လက်တွဲညီညီ ရင်ဆိုင်ကျော်လွှား အခက်အခဲများနှင့် စိန်ခေါ်မှုများ
လက်တွဲညီညီ ရင်ဆိုင်ကျော်လွှား အခက်အခဲများနှင့် စိန်ခေါ်မှုများ
Ministry of Information/ Naypyitaw / April 11, 2026
ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားခြင်းဖြင့် အစိုးရသစ်၏ အဖွင့်နိဒါန်း စတင်လိုက်ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ပြည်သူတစ်ရပ်လုံးတို့သည်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏မိန့်ခွန်းကို မီဒီယာများမှတစ်ဆင့် တွေ့မြင်ကြားသိကြရပြီးဖြစ်သည်။ ဤမိန့်ခွန်းသည် အစိုးရသစ်၏ ရည်မှန်းချက်၊ မူဝါဒများနှင့် သဘောထားများကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် မိဘပြည်သူများထံ တင်ပြခြင်းလည်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့သစ်အနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့မြှင့်တင်ရေး၊ နိုင်ငံတော်၏ စီးပွားရေး ဦးမော့လာစေရေး၊ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး၊ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် တောင်သူလယ်သမားများဘဝမြှင့်တင်ရေး၊ ပြည်သူတစ်ရပ်လုံး၏ အသက်မွေးဝမ်းကျောင်းမှုကိုမြှင့်တင်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးချနိုင်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက်ရေး၊ တရားရုံးများ ဖြောင့်မတ်မှန်ကန်ရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့ကို ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်း ကိုဗစ် -၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်း၊ မန္တလေးမြေငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်ကြီးများကို တစ်နှစ်ပြီး တစ်နှစ်ဆက်တိုက်ခံစားခဲ့ရသည်။ အဆိုပါနှစ်များအတွင်း အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများကလည်း နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အဖျက်လုပ်ငန်းများ ပြုလုပ်နေခဲ့ကြသည်။ အဆိုပါအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် နိုင်ငံ့လူဦးရေ၏ သုံးပုံ တစ်ပုံခန့်အထိ ရောက်ရှိသွားခဲ့ရာ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှုနှုန်း ပိုမိုမြင့်မားလျက်ရှိသည်။
“ကျွန်တော်တို့ အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေတာကို ကျွန်တော့်အနေနဲ့ ကောင်းစွာသိရှိထားပါတယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ အခက်အခဲတွေအပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူလူထုလက်တွဲညီညီပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟူ၍ နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ရုန်းကန်ကြိုးပမ်းကြရမည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် မိမိတို့အားလုံး စိတ်ဓာတ်ခွန်အားကို အမြင့်ဆုံးထားကြရမည်ဖြစ်သည်။
နိုင်ငံတကာ သမိုင်းအတွေ့အကြုံများအရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ထိရောက်ထက်မြက်သော ခေါင်းဆောင်မှုပေါ်ထွက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ပညာရှင်များကဆိုသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုရော ခေါင်းဆောင်မှုကပါ စိတ်အားထက်သန် ဆန္ဒပြင်းပြရန်လိုအပ်ပြီး မဖြစ်မနေကြိုးစားကြရန်အတွက် ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ် အားမာန်ပြည့်ဝကြဖို့လည်းလိုသည်။ မိမိနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုပါက မိမိတို့အားလုံး အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်ပြီး မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြသည်နှင့်အမျှ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဘက်ဘက်တွင် အလားအလာကောင်းတို့နှင့် ပြည့်စုံလျက်ရှိသော်ငြား မိမိတွင်ရှိနေသည့် အခွင့်အလမ်းကို ဖော်ထုတ်မသုံးနိုင်၍ ဆင်းရဲနွမ်းပါးနေရသည်ဟူသောအမြင်ကို နိုင်ငံတကာသုတေသီများ၊ ပညာရှင်များက မကြာခဏထုတ်ဖော်ရေးသား၊ ထုတ်ဖော်ပြောကြားလေ့ရှိကြသည်။ နိုင်ငံ၏ တည်နေရာ၊ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ သယံဇာတပိုင်ဆိုင်မှုတို့အရ မိမိတို့နိုင်ငံတွင် စိန်ခေါ်မှုများရော အခွင့်အလမ်းများပါရှိနေခြင်းဖြစ်ပြီး လိုအပ်ချက်မှာ တစ်မျိုးသားလုံး စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းအားထုတ် အလုပ်လုပ်နိုင်ကြဖို့ပင်ဖြစ်သည်။
အစိုးရသစ်အနေဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲညီညာစွာပူးပေါင်း၍ နယ်ပယ်စုံမှစိန်ခေါ်မှုဟူသမျှတို့ကို ရင်ဆိုင်ကျော်လွှားရန် သန္နိဋ္ဌာန်ချထားသည်နှင့်အညီ နိုင်ငံသားတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တစ်စိတ်တည်းတစ်ဝမ်းတည်းပူးပေါင်းကာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
