နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၂)သို့ တက်ရောက်အမှာစကား ပြောကြား


Ministry of Information/ Naypyitaw / September 27, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆွေနွေးဆောင်ရွက်နိုင်ခဲ့မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ကမ်းလှမ်းဖိတ်ကြားခဲ့မှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ခဲ့မှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရုရှားနိုင်ငံအတွက် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်မှု၊ နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရုရှားနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့မှုများနှင့် ရလဒ်ကောင်းများရရှိခဲ့မှု အခြေအနေများ၊ ရုရှားနိုင်ငံအတွင်း နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှု၊ ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခဲ့မှု အခြေအနေများ၊ ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်နိုင်ခဲ့မှု၊ ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များပူးပေါင်း ဆောင်ရွက်မှုတွင် ရုရှားနိုင်ငံအနေဖြင့် သဘောထား မှန်ကန်စွာဖြင့် ယုံကြည်မှုရှိရှိ မိတ်ဆွေကောင်းပီသစွာဆောင်ရွက်ပေးမှု၊ ရထားပို့ဆောင်ရေး စနစ်များကို လေ့လာခဲ့မှုနှင့် ရုရှားနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေ

နိုင်ငံစီးပွားရေးမြှင့်တင်ရေးအတွက် ယခုနှစ်စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းများကို ယခင်ကထက်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ နွေစပါးနှင့် ပဲတီစိမ်းသည် အချိန်ကာလတစ်ခုအတွင်း အကျိုးအမြတ် ပြန်လည်ရရှိနိုင်သည့် Quick Win ဖြစ်သည့်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုး စသည်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမည့်မြေနှင့် လုပ်အားကိုသာ စိုက်ထုတ်ရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကို စက်ယန္တရားများ အသုံးပြု မောင်းနှင်နိုင်သည့် ဧကကွက်များအဖြစ် ပြုပြင်ရန်လိုအပ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း။

ပဲတီစိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်သည့် ပဲအမျိုးအစား ဖြစ်သဖြင့် တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမှုကိုလည်း စနစ်တကျဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ လာမည့်နှစ်များတွင် စိုက်ဧကများ တိုးမြှင့်၍ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုးမှုများတွင် ထောက်ပံ့ပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှ ရရှိလာသည့် အကျိုးအမြတ်များကို တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပြီး ယခင်နှစ်များက နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် စိုက်ပျိုးရေးချေးငွေများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရေး လုပ်ငန်းများအတွက် လာမည့်စိုက်ပျိုးရေး ရာသီတွင် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် ကယားပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးထားကြောင်း၊ မြစိမ်းရောင် စီမံကိန်းများသည် လက်တွေ့တွင် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “SME ကိုလည်း ကျွန်တော် ပြီးခဲ့တဲ့ တစ်နေ့ကပဲ SME တွေ အကုန်လုံးခေါ်တွေ့ပြီးတော့ ကော်မတီအစည်းအဝေးလုပ်ပြီးတော့ SME တိုးတက်ရေးအတွက် ဆောင်ရွက်နေတာရှိပါတယ်။ SME တွေဟာ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးမှာ SME အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်းကျော် ပါနေပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုလုပ်တဲ့ အခါမှာလည်း ဒီ SME လုပ်ငန်းတွေသည် ကုန်ကြမ်းကိုအခြေခံတဲ့ SME တွေ ဖြစ်ရမယ်။ အဲ့ဒီကုန်ကြမ်းသည် ဒေသတွင်းမှာ ထွက်တဲ့ကုန်ကြမ်းတွေပဲ ဖြစ်ရမယ်။ တိုင်းပြည်တွင်းမှာ ထွက်ရမယ်၊ ဒေသတွင်းမှာ ထွက်ရမယ်။ ကုန်ကြမ်းမရှိရင် ဘာမှလုပ်လို့မရဘူး။ စီးပွားရေးလုပ်ငန်းမှာ ကုန်ကြမ်းမရှိရင် လုပ်လို့မရဘူး။ ဝယ်၊ ရောင်း လုပ်ရင်တောင်မှ အဲ့ဒီကုန်ကြမ်းကို အခြေခံပြီး ထွက်လာတဲ့ ကုန်ချောကို ဝယ်၊ ရောင်း လုပ်လို့ရတယ်။ ဒီအတွက်ကြောင့် ကုန်ကြမ်းက အရေးကြီးတယ်။ ကုန်ကြမ်းက၊ ကျွန်တော်တာဝန်ယူတဲ့ အချိန်မှာ ပြည်နယ်နဲ့တိုင်း အားလုံးကို စက်မှုဇုန်တွေ အကုန်လုံး လုပ်ရမယ်ပြောထားတာ ရှိပါတယ်။ အဲဒီအထဲမှာ အကြွေးကျန်တာ ချင်းပြည်နယ် တစ်ခုကျန်တယ်။ ချင်းပြည်နယ်မှာ စက်မှုဇုန် မရှိဘူး။ စက်မှုရပ်ကွက်လည်း မရှိဘူး၊ စက်မှုဇုန်လည်း မရှိဘူး။ ဒါကြောင့် ချင်းပြည်နယ်ကို ကျွန်တော်က ကော်ဖီရယ်၊ ဝ ဥရယ်၊ နောက်တစ်ခါ နွားနောက်ရယ် ဒီသုံးခုကို အခြေခံပြီးတော့ စက်မှုလုပ်ငန်းလုပ်ဖို့အတွက် မှာခဲ့တာရှိပါတယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အကုန်လုံး ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ ခုနကပြောတဲ့ ချင်းပြည်နယ်အတွက် ပေးတဲ့ရန်ပုံငွေထဲကနေပြီးတော့မှ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီတော့ SME တွေကလည်း စောစောကပြောတဲ့ လုပ်ငန်းတွေမှာ၊ နိုင်ငံတော်အပိုင်းကနေပြီးတော့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ကျဆင်းမှုတွေနဲ့ စီးပွားရေးမြှင့်တင်ဖို့ လုပ်တဲ့အခါမှာတော့ အတိုးအနည်းဆုံးပေါ့၊ အတိုးအနည်းဆုံးနဲ့ ယူမှာဖြစ်တယ်။ SME လုပ်ငန်းကတော့ ပြည်နယ်နဲ့တိုင်း အားလုံးမှာ မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်ဒေသမှာကိုယ် စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်မယ်ဆိုရင်တော့ တခြားဒေသကိုသွားပြီးတော့ အလုပ်သွားလုပ်နေတဲ့ ပမာဏတွေ လျှော့ချလိုက်ရမယ်။ လုံးဝမရှိအောင်တော့ လုပ်လို့မရပါဘူး။ လျှော့ချနိုင်ရမယ်၊ ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာရမယ်။ ကိုယ့်နိုင်ငံရဲ့ ကိုယ့်ဒေသ။ ပြောရလို့ရှိရင် ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းပေါ့လေ၊ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုရင် ဒေသတွေရဲ့ ဘက်ဂျက်တွေ သူဟာနဲ့သူ တက်လာလိမ့်မယ်၊ ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ဘက်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘက်ဂျက်နဲ့သူ လည်ပတ်လို့ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ၊ ရှင်းရှင်းပြောရရင်တော့ မတည်ပေးလိုက်တာပါပဲ။ စောစောက ငွေတွေပေးတယ်ဆိုတာလည်း မတည်ပေးလိုက်တာ။ ၁ဝ ဘီလီယံစီ ထောက်ပံ့ပေးတယ်။ ၈ ဘီလီယံစီ ထောက်ပံ့ပေးတယ်။ ၅ ဘီလီယံစီပေးတယ်။ သူတို့ကို ဒါတွေ လိုအပ်တာသုံးဖို့ ဖက်ဒရယ်အခွင့်အရေးတွေ ပေးလိုက်တာ ဖြစ်တယ်။

