တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြခြင်းဖြင့် မိမိကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာနဲ့ တခြားသူတွေရဲ့ တရားမျှတမှုတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြခြင်းဖြင့် မိမိကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာနဲ့ တခြားသူတွေရဲ့ တရားမျှတမှုတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်
Ministry of Information/ Naypyitaw / April 28, 2025
ဒေါက်တာ ခင်သီတာ
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများမီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပ စစ်ဆေး မည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြရမည့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်၍ Revision Class ပုံစံဖြင့် အနီးကပ်သင်ကြားပို့ချပေးမည့် အစီအစဉ်များ၊ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် အစီအစဉ်များ၊ စခန်းများသို့ မလာရောက်နိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် Online Class များဖြင့် သင်ကြားပေးမည့် အစီအစဉ်များ၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များနှင့် ကျောင်းသား ကျောင်းသူများအားလုံး တရားမျှတစွာဖြင့် စိတ်အေးချမ်းစွာ စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းဖော်ပြလိုက်ပါသည် -
ဒေါက်တာ ခင်သီတာ
(ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
Grade – 12 စာမေးပွဲဖြေဆိုဖို့အတွက် နိုင်ငံတော်က ရက်သတ်မှတ်ပေးထားပြီး လုံလောက်တဲ့ ပြင်ဆင်ချိန်ရရှိစေဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ လေ့ကျင့်သင်ကြားရေးစခန်းတွေ ဖွင့်လှစ် ပြီး သင်ကြားရေးဆရာ ဆရာမတွေနဲ့ revision သင်ကြားခြင်းတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လေ့ကျင့် သင်ကြားရေးစခန်းတွေမှာ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေက ဘာသာရပ် တွေကို Short to the point သင်ကြားပို့ချ ပေးမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေကတော့ လေ့ကျင့်သင်ကြားလမ်းညွှန်ပေးမှာဖြစ်ပါတယ်။
စာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေကို လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ Camp သဘောမျိုးထားပြီး Revision Class တွေနဲ့ အနီးကပ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးသောက်ရေ၊ သုံးရေ၊ ချိုးရေကအစ နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဝတ်ဆင်ဖို့ အဝတ်အစားတွေပါ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး လာရောက် သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ လေ့ကျင့်သင်ကြားပေးတဲ့ ဆရာ ဆရာမတွေ အတွက်လည်း စားသောက်နေထိုင်ရေးကအစ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ သင်ကြားသင်ယူသူ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ အုပ်ချုပ်မှုကိစ္စရပ် တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေချိန်မှာ စနစ်တကျဖြစ်စေရေးနဲ့ သမာသမတ်ရှိဖို့အတွက်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မသင်ကြားနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် Online ကနေ လေ့လာသင်ယူဖို့ စီစဉ်ပေးထားပါတယ်။ ဥပမာအနေနဲ့ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရတဲ့ ကလေးတစ်ယောက်ကို Online ကနေ သင်ခန်းစာတွေကို လေ့လာ နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ မိဘများအနေနဲ့ ငွေကြေးအခက်အခဲကြောင့်ပြန်ပြီး စာမေးပွဲဖြေဆိုဖို့ မဖြစ်နိုင်ဘူး ဆိုတာမျိုး မရှိရလေအောင် စာစစ်ဌာနအလိုက် Camp လေ့ကျင့်သင်ကြားရေးစခန်းတွေ ပြုလုပ်ပေးပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Education Channel ကနေလည်း ပြန်လည်လေ့လာဖို့ သင်ခန်းစာတွေ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး အခကြေးငွေ(လုံးဝ) ပေးစရာမလိုဘဲ အွန်လိုင်းက တစ်ဆင့်တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ပုဂ္ဂလိကကျောင်းတွေရဲ့ Youtube Channel, Telegram မှာ ဖြန့်ဝေထားတဲ့ ပညာဒါနအတန်းတွေမှာလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ စာမေးပွဲဟာလည်း ဖြေဆိုထားတာ မကြာသေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေအနေနဲ့ သင်ခန်းစာတွေကို ပြန်လည်ဖြေဆိုနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရည်မှန်းချက်ကြီးမားပြီး ဂုဏ်ထူးမှန်းထားတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ စာမေးပွဲပြန်ဖြေဖို့ စိတ်အားထက်သန်လျက်ရှိနေကြတာကို တွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲပြန်လည်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေကို Text Book ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံကအစ သင်ကြားမှု အထောက်အကူပစ္စည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးသင်ခန်းစာနဲ့ သက်ဆိုင်တဲ့ အထောက်အကူပြုသင်ခန်းစာ စာရွက်စာတမ်းတွေ လိုအပ်လို့ရှိရင်လည်း ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ပြန်လည်စစ်ဆေးခြင်းဟာ တရားမျှတစေဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုပြီး အောင်မြင်မှုရရှိခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရရှိစေပြီးတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အခြားသူတွေအတွက် မျှတမှုကို လုပ်ဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။
ဧပြီလ ၂၈ ရက်နေ့ကစတင်ပြီး မေလ ၂ရက်နေ့အထိ လေ့ကျင့်သင်ကြား ရေးစခန်းတွေမှာ ကျောင်းသား ကျောင်းသူတွေကို လက်ခံသင်ကြားပေး တော့မှာပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လုံလောက်တဲ့ပြင်ဆင်ချိန်ကို ရက်ပေါင်း ၅၀ ပေးထားