ရေရှည်အတွက် ခြိုးခြံချွေတာ စက်သုံးဆီအတွက် ပူပန်ရန်မလို


Ministry of Information/ Naypyitaw / March 05, 2026
image_latest


စက်သုံးဆီကိစ္စ စိုးရိမ်ပူပန်ဖွယ်ရာမရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်သူသို့ အသိပေးထုတ်ပြန်လိုက်ပြီဖြစ်သည်။ သို့ရာတွင် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ ဆက်လက်၍ ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကို တွက်ဆ၍ လည်းကောင်း တတ်နိုင်သမျှ ခြိုးခြံချွေတာကြခြင်းဖြင့် လက်ထဲတွင်ရှိနေသည့် စက်သုံးဆီကို ရေရှည်ဆွဲဆန့်၍ အသုံးပြုကြခြင်းက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။

လတ်တလော ကမ္ဘာ့သတင်းများတွင် တွေ့မြင်နေကြရသည့် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခသတင်းမှာ မြန်မြန်ဆန်ဆန် ပြီးငြိမ်းသွားမည့် လက္ခဏာကို မတွေ့ရသေး။ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ဒေသမှာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရေနံ၊ စက်သုံးဆီတို့ အဓိက သယ်ယူပို့ဆောင်နေသည့် ရေလမ်းကြောင်းကြီး တစ်လျှောက်တွင် ဖြစ်နေသည်။ ပုံမှန်မဟုတ်ဘဲ အခက်အခဲ၊ အကျပ်အတည်းကျရောက်သည့် အခြေအနေမျိုးတွင် လိုအပ်သည့်တုံ့ပြန် ဆောင်ရွက်မှုတစ်မျိုးမျိုးကို နိုင်ငံတိုင်းက ကိုယ့်အစီအစဉ်နှင့်ကိုယ် ဆောင်ရွက်ကြမည်သာဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ အသိပေး ကြေညာချက်အရ လစဉ် ‘‘စုံ’’ ရက်များတွင် စုံနံပါတ်အက္ခရာပါသော ( ဥပမာ 2A/......၊ 4A/......စသည်ဖြင့်) ယာဉ်များ၊ ‘‘မ’’ ရက်များတွင် မနံပါတ်အက္ခရာပါသော (ဥပမာ 1A/......၊ 3A/......စသည်ဖြင့်) ယာဉ်များသာ မောင်းနှင်အသုံးပြုကြရန်ဖြစ်ပြီး အဆိုပါကန့်သတ်ချက်မှာ ပုဂ္ဂလိကပိုင်ယာဉ်များအပေါ်တွင်သာ သက်ရောက်မှုရှိမည် ဖြစ်သည်။ EV မော်တော်ယာဉ်၊ EV မော်တော်ဆိုင်ကယ်များ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ တက္ကစီများ၊ စက်သုံးဆီသယ်ယာဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်/ စည်ပင်အမှိုက်သိမ်းယာဉ်များ စသည်တို့မှာ နေ့စဉ်ပုံမှန်အသုံးပြု နိုင်ကြသည်။

ခြိုးခြံချွေတာရေး ဆိုသည့်စကားလုံးမှာ မိသားစုအတွင်း၌ပင်လျှင် လူကြိုက်နည်းသည့် စကားလုံးမျိုး ဖြစ်တတ်သည့်အလျောက် ယခု စက်သုံးဆီခြိုးခြံချွေတာရေးဟုဆိုရာတွင်လည်း တုံ့ပြန်မှုတို့အမျိုးမျိုး ရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ လမ်းမများပေါ်တွင် ကိုယ်ပိုင်ကားအချို့ လျော့နည်းသွားခြင်းမှလွဲလျှင် ကျန်သည့်ကိုယ်ပိုင်ကားများ၊ ဘတ်စ်ကားများ၊ ဖယ်ရီများ၊ တက္ကစီများ၊ ဆီဘောက်ဆာများ၊ ကုန်တင်ယာဉ်များ၊ လူနာတင်ယာဉ်၊ အမှိုက်သိမ်းယာဉ်များ ပုံမှန်အတိုင်း သွားလာနေသည်ကို မြင်တွေ့နေရမည်ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင်ကား ရပ်နားရမည့်နေ့တွင် အိမ်တွင်ရပ်နားထားကြခြင်းဖြင့် မိမိတို့၏ ငွေကြေး/စက်သုံးဆီ ချွေတာရာရောက်စေသည့်အပြင် နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် ရေရှည်တွက်ဆ ဆောင်ရွက်ချက်ကို ဝိုင်းဝန်းကူညီကြရာလည်း ရောက်သည်ဖြစ်ရာ ကြည်ကြည် ဖြူဖြူ ပူးပေါင်းပါဝင်ကူညီကြရန် မေတ္တာရပ်ခံလိုသည်။

ပြည်သူလူထုအတွင်း လှုပ်လှုပ်ရွရွဆိုသည်နှင့် ကောလာဟလတို့က ထွက်ပေါ်မြဲဖြစ်သလို မသမာသူတို့ကလည်းတို့မီးရှို့မီးလုပ်၍ သွေးထိုးလှုံ့ဆော်လေ့ရှိသည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ ယခုစက်သုံးဆီ ခြိုးခြံချွေတာရေး အစီအစဉ်သည် မိမိတို့နိုင်ငံတွင် အရန်စက်သုံးဆီ မရှိ၍မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံရေး အခြေအနေများအရ အနည်းဆုံးအတိုင်းအတာဖြင့် ကန့်သတ်ခြင်းဟု ဆိုနိုင်သည်။ လက်ရှိ မိမိတို့နိုင်ငံတွင် အရန်စက်သုံးဆီ ရက် ၄၀ စာ ရှိနေပြီးဖြစ်ရာ ခြိုးခြံချွေတာခြင်းအားဖြင့် ၄၅ ရက်၊ ရက် ၅၀ စသည်ဖြင့် သုံးစွဲလာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်းရောက် ဆီတင်သင်္ဘောများ၊ လမ်းတွင်လာရောက်နေဆဲ ဆီတင်သင်္ဘောများ၊ ပြည်တွင်းစက်သုံးဆီ မပြတ်လပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည့် အစီအစဉ်များ စသည်တို့ရှိနေရာ ပြည်သူများ စိုးရိမ်ပူပန်မှုရှိဖို့မလိုဟု ထပ်မံတိုက်တွန်းလိုသည်။

စက်သုံးဆီကို နိုင်ငံတိုင်းတွင် သုံးစွဲနေကြရဆဲဖြစ်ရာ ပုံမှန်လမ်းကြောင်း၊ ပုံမှန်နိုင်ငံများ ပိတ်ဆို့မှုဖြစ်ပါက အခြားလမ်းကြောင်း၊ အခြားနိုင်ငံများမှ အစားထိုး ဝင်ရောက်လာမည်သာဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့စျေးကွက်တွင် စက်သုံးဆီပြတ်လပ်သွားခြင်း မရှိနိုင်ဘဲ ဈေးနှုန်းအတက်အကျသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုမဖြစ်ရန်၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ပုံမှန်အတိုင်းဝယ်ယူကြရန်၊ စက်သုံးဆီအရောင်းဆိုင်အားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချရန်၊ မရောင်းသည့်ဆိုင်များရှိပါက သက်ဆိုင်ရာသို့တိုင်ကြားရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on March 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Ministry of Electric Power / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Video