အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / December 30, 2025


     အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုသည် နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာပြောင်းလဲမှု များနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှု အညွှန်းကိန်း (Global Terrorism Index-GTI) အစီရင်ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်သည် သမားရိုးကျ နည်းလမ်းများမှ နည်းပညာမြင့်မားသည့် Hybrid ပုံစံသို့ ကူးပြောင်းလာနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ Non-State Actor များသည် Drone များကို ပိုမိုအသုံးပြုလာကြောင်း၊ မိမိနိုင်ငံတွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် Drone နည်းပညာဖြင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့်အပြင် ဆိုက်ဘာနယ်ပယ်ကို အသုံးပြု၍ ဝါဒဖြန့်ခြင်း၊ ရန်ပုံငွေရှာခြင်းတို့ကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း။

     မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် ရေးဆွဲ၍ ၂၀၁၄ ခုနှစ်၊ ဇွန် ၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့် ၁၉ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၃ ရပ်နှင့် လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။

     ၎င်းအပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများလုံခြုံရေးနှင့် နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေး၊ ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ဖော်ဆောင်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် လက်တွဲဆောင်ရွက်ရေးတို့အတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ရာတွင် ပြည်သူ့လုံခြုံရေးစနစ်သည် အရေးပါသော စနစ်တစ်ခုဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၁)၊ နိုင်ငံတော်၏အခြေခံမူများ၊ အပိုဒ် (၂၀) (ဃ) တွင် “တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။” ဟုလည်းကောင်း၊ အပိုဒ် (၂၁) (ဂ) တွင် “ပြည်သူတို့၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

     အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ကို ဆန့်ကျင်ရှုတ်ချသူများကိုသာမက မထောက်ခံသူများ၊ အေးချမ်းစွာနေထိုင်လိုသူများကိုလည်း ရန်သူအဖြစ်သတ်မှတ်ပြီး လုပ်ကြံစွပ်စွဲ သတ်ဖြတ်ခဲ့ကြပါကြောင်း၊ သို့ဖြစ်၍ ရဟန်းသံဃာများ၊ သီလရှင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးစသည်တို့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် သာမန်ပြည်သူများ ထောင်နှင့်ချီပြီး အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနှင့်ပစ္စည်းများ စုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကြောင်းနှင့် ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း။

     ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်အဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့အပါအဝင် တရားမဝင်လမ်းကြောင်းများမှ ရန်ပုံငွေရှာဖွေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Financial Action Task Force (FATF) ၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်နိုင်ရေးအတွက် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုကို တားဆီးတိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၃၇၃) နှင့် (၂၄၆၂) အပါအဝင် နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

     အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် ကြီးထွားကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်လုပ်ရန် ဓာတုဆေးဝါး မှောင်ခိုတင်သွင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်သိုလှောင်ခြင်း၊ ပြည်တွင်း၌ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာမူးယစ်ရာဇာများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ AA အဖွဲ့ဝင်များ ပါဝင် ပတ်သက်နေသော မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့ပါကြောင်းနှင့် AA ခေါင်းဆောင်ပိုင်းများကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သော အမှု ၉ မှု ပါဝင်ပါကြောင်း၊ ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသော အကျိုးအမြတ်များအနက် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းရာတွင် အသုံးပြုပါကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာလက်နက်မှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်ပြီး လက်နက်ခဲယမ်းနှင့် စိတ်ကြွဆေးပြားလဲလှယ်ခြင်းအပါအဝင် ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်းစသည့် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း ကျူးလွန်နေသည်ကို တွေ့ရှိရပါကြောင်း။

     အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေပါကြောင်း၊ ၂၀၂၅ ခုနှစ်၏ နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်စဉ်များအရ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏စစ်ဆင်ရေးစရိတ်နှင့် လက်နက်ဝယ်ယူရန် ငွေကြေးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ အဓိကရရှိကြခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုမှ ရရှိသောငွေများကို Cryptocurrency အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ခြေရာဖျောက် ခဝါချပြီးနောက် အဆိုပါငွေများအား အကြမ်းဖက်လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြစ်ပါကြောင်း၊ အဆိုပါမှုခင်းများသည် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်နေခြင်းဖြစ်သဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ၏ အဓိကသော့ချက်သည် သတင်းအချက်အလက်မျှဝေခြင်းနှင့် ဥပဒေကြောင်းအရ အပြန်အလှန် အကူအညီပေးခြင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေနှင့်အညီ ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဥပဒေများနှင့်အညီ ဖွဲ့စည်းထားပြီးဖြစ်သော ဗဟိုအဖွဲ့များအနေဖြင့် အပြန်အလှန်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

     အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်သည့် အချက်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ သီးခြား ဆောင်ရွက်ချက်များသည် နယ်စပ်ဒေသ၌ ရပ်တန့်သွားနိုင်သော်လည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အကြမ်းဖက်သမားများအတွက် မည်သည့်နေရာမှ ခိုလှုံရာမရှိစေရန် ဖန်တီးပေးနိုင်ပါကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် သတင်းအချက်အလက်များ မျှဝေခြင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု၏ မူလဇစ်မြစ်ကို ဖြေရှင်းရန် အတူတကွလုပ်ဆောင်ခြင်းတို့ ပါဝင်နေပါကြောင်း၊  မိမိတို့အနေဖြင့် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုများနှင့် စပ်လျဉ်းပြီး INTERPOL ၊ ASEANAPOL တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

     ကုလသမဂ္ဂပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာမဟာဗျူဟာ၊ အာဆီယံအကြမ်းဖက်မှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း၊ ဘင်းမ်စတက်ကွန်ဗင်းရှင်းစသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာမူဘောင်များအပေါ် အခြေခံ၍ “အကြမ်းဖက်မှု၊ အစွန်းရောက်အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒရေးရာလမ်းညွှန်ချက် (မူကြမ်း)” ကို ရေးဆွဲပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒရေးရာလမ်းညွှန်ချက်ကို အခြေခံ၍ အမျိုးသားအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာကို ရေးဆွဲသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဖွဲ့ဝင်များက သဘောထားမှတ်ချက်နှင့် အကြံပြုချက်များအား ဆွေးနွေးပေးပို့ကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများ၊ မှတ်တမ်းတင်ပေးရန်ကိစ္စရပ်များ၊ အတည်ပြုပေးရန်ကိစ္စရပ်များ၊ အမျိုးသားအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိဂုံးချုပ်မှာကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

Ministry of Information / Posted on December 30, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023