နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင် မင်းကျောင်းဆရာတော်ကြီး မိန့်ကြားတော်မူသော သာရဏီယဩဝါဒကထာ


Ministry of Information/ Naypyitaw / May 23, 2025
image_latest


ဦးစွာပထမစာတော်အောင်မြင် အာဇာနည်အရှင်မြတ်များအတွက် အားတက်ဖွယ်ရာစကား လျှောက်ထားလိုသည်မှာ-

“ဝီရိယာယတ္တော ဧဝ သဗ္ဗော လောကုတ္တရော လောကိယောစ ဝိသေသာဓိဂမော” (မူလပဏ္ဏာသဋီကာ၊ ပ၊ ၃၈၆) ခပ်သိမ်းသော လောကုတ္တရာ တရားများကို မျက်မှောက် ပြုရခြင်းသည်လည်းကောင်း၊ လောက၌ဖြစ်သော ထူးကဲသာလွန်ကောင်းမွန်သော အောင်မြင်မှုမျိုးကို ရရှိခြင်းသည်လည်းကောင်း၊ ဝီရိယတရားနှင့်ဆက်နွှယ်ကြောင်း ရှေးဆရာကောင်းတို့ ငြိမ့်ညောင်းသံသာ ဟောမိန့်မှာသည့် စကားတော်နှင့်အညီ လောကီကိစ္စများ၌ သာမန်အောင်မြင်မှုကို သင့်တင့်လျော်ကန်သော ကြိုးစားမှုဝီရိယဖြင့် ရရှိနိုင်သော်လည်း ထူးကဲမွန်မြတ်သော အောင်မြင်မှုကို ထက်သန်သော လုံ့လဝီရိယဖြင့်သာ ရရှိနိုင်ပါသည်၊ လောကုတ္တရာ တရားထူး တရားမြတ်များကိုကား ထို့ထက်သာလွန်ထက်သန်မြဲမြံသော ဝီရိယဖြင့်သာ မျက်မှောက်ပြုနိုင်မည်ဖြစ်ပါသည်။

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝင်ရောက်ပြန်ဆို ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သာသနာ့အာဇာနည်အရှင်မြတ်တို့သည် လောကုတ္တရာ တရား ကိုးပါးရကြောင်း နည်းလမ်းကောင်းကို ညွှန်းဆိုမိန့်ကြားရာ ပိဋကတ်ကျမ်းစာ အဖြာဖြာတို့ကို ပြန်ဆိုရေးဖြေ အောင်မြင်တော်မူကြရာ၌ သာမန်ပြုလုပ်အားထုတ်ကြိုးစားမှုဖြင့် အောင်မြင်မှုကို ရရှိခဲ့ကြသည်မဟုတ်ပါ၊ နေ့စဉ်ရက်ဆက် မပျက်မကွက်ဘဲ လေ့ကျက်ပုံမှန်အမြဲသင်အံပြန်ဆိုရသည့် ထက်သန်သော လုံ့လဝီရိယနှင့်တကွ ထက်မြက်သောဆန္ဒ၊ တက်ကြွသောစိတ္တ၊ ထူးချွန်သောပညာ ဤလေးဖြာသော ဣဒ္ဓိပါဒ်ပြည့်စုံပြီးစီးမှုအကြောင်းရင်းကို ပေါင်းစပ်ညီညွတ်မှုကြောင့်သာ အောင်မြင်ကြခြင်းဖြစ်ပါသည်။

ဤကဲ့သို့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့၏ အကျိုးဖွံ့ဖြိုးပြည့်စုံမှုကို ရရှိတော်မူကြသည့် အရှင်မြတ်တို့မှာ ဝမ်းသာအားရရှိနေကြမည် ဖြစ်သကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း နှစ်ထောင်းအားရကျေနပ်ဝမ်းမြောက်မှု ဖြစ်မိပါသည်။ အရှင်မြတ်တို့အား လာရောက်ဖူးမြော်ပူဇော်ကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအမှူးပြုသည့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့မှာလည်း ဝမ်းသာကြည်ညို သဒ္ဓါယိုဖိတ်ကုသိုလ်စိတ်များ ဖြစ်ပွားကြမည်ဖြစ်ပါသည်။

တိပိဋကဓရ တိပိဋကကောဝိဒလောင်းလျာ သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား-

ယခုကဲ့သို့ စာအောင်အရှင်မြတ်တို့၏ အောင်မြင်မှုကို ဝမ်းမြောက် ဝမ်းသာကြည်သာရွှင်ပြုံး ကြည်ညိုမဆုံးဖြစ်ကြရသည်မှာ မြတ်စွာဘုရားရှင်သာသနာတော် တည်တံ့ရေးလမ်းကြောင်းပေါ်တွင် အရှင်မြတ်တို့ ရပ်တည်နေခြင်းကို တွေ့မြင်နေရသောကြောင့်ဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဆောင်လျက် နိုင်ငံတော်အစိုးရနှင့်တကွ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် အဘက်ဘက်မှ တတ်စွမ်းသမျှ ကြိုးစားအားထုတ် ထောက်ပံ့လျက်ရှိနေကြသည်ကို အရှင်မြတ်တို့ အသိပင်ဖြစ်ပါသည်။

