ပြည်ထောင်စုဝန်ကြီး ဦးလှမိုး Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆) ဖွင့်ပွဲတက်ရောက် နေပြည်တော်၊ မတ် (၁)


Ministry of Cooperatives and Rural Development/ Naypyitaw / March 01, 2026
image_latest


Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ကျင်းပရာ အခမ်းအနား သို့ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီးများ ၊ ဌာန ဆိုင်ရာများ ၊ မျိုးစေ့ကုမ္ပဏီများ နှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ၊ တောင်သူ လယ်သမားများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် စိုက်ပျိုး မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး နှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တို့က Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆) ကိုဖဲကြိုးဖြတ်၍ မျိုးစေ့ အမျိုးပေါင်း (၂၀)မျိုး၊ မျိုးစေ့ပေါင်း (၅၀,၀၀၀) ပူးတွဲချည်နှောင်ထားသည့် မိုးပျံပူပေါင်းများ လွှတ်တင် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာ၌ တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများ အထွက်တိုးရေးဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေး ဆောင်ရွက်လျက်ရှိရာတွင် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲ သုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက် အချိုးကျ စနစ်တကျသုံးစွဲပြီး မြေဆီလွှာ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း (၄)သွယ် ပြည့်စုံ ကောင်းမွန်ရေးတိုကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သီးနှံများ ပိုမိုထွက်ရှိရေးနှင့် သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက် လယ်မြေများကို နှစ်သီးစိုက်၊ သုံးသီးစိုက် စသော သီးထပ် စိုက်ပျိုးနိုင်ရေး၊ ဒေသအလိုက်၊ ရာသီအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်စေလျက် ရှိပါကြောင်း၊

တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကို လေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကို ယခုကဲ့သို့ နှစ်စဉ်ဆောင်ရွက်ပေးခြင်းသည် အင်မတန် ထိရောက်အကျိုးရှိလှကြောင်း၊

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း(၁၈၆၅၁)သင်းကို ဖွဲစည်း ထားရှိပြီး (၉၃၂၇၉၈)ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေ အပါအဝင် သမဝါယမအသင်းပိုင်ငွေများဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း (၁၆၀၅၈၁၂)ဧကကို စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပံ့ပိုး ပေးနိုင်ခဲ့ပါကြောင်း၊

နေပြည်တော်၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ တိုင်းဒေသကြီး ပြည်နယ်(၁၁)ခု မှ မြို့နယ်(၂၁)မြို့နယ်တွင် မျိုးစေ့ထုတ် သမဝါယမ အသင်း(၃၁)သင်း ကို ဖွဲ့စည်းထားပြီး မျိုးစေ့ထုတ်စိုက်ဧရိယာ(၁၈၃၅)ဧကတွင် သီးနှံမျိုးစေ့များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်းများမှ အသင်းသား တောင်သူ(၁၅၄၉)ဦးကို မျိုးကောင်းမျိုးသန့်များနှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ(ပုလဲ၊ ကွန်ပေါင်း) ပိုးသတ်ဆေး စသည့် စိုက်ပျိုးရေး သွင်းအားစုနှင့်ညီမျှသော ငွေများကို နိုင်ငံတောာ်မှ သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများ အရင်းအနှီး ပိုမို တောင့်တင်းလာစေရေးနှင့် ဈေးကွက်ခိုင်မာရေးအတွက် မျိုးစေ့ထုတ်သမဝါယမအသင်းများက ထွက်ရှိသော မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများအား ရောင်းချပေးခြင်း၊ ထွက်ရှိ လာသည့် သီးနှံများကို သမဝါယမအသင်းအချင်းချင်း ချိတ်ဆက် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက် ထားရှိပါကြောင်း၊ တောင်သူဦးကြီးများအနေဖြင့်လည်း မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲကြရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ကအမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံအနေဖြင့် လယ်ယာထုတ်ကုန်များ အရည်အသွေး မြင့်မားရေး၊ ထုတ်လုပ်မှု စွမ်းအားမြင့်မားရေးတို့ အရေးကြီးသည်နှင့်အမျှ ထွက်ရှိလာသော ထွက်ကုန်များမှ MSME ကဏ္ဍမြှင့်တင်ရေးကို တိုးတက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊

