်ကိုင်ပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အစီအစဉ်ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် ဦးဆောင်ခွင့်များကို အလေးထားဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကျေးရွာလူထုအား ၎င်းတို့ကိုယ်တိုင် အရေးပါသော အခြေခံအဆောက် အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဦးစားပေး ရွေးချယ်သတ်မှတ်ရန် နှင့် စီမံခန့်ခွဲနိုင်ရန် အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယင်းနည်းလမ်းသည် အားလုံး ပူးပေါင်းပါဝင်သောအုပ်ချုပ်မှုစနစ်ကို ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အဆင့်တိုင်းတွင် ထည့်သွင်းထားကာ မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများအား ပံ့ပိုးပေးခြင်းနှင့် ဒေသခံများ၏ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာလူထုအား လုပ်ပိုင်ခွင့် အခွင့်အလမ်းပေးခြင်းနည်းလမ်းဖြင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ကနဦး ဆောင် ရွက်ခြင်းမှတဆင့် ဒေသခံအသိပညာ တိုးပွားရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုစီမံကိန်းသည် ဒေသထွက်ရိုးရာအထည်အလိပ်နှင့် ဒေသထွက် အစားအစာထုတ်ကုန်များကို ဈေးကွက်နှင့်ချိတ်ဆက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအဖြစ် မဟာဗျူဟာမြောက်စွာ ပြောင်းလဲပေးပါကြောင်း၊ ဆန်းသစ်တီထွင်မှု၊ ဒေသခံအသိပညာများနှင့် ကျေးရွာလူထုလုပ်ပိုင်ခွင့်များ ပေါင်းစည်းခြင်းသည် အားလုံးပူးပေါင်းပါဝင်သည့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်မှာ သက်သေပင်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပင်မစီမံချက်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါသည့် အခြေခံအုတ်မြစ်ကို ချမှတ်ထားပြီးဖြစ်သော်လည်း လက်ရှိအခြေအနေအရ မိမိတို့၏ ချဲ့ထွင်နိုင်စွမ်းအား၊ သက်ရောက်မှုများအပေါ်အကဲဖြတ်မှုများနှင့်ရလဒ်များအပေါ် အလေးပေးအာရုံ စိုက်ကာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အားလုံးပူးပေါင်းပါဝင်အားထုတ်မှုများအပေါ် မိမိတို့၏ခိုင်မာသော ကတိကဝတ် များကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ခဲ့မှုမရှိစေ ရေး အာဆီယံအသိုက်အဝန်း၏ ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့ အားလုံး စုပေါင်းစိတ်ဓာတ်ဖြင့် ရှေ့ဆက်ချီတက်ကြပါစို့ဟု အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ပြည်ထောင်ဝန်ကြီး၊ ဒုတိယဝန်ကြီးများက အသီးသီးမိန့်ခွန်း ပြောကြားခဲ့ကြသည်။ ထို့နောက် အစည်းအဝေးတက် ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက (၂၂) ကြိမ်မြောက် အာဆီယံ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ တင်ပြသည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များအပေါ် မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးမှာ နေ့လယ်ပိုင်းတွင် အောင်မြင်စွာ ပြီးစီးခဲ့သည်။

ဆက်လက်ပြီးအစည်းအဝေးတက်ရောက်လာကြသည့်ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်း တွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ The Sustainable and Crafts Institute သို့ သွားရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောပစ္စည်းများကို အသုံးပြု၍ ရိုးရာလက်မှုပညာကို ခေတ်မီဆန်းသစ်မှုနှင့် ပေါင်းစပ်ထိန်းသိမ်းထားမှုများ၊ လက်မှုပညာရှင် အသိုင်းအဝန်းများ၏ စီးပွားရေးဆိုင်ရာ ရပ်တည်နိုင်မှုကို မြှင့်တင်ပေးမှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ စေရန် ထိန်းသိမ်းထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြသည်။

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ထိုင်းနိုင်ငံ စံချိန်တော် နေ့လယ် (၃:၄၀) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bangkok Suvarnabhumi လေဆိပ်မှ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံချိန်တော် ညနေ (၄:၃၀) နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023