အဲ့ဒီအထဲကနေ ပြီးတော့ အခုထပ်ပြီးတော့ SME တွေ အားပေးတာလည်း ဒေသအလိုက် ဒေသအလိုက်မှာ လုပ်ငန်းတွေပေါ်လာပြီး အစိုးရတွေက ဒါတော့ လုပ်ရင်ဖြစ်တယ်ဆိုတာ ပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ ဟန်ပြ။ တီဗီထဲ ပါနေဖို့ သတင်းထဲပါနေဖို့ မဟုတ်ဘူး။ တစ်ကယ်တော့ တိုင်းပြည်၊ ဒေသကို တိုးတက်အောင် လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရသည်လည်း တိုင်းပြည်တိုးတက်အောင် လုပ်ရမယ်။ ဒေသအစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်။ ဒါက လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ။ လက်တွေ့ကျတဲ့ နိုင်ငံရေး၊ နိုင်ငံရေး လုပ်စားတာ မဟုတ်ဘူး။ တစ်ကယ့် နိုင်ငံ့အရေးကို လုပ်စားတာ။ နိုင်ငံ့အရေး လုပ်နိုင်ဖို့အတွက် မတည်ငွေတွေ ကျွန်တော်တို့ ပေးလိုက်တာ။ လုပ်ပါစေ။ သူစွမ်းဆောင်ရည် ရှိသမျှ လုပ်ပါစေ။ သူစွမ်းဆောင်ရည်ကောင်းလို့ရှိရင် သူစီးပွားတက်လာလိမ့်မယ်။ စီးပွားတက်ပြီဆိုလို့ရှိရင် သူတို့ဒေသမှာ ဝင်ငွေကောင်းလာလိမ့်မယ်။ ဝင်ငွေကောင်းလာလို့ ရှိရင် ပြည်နယ်နဲ့တိုင်း အစိုးရတွေမှာ ဘက်ဂျက်တွေ ချောင်ချောင်လည်လည် ဖြစ်လာလိမ့်မယ်။ ဗဟိုကနေပေးရတဲ့ ပိုက်ဆံက။ တတ်နိုင်သလောက်။ အတိုင်းအတာ တစ်ခုထိတော့ရှိမှာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် သူတို့ဖာသာသူ ပြန်လုပ်ခြင်းအားဖြင့် သူတို့ရဲ့ ရန်ပုံငွေနဲ့ လုပ်ခြင်းအားဖြင့် သူတို့ဆီမှာ တိုးတက်မှုတွေ အများကြီး ပြနိုင်မှာဖြစ်ပါတယ်။ ဒါကို ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ အကုန်လုံးကိုမှာလိုက်တယ်။ ခင်ဗျားတို့ ဒါကိုလုပ်ပြပါ။ စီးပွားရေး လုပ်ပြပါ။ ကျွန်တော် မတည်ငွေတွေ ပေးလိုက်တယ်။ ဒီလိုပြောခဲ့ပါတယ်။ SME လုပ်ရတဲ့ ရည်ရွယ်ချက်ပါပဲ။ အရင်တုန်းကတော့ SME ပဲ ခေါ်တာပေါ့။ နောက်ပိုင်းကျတော့ MSME လို့ ခေါ်တယ် အသေးစား ၊ အငယ်စား၊ အလတ်စားပေါ့၊။ Micro ရယ် Small ရယ် Medium ရယ် ဖြစ်ပါတယ်။ MSME လို့ ကျွန်တော်တို့ ခေါ်ပါတယ်။ အဲ့ဒါမျိုး ကျွန်တော်တို့ လုပ်နေကြောင်းလည်း ကောင်စီဝင်များကိုလည်း ကျွန်တော်အသိပေးလိုပါတယ်။”

ခရီးသွားကဏ္ဍသည် စီးပွားရေးလုပ်ငန်းတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုများကြောင့် ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းကြောင့် လည်ပတ်သုံးစွဲငွေများ တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုရှိစေရေး နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ပြည်ပ ခရီးသွားလာမှုများ မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးအရ များစွာတိုးတက် ပြောင်းလဲလာမည်ဖြစ်ကြောင်း။

နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွင်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု များရှိရန်လိုကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှုများ ပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများ အပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်၍ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေးကဏ္ဍနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ပါတီများဘက်မှ အဆိုပြုချက်များလည်းရှိကြောင်း၊ အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေမှုများရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး နောင်လာမည့်လွှတ်တော် သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို ပေါင်းစပ်၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်စေမည် ဖြစ်ကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများ ထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားကြောင်း၊ ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများ ရှိလာမည်ဆိုပါက လက်တွေ့ကျသည့် တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် အခြားနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြု၍မရကြောင်း၊ ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏

တောင်းဆိုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နှစ်ဖက်ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်များကို ညှိနှိုင်း၍သဘောတူညီချက် ရရှိမည်ဆိုပါက ပြင်ဆင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်၍ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့် သိက္ခာကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း၊ အားလုံးမှ တိုင်းရင်သားစည်းလုံး ညီညွတ်မှုကို အားလုံးတညီတညွတ်တည်း ရှိခဲ့သည်ကို ပြသခဲ့သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်၊ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ်အခွင့်အရေးများကို ပြည်နယ်နှင့်တိုင်းများအားလုံး တစ်ပြေးညီရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကြိုတင် သဘောတူညီချက်များရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။

Newspaper - 2734 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download