ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK-2025) အခမ်းအနား တက်ရောက်


Ministry of Transport and Communications/ Naypyitaw / October 29, 2025
image_latest


နေပြည်တော်၊ အောက်တိုဘာ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့်အတူ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ NESCO Exhibition Centerတွင် ကျင်းပပြုလုပ်သည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လိုက်ဘေးရီးယား၊ မော်ရစ်ရှ၊ မြန်မာ၊ နယ်သာလန်၊ နော်ဝေး၊ သီရီလင်္ကာ၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံတို့၏ ဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့်တို့ တက်ရောက်ကြပြီး၊ ပင်လယ်ဆိပ်ကမ်း အခြေခံအဆောက်အအုံမြှင့်တင်ရန်၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်းများအား ခေတ်မီရေးအဆင့်မြှင့်တင်ရန်နှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန် စသည့်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားနိုင်စေရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

နံနက်ပိုင်းတွင် အပျော်စီးခရီးသည်များ၏ စီးပွားရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ ကာဗွန်လျှော့ချရေးကဏ္ဍ၊ အသွင်ပြောင်းအင်ဂျင်ဆိပ်ကမ်းများ တည်ဆောက်ရေးကဏ္ဍ၊ ကုန်ပစ္စည်းများဖြန့်ဝေမှုကွင်းဆက်အား ခိုင်မာအောင်တည်ဆောက်ခြင်းကဏ္ဍ၊ အပြာရောင် စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ ပင်လယ်ရေကြောင်းဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍ၊ အင်ဒို-ပစိဖိတ်ဒေသတစ်လျှောက်ရှိ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ဝန်ကြီးများအဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် ကမ်းရိုးတန်း ကီလိုမီတာ ၂၃၀၀ ကျော်ရှိသည့် တောင်နှင့်အရှေ့တောင်အာရှကို ဆက်သွယ်ထားသော မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေပြီး၊ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများဖြစ်သော ရန်ကုန်၊ သီလဝါနှင့် ကျောက်ဖြူတို့သည် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ချိတ်ဆက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံသည် IMO ၏ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး ရေကြောင်းကျွမ်းကျင်ပညာရှင်များနှင့် သင်္ဘောသားများအတွက် သင်တန်းပေးခြင်းတို့ကိုလည်း ခေတ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနှင့်အိန္ဒိယတို့သည် ပထဝီဝင်အနေအထားအရသာမက ရာစုနှစ်ပေါင်းများစွာကရှိခဲ့သော သမိုင်း၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ဖြင့် ချိတ်ဆက်ထားရှိပြီး ဖြစ်ပါသဖြင့် နှစ်နိုင်ငံ၏ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှု တို့ကိုအခြေခံ၍ ခိုင်မာသော ရေကြောင်းမိတ်ဖက်နိုင်ငံအဖြစ်သို့ ပြောင်းလဲရောက်ရှိလာခဲ့ပြီးဖြစ်ပါ ကြောင်း၊ အိန္ဒိယ-မြန်မာ ကမ်းရိုးတန်းသွား သင်္ဘောများဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက ကုန်သွယ်မှုလမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး၊ ဒေသတွင်းဆက်သွယ်မှု ပိုမိုကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊  BIMSTEC Coastal Shipping Agreement အရ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် အဆင်ပြေသောရေကြောင်း ဆက်သွယ်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ကမ်းရိုးတန်းနိုင်ငံအားလုံးအတွက် ပူးတွဲအပြာရောင်စီးပွားရေးကိုလည်း ထောက်ပံ့ကူညီပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ထောက်ပံ့ရေးကွင်းဆက် ကောင်းမွန်နေစေရေးသည် ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်ဘဲ ကမ်းရိုးတန်းနိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ကိုယ်စီရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ASEAN၊ BIMSTEC စသည့် ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

INDIA MARITIME WEEK - 2025 အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ရေကြောင်းစီးပွားရေးဆိုင်ရာ ရင်းနှီးမြုပ်နှံလိုသူများအပါအဝင် စုစုပေါင်း တစ်သိန်းကျော်ခန့် တက်ရောက်ကြောင်းနှင့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံခန့်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Ministry of Information / Posted on October 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on October 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023