သာသနာတော်တည်တံ့ရေးအတွက် ပြုကျင့်လုပ်ဆောင်ရမည့် အချက်များမှာလည်း “ရဟန်းများတို့၊ တရားကိုနာ၊ ကျမ်းစာကိုသင်၊ နှုတ်တွင် ကျက်ဆောင်၊ သိအောင်လည်းမှတ်၊ ပဋိပတ်ပါ၊ ဖြည့်ကျင့် ရာသည်၊ သာသနာတည်ဖို့အလုပ်တည်း”ဟူသော အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ၊ ပထမသဒ္ဓမ္မသမ္မောသသုတ်၌လာသည့် ကျင့်ဖွယ်ငါးပါးနှင့်အတူ မိမိကျင့်ကြံသောတရားများကို သူတစ်ပါးတို့ ကျင့်ကြံရအောင် ထပ်ဆင့်ဟောကြားရမည်ဟူသော ဒီဃနိကာယ်၊ မဟာပရိ နိဗ္ဗာနသုတ်၌လာရှိသော ကျင့်ဖွယ်ရာများပင်ဖြစ်ပါသည်။

စာအောင်သာသနာ့အာဇာနည် အရှင်မြတ်တို့သည် သင်ကြားကျက်ဆောင် သိအောင်မှတ်ရုံမျှဖြင့် ရပ်တန့်မနေကြဘဲ ပရိယတ္တိလမ်းကြောင်းမှာရှိသော သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟူသော သုံးရပ်အကျင့်မြတ်တို့ကို မိမိတို့ကိုယ်တိုင် သိရှိပေါက်ရောက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ကြမှ နိဿရဏတ္ထပရိယတ္တိ ဖြစ်ရှိကြကာ သာသနာတော် တည်တံ့ရေးအတွက်လည်းပြည့်စုံသော အကြောင်းအထောက်အပံ့ဖြစ်မည်ကို နှလုံးသွင်းတော်မူကြ၍ မြတ်စွာဘုရားရှင်သာသနာတော်ကြီး အရှည်ခံ့လျက် တည်တံ့အောင်၊ စည်ပင်ထွန်းကား၊ ပြန့်ပွားတိုးတက်အောင် ပြည်တွင်းသာမက ပြည်ပနိုင်ငံများပါမကျန် သာသနာပြုလုပ်ငန်းများကို လုံ့လရှိကာ အားသစ်ကြိုးပမ်း ထမ်းဆောင်တော်မူကြပါရန်လည်း တိုက်တွန်းလိုပါသည်ဘုရား။

တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲသို့ ကြွရောက်တော်မူလာကြသော စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့-

“သာသနံ ပုညဝန္တဿ ပုညဝန္တာဝ လဗ္ဘရေ” ဟူသော ဩဝါဒဒေသနာတော်အရ သာသနာတော်မြတ်ကြီးကို ယခုကဲ့သို့ ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်ခွင့်ရကြသည့် အရှင်မြတ်တို့သည် ရှေးဘုန်းရှေးကံ ပြည့်လျှံ ကြီးမား ဘုန်းသမ္ဘာရှင်များ ဖြစ်ကြသကဲ့သို့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးတို့ဖြင့် ချီးမြှောက်ပူဇော်ခွင့်ရကြသည့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့လည်း ရှေးဘုန်းရှေးကံ ကြီးမားကြသောကြောင့် ချီးမြှောက်ပူဇော်ခွင့်ရကြသည်ဟု နှလုံးသွင်းကာ ခါခါရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါမည်။ ဤသို့ ဆရာဒကာ ညီညွတ်စွာဖြင့် ဝမ်းမြောက်ဝမ်းသာမိမိတို့ဆိုင်ရာ အနုဂ္ဂဟတို့ဖြင့် ချီးမြှောက်ကြလျှင် မြတ်စွာဘုရားရှင် သာသနာတော်သည်လည်း နေရောင်လရောင်ပမာ အရှည်အကြာတည်ကာသန့်ရှင်း ထွန်းလင်းမည်ဖြစ်သောကြောင့်-

သာဂါရာ အနဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ။ (ဣတိဝုတ်၊ ၂၇၀)

သာဂါရာစ၊ အိမ်ရာတည်ထောင် လူ့ဘောင်နေသူ လူဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့သည်လည်းကောင်း။ အနဂါရာစ၊ အိမ်ရာမထောင် ရဟန်းဘောင်နေငြား အရှင်မြတ်များတို့သည် လည်းကောင်း။ ဥဘော၊ ဆရာဒကာ ညီညာပေါင်းရုံး နှစ်ဦးစလုံးတို့သည်။ အညောညနိဿိတာ၊ ကျွန်းကိုကိုင်းမှီ ကိုင်းကျွန်းမှီသို့ အညီ လက်တွဲ အချင်းချင်း အမှီသဟဲ ရကြကုန်သည်ဖြစ်၍။ ယောဂက္ခေမံ၊ ယောဂလေးတန် ကုန်ရာမှန်သော။ အနုတ္တရံ၊ မိမိထက်လွန် မွန်မြတ်သော တရားမရှိသော။ သဒ္ဓမ္မံ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို။ အာရာဓယန္တိ၊ နိဗ္ဗာန်တိုင်ပေါက် ခရီးရောက်အောင် ပြီးမြောက်အောင် စေညွှန်းဖော်ပြလျက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ကိုယ်စားသမ္မောဒနီယ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Union Civil Service Board / Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023