နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၂

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့်တက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုင်းတို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် စီမံဆောင်ရွက် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုအခမ်းအနားကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်း၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လယ်ယာစီးပွား မြှင့်တင်ရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင်ဆောင်ရွက်နိုင်ရန် စဉ်းစားဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း။

ယခင်နှစ်များတွင် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးရေးအတွက် အခက်အခဲရှိခဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူစဉ် အစောပိုင်းကာလများ၌ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးအရတိုက်ခိုက်မှုများ များစွာရှိခဲ့ပြီး ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်မှုပျက်ယွင်းကာ နိုင်ငံ စီးပွားရေးပြိုလဲ သွားစေလိုသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့်လည်း နိုင်ငံ့စီးပွားရေးထိခိုက်ခဲ့ရမှု ရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခင်နှစ်များက စီးပွားရေးဆောင်ရွက်နိုင်ရန် အရင်းအနှီးထုတ်ပေးရန်အတွက် အခက်အခဲများ ရှိခဲ့ခြင်းဖြစ်ကြောင်း။

စီးပွားရေးနှင့် နိုင်ငံရေး

နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် ဆက်စပ်လျက်ရှိပြီး စီးပွားရေး ကောင်းမွန်မှသာလျင် နိုင်ငံရေးသည်လည်း တည်ငြိမ်မည်ဖြစ်ကြောင်း၊ စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားခြင်းဟူ၍ ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ်စဉ်တွက်ချက်၍ စီမံကိန်းများ လျာထားချမှတ် ဆောင်ရွက်ရကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်အလိုက် ဘတ်ဂျက်ငွေများကို လျာထားဆောင်ရွက် ကြကြောင်း၊ မိမိတို့ နိုင်ငံ၏ GDP ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ပြောင်းလဲခြင်းနှင့် ထုတ်ကုန်ပစ္စည်း volume တက်လာခြင်းကြောင့်လည်း GDP တိုးပွားလာရခြင်းမျိုး ရှိနိုင်ကြောင်း၊ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်ကိုကြည့်၍ စဉ်းစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအနေဖြင့် ချိန်ထိုးပြီး ဆောင်ရွက်ကြရန်မှာကြားနေခြင်း ဖြစ်ကြောင်း၊ အမှန်တကယ် တိုးတက်မှု ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတွင် supply & demand မျှချေ ရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ကြုံရမည်ဖြစ်ကြောင်း။

စီးပွားရေးတွင် အဓိကကျသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်

ထို့ကြောင့် စီးပွားရေးတွင် ကုန်ထုတ်မှုသည် အဓိကကျသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လျှင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့် (Quick Win)နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေစပါးနှင့် နိုင်ငံ၏ အဓိကပြည်ပပို့ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး စိုက်ပျိုးမည့် တောင်သူများအနေဖြင့်လည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို အခြားနေရာများတွင် ရင်းနှီးသုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှိပါက ဝင်ငွေရမည်ဖြစ်ပြီး ပြည်တွင်းဝယ်လို အားတက်လာမည်ဖြစ်ကာ ပြည်တွင်းရောင်းအား များလည်း တက်လာမည်ဖြစ်သဖြင့် ကောင်းမွန်သည့် လုပ်ငန်းလည်ပတ်မှု တစ်ခုပင်ဖြစ်ကြောင်း။

ယခု ထုတ်ပေးသည့် ရန်ပုံငွေများသည် နိုင်ငံတော်မှ ရင်းနှီးငွေပေးအပ်ထားခြင်း ဖြစ်ပြီး နောင်လာမည့် ရာသီတွင်လည်း ပြန်လည်ရရှိလာမည့် ၎င်းငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရင်းနှီးဆောင်ရွက်ရာတွင် ရောင်းကုန်ပစ္စည်းများ ဖြစ်စေရေး စဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၎င်းမှတဆင့် ပြည်ပသို့ တင်ပို့ရောင်းချ၍ နိုင်ငံခြားငွေ ပြန်ရှာရမည်ဖြစ်ပြီး ရရှိလာသည့် ငွေကြေးများကို နိုင်ငံခြားငွေအသုံးပြု၍ တင်သွင်းရသည့် စိုက်ပျိုးရေးသွင်းအားစု သွင်းကုန်များနှင့် အခြားလိုအပ်သည့် သွင်းကုန်များကို တင်သွင်းရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ယင်းနှင့် ဆက်စပ်၍ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်အစရှိသည့် SME လုပ်ငန်းများကိုလည်း လုပ်ငန်းလည်ပတ်မှုကောင်းမွန် အောင်မြင်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသုံးနှင့်အဖြုန်းကို စိစစ် ဆောင်ရွက်ကြစေလိုပြီး မလိုလားအပ်သည့် လေလွင့်မှုများ မဖြစ်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး

ထို့ပြင် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာ၌ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေး၊ တည်းခိုရေး၊ ဧည့်ခံရေး၊ ကျွေးမွေးရေး အပါအဝင် အခြားဆက်နွယ်သည့် စီးပွားရေးများစွာရှိသဖြင့် စနစ်ကျနမှုရှိသည့် ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် မိမိတို့ ဒေသအတွင်းရှိ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး၊ လုံခြုံချောမွေ့စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ခြင်းဖြင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ကောင်းမွန်လာပြီး ဒေသ၏စီးပွားရေး သည်လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံ့စီးပွားရေးမြှင့်တင်မှု ရန်ပုံငွေပေးအပ် ခြင်းမှ ဆက်စပ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများစွာရှိသဖြင့် ယခုရန်ပုံငွေကို အကျိုးရှိရှိ အသုံးချ စေလိုကြောင်း။

ပြည်တွင်း အထည်လုပ်ငန်း

အလားတူ ပြည်တွင်း အထည်လုပ်ငန်းကိုလည်း အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဝါစိုက်ပျိုးမှုပမာဏသည် လုံလောက်မှုရှိသည် ဖြစ်သော်လည်း ဝါကို ပြည်ပပို့ပြီး ပြည်ပမှ ချည်ထည်များ တင်သွင်းမှု များစွာရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌ အထည်လုပ်ငန်း၊ အထည်ရက် စက်မှုလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် စက်ကိရိယာများ၊ ကုန်ကြမ်းများ အဆင့်မြှင့်တင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပမှ တင်သွင်းနေရ မှုများတွင် အစားထိုးနိုင်ရမည် ဖြစ်ကြောင်း။

ယနေ့ပြုလုပ်သည့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုကဏ္ဍတွင် စိုက်ပျိုးရေးကို အဓိကထား အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေ များကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက် ရှိသည့် ဒေသများအနေဖြင့်လည်း သီးခြားအစီအစဉ်ဖြင့် လိုအပ်ပါက တင်ပြနိုင်ကြောင်း၊ အချို့လုပ်ငန်းများသည် မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ပြီး ဒေသတွင်း၌ ၎င်းငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် မတည်ပေးခြင်းပင် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေကို ပေးအပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ဝန်ကြီးချုပ်များ၊ နာဂ၊ ဓနု၊ ပအိုဝ့်၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ ဥက္ကဋ္ဌများက အသီးသီး လက်ခံရယူကြသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ပုံငွေ ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ ရန်ပုံငွေ လွှဲအပ်မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီ ယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့သို့ ပြည်နယ်တစ်ခုလျင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီး တစ်ခုလျင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျင် ၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ်ဘီလီယံ ၃၃၀ ဖြစ်ကြောင်း သတင်း ရရှိသည်။

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023