ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝင်ငွေတိုးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / December 04, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး” စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် စီမံကိန်းသင်တန်းဆင်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ် သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူးရေးကိုအခြေခံသည့် စက်မှု ကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး” ဦးတည်ချက်နဲ့အညီ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား ကုန်ထုတ် လုပ်ငန်းများ ပေါ်ပေါက်လာစေပြီး ကျေးလက်နေမိသားစုများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်ဒေသ၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်းများ အထောက်အပံ့ရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍ သွင်းအားစုရရှိရေး တို့ကို နိုင်ငံတော်က ချမှတ်ထားသည့့် မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်နှင့်အညီ အသက်မွေးကျောင်းသင်တန်းများ သင်ကြားပို့ချပေးခြင်း၊ ကုန်ထုတ်လုပ်မှုနည်းပညာ အကူအညီ ပေးခြင်းနှင့် ထွက်ရှိလာတဲ့ ကုန်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများ ပို့ချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်စေရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ကာ ယနေ့ချိန်ထိ ကျေးရွာပေါင်း (၃၄၄) ရွာမှာ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းရှင် ပေါင်း (၁၇၂၀) ဦးကို မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊

          ယနေ့ကျင်းပသည့် သင်တန်းဆင်းလက်မှတ်နှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲတွင် ကိုယ်ပိုင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းသားများက သင်ကြားပေးထားသည့် သင်ခန်းစာ များအပြင် ထပ်မံလေ့လာ၍ ပိုမိုကောင်းမွန်သော အထည်များထုတ်လုပ်နိုင်ရေး၊ ဖက်ရှင်ဒီဇိုင်းပညာ ကို စိတ်ဝင်စားတက်ရောက်လိုပါကလည်း ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှာ တက်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိသားစုဝင်ငွေတိုး စီမံကိန်းများသည် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်နိုင် သဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း၊ ဒေသခံပြည်သူများက လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးမှသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအထိ ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်း ကျေးရွာနှင့် မကျီးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ ပေါစံခေါကျေးရွာနှင့် စက်ရုံကျေးရွာတို့မှ စီမံကိန်း သင်တန်းဆင်းများအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့၊ “လှ”ချည်မျှင်ထုတ်လုပ်ရေးသမဝါယမ အသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၁၆)၌ ကျင်းပပြုလုပ်သော ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်နိုင်ရေး၊ သွင်းအားစုများ ထပ်မံတင်သွင်း နိုင်ရေး ရည်ရွယ်၍ အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဓာတ်မြေဩ ဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထား သတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေဖြင့် ဧပြီလမှဒီဇင်ဘာလအထိ (၉)လအတွက် မြေဩဇာတန်ချိန် ၁၅၂၆၄၅၈ ဒသမ ၀၂ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၂၇၄၉၀ ဒသမ ၅၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ရရှိနိုင်ရေး ထောက်ခံပေးခဲ့ပါကြောင်း၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သေချာစိစစ်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ သွင်းကုန် လိုင်စင်များ ထုတ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင် အထွက်နှုန်း ပြည့်မီရေးအတွက် တောင်သူများလိုအပ်တဲ့ ဓာတ်မြေဩဇာများကို တောင်သူများ လက်ဝယ်အရောက် သီးနှံပေါ်ပေးစနစ်ဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွက် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊  အဆိုပါ ရောင်းချပေးသည့် ကုမ္ပဏီများအတွက် သွင်းကုန်လိုင်စင်ရရှိရေးနှင့် နိုင်ငံခြားငွေရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သွင်းကုန်လိုင်စင်ရရှိပြီး မတင်သွင်းနိုင်သေး သည့် ကုမ္ပဏီများ အမြန်တင်သွင်းရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းအတွင်း အမြန်တင်သွင်းနိုင်ရေး၊ သက်တမ်းကုန်ပါက ပြန်လည်အပ်နှံရေး တို့ကို စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

          ကော်မတီဝင်ဌာနများအနေနဲ့လည်း ဓာတ်မြေဩဇာအရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက်သယ် ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ် တို့အပေါ် ပိုမိုရောင်းချနေမှုရှိ/ မရှိ၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန်နှင့် ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့အတွက် ဆိုင်ရာဌာနများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အောက် တိုဘာလမှ ဒီဇင်ဘာလထိ ထောက်ခံပေးထားသည့် တန်ချိန်များ၊ စက်တင်ဘာလအတွက် သီးနှံ ပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးခဲ့သည့်တန်ချိန်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က ယူရီးယား ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူးရောင်းချနေမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း ဆွေးနွေးကြသည်။

          ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဝိုင်းဝန်းရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement (16/ 2025)

Myanmar National Human Rights Commission / Posted on December 03, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023