ယနေ့ကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၆ သည် မျိုးစေ့ထုတ်လုပ်မှု၊ မျိုးကောင်း မျိုးသန့် ဖြန့်ဖြူး ပေးမှုနှင့် နည်းပညာအသစ်များဖလှယ်ရာမှာ အရေးပါသည့် ပလက်ဖောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ မျိုးသန့်စင်မှုရှိခြင်း၊ အရည်အသွေးမြင့်မားခြင်းနှင့် ပိုးမွှားရောဂါကင်းစင်ခြင်း တို့သည်    လယ်ယာ ထုတ်ကုန်၏     အရည်အသွေးကို      တိုက်ရိုက် သက်ရောက်မှုရှိခြင်းကြောင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း များအား စနစ်တကျ စီမံခန့်ခွဲခြင်း၊ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်ခြင်းတို့သည် အလွန်အရေးပါသော ကဏ္ဍဖြစ်ကြောင်း၊

နေပြည်တော်တိုင်းအနေဖြင့် စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့် သီးနှံများ အား မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့၊ မျိုးစေ့ထုတ်သမဝါယမအသင်းများနှင့် ပူးပေါင်း၍ နှစ်စဉ်မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးသို့ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊

ယခုကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၆ သည် မျိုးစေ့ ထုတ်လုပ်သူများ၊ သုတေသန ပညာရှင်များနှင့် လယ်သမားများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများကို အသုံးချပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးသူတောင်သူများအပြင် ပါဝင်ပတ်သက်သူအားလုံး အချင်းချင်း အတွေ့အကြုံ ဖလှယ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေး  ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍ နှင့်စပ်လျဉ်း၍ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ၏ မျိုးကောင်းမျိုးသန့် ရရှိ စိုက်ပျိုးထုတ်လုပ်နိုင်ရေးသည် လယ်ယာကဏ္ဍအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် ရောဂါပိုးမွှားဒဏ်ခံ နိုင်မှု၊ ရေငတ်ဒဏ်ခံနိုင်မှု၊ ဆားငံဒဏ်ခံနိုင်မှု၊ အပူချိန်နိမ့်မြင့်ဒဏ်ခံနိုင်မှု၊ ဓာတ်မြေဩဇာအပေါ်တုံ့ပြန်နိုင်မှု၊ အထွက်ပိုမိုရရှိမှုစသော အကျိုးကျေးဇူးများကို ရရှိုနိုင်မည် ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ရရှိသုံးစွဲနိုင်မှ သာ သီးနှံများ အရည်အသွေးရော . အထွက်နှုန်းပါ တိုးတက်လာပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံ သာမက ပိုလျှံသော လယ်ယာထွက်ကုန် များကို နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊

ကွဲပြားခြားနားသော ရာသီဥတု ရေမြေအခြေအနေစုံလင်သည့် မိမိတို့မြန်မာနိုင်ငံတွင် ဒေသ အလိုက် ကောင်းစွာဖြစ်ထွန်းပြီး အရည်အသွေးစံချိန်စံညွှန်းနှင့်ကိုက်ညီသော မျိုးစေ့များ ထုတ်လုပ် နိုင်ရေးသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေပါကြောင်း၊

မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံ လိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသား ကုမ္ပဏီများသာမက နိုင်ငံခြားသားကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုကို ဆောင်ရွက်ခွင့် ပြုထားပြီဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်တွင်းလိုအပ်ချက် အတွက်သာမက ပြည်ပသို့ တင်ပို့နိုင်ရေး အတွက်ကိုပါ ဆောင်ရွက်နိုင်ပြီး အကျိုးအမြတ် ကောင်းစွာရရှိနိုင်သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်၍ နိုင်ငံ့အကျိုး၊ တောင်သူလယ် သမားများ အကျိုးကိုရှေးရှု့ပြီး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများပါ ပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊

မျိုးစေ့ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြေလျော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးနိုင်ပါက မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ပေါ်ထွန်းလာပြီး တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက် နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ သာမက နိုင်ငံတော် အတွက်ပါ များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းလာမည် ဖြစ် ကြောင်း၊ သို့ဖြစ်၍ မျိုးစေ့ကို နိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူးခြင်းထက် ပြည်တွင်း၌ မျိုးစေ့ထုတ် လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်း လုံလောက်မှု ရှိရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်း ပြောကြားလိုပါကြောင်း၊

မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရည် တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး ဒေသအလိုက် အောင်မြင် ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး သွားကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က Seed Fair 2026 ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် Seed Fair 2026 (မျိုးစေ့ပြပွဲ ၂၀၂၆)တွင် ခင်းကျင်းပြသထားသော ပြခန်းများနှင့် စိုက်ပျိုးပြသထားသော သီးနှံ စိုက်ခင်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

တောင်သူလယ်သမား အခွင့်အရေ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ “တောင်သူ လယ်သမားများ သွင်းအားစု(မျိုးစေ့)များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီ စီမံဆောင်ရွက်ရန်” ပြဌာန်းချက်နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ကျင်းပသည့် “မျိုးစေ့ပြပွဲ၂၀၂၆”ကို အဌမအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း၊ “မျိုးစေ့ပြပွဲ ၂၀၂၆” ကို အရည်အသွေး ကောင်းမျိုးကောင်းမျိုးသန့်များ သုံးစွဲမှုမြင့်မားလာစေရေး၊ မျိုးစေ့သုံးစွဲသူများနှင့် မျိုးစေ့ထုတ်လုပ်သူများအကြား ဆက်နွယ်မှုကွန်ယက် ပိုမိုကောင်းမွန် စေရေးနှင့် မျိုးစေ့ကဏ္ဍတွင် Public-Private Partnership (PPP) ပိုမိုကောင်းမွန်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိကြောင်း၊ မြေဧရိယာ(၂၈)ဧကပေါ်၌ လယ်ယာသီးနှံ(၁၀)မျိုး၏ မျိုးပြား(၉၁)မျိုး၊ ဟင်းသီးဟင်းရွက် သီးနှံ(၂၄)မျိုး၏ မျိုးပြား(၅၃)မျိုးတို့အပြင်၊ ပြခန်းများအနေဖြင့် ဌာန(၂)ခုနှင့် ကုမ္ပဏီ(၃၄)ခုတို့  ခင်းကျင်းပြသထားမှာဖြစ်၍ တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူ များ အားလုံး အားရပါးရ လေ့လာနိုင်မှာဖြစ်ပြီး၊ သိရှိလိုသည်များကို စိုက်ကွင်းအလိုက် ပညာရှင် ဝန်ထမ်းများက ဖြေကြားပေးမှာဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ဘက်စုံခြံ အတွင်း အသင်းစုပိုင် မြေပေါ်တွင် ရုရှားနေကြာမျိုးများဖြစ်သည့် MAKHAON KLP (မက်ဟွန်)မျိုး၊ VULKAN( ဗော့ကန်)မျိုး၊ IPPOLIT (အိုင်ပေါ်လစ်)မျိုး (၃)မျိုးအား တစ်မျိုးလျှင် ၅ ဧကနှုန်းဖြင့် စုစုပေါင်း(၁၅)ဧက စိုက်ပျိုး ထားရှိမှု အခြေအနေများအားလည်းကောင်း၊ အသားတိုးကြက် အကောင်ရေ (၄၀၀၀)  မွေးမြူထားရှိမှု အခြေအနေများအးလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်မှသာ သတ်မှတ်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ဒါ့အပြင် နေကြာစတင် စိုက်ပျိုးသည့် နေ့ရက်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းတင် ထားရှိရန် လိုအပ်ကြောင်း၊ မွေးမြူထားသော ကြက်များ တိရစ္ဆာန်ရောဂါများ မကျရောက် စေရေးနှင့် ကြီးထွားမှုနှုန်းများကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကြက်များ တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ် မွေးမြူကြရန်လိုအပ်ပြီး ဈေးကွက်နှင့် ချိတ်ဆက် မွေးမြူကြရန်လည်း လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Ministry of Information / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Video