ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကျင်းပ


Ministry of Information/ Naypyitaw / January 27, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများအလျောက် စည်းကမ်းရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက်ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ်ပေါက်လာစေရေးတို့အတွက် အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့အခြေစိုက်သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာရှင်းလင်းပွဲများကျင်းပ၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်ဖော်ထုတ်၍ ထိရောက်သည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာ တားဆီးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

“နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုအရေးပါလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နိုင်ငံ၏အခြေခံအချက်အလက်များအပေါ်မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအဖြေရှာဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားထားပြီးဖြစ်၍ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါးကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံဖြစ်သည့် နေကြာကိုလည်း ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စားရေးကို အထောက်အကူပြုစေသည့် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငါး၊ ဝက်နှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကို ရရှိနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ အခြေခံပညာအလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအအဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမကက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ၌ အတန်းတင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်သည့်အတွက် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းအားပေးဆောင်ရွက်ပေးကြစေလိုကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အခြေခံပညာရေးဥပဒေနှင့် အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာရေးများမှ သင်ရိုးညွှန်းတမ်းများသည် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးစသည့် ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာကဲ့သို့သော သင်ကြားသင်ယူမှု ဘာသာစကားများကို မဖြစ်မနေ သင်ကြားပေးမှသာ အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေး နိုင်ရန် အထောက်အကူပြုရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူရေးနှင့်ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဆိုပါ သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”ကို လမ်းညွှန်မှာကြားခဲ့သဖြင့် လိုက်နာအကောင်အထည်ဖော်ကြရန်လိုအပ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လုပ်ငန်းစီမံကိန်းများအတွက် ဘဏ္ဍာငွေများကို စနစ်တကျ လျာထားတွက်ချက်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေအလွင့်မရှိအောင် သုံးစွဲကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို ပြည်သူလူထုနှင့်ပူးပေါင်း၍ တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on January 27, 2026

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on January 27, 2026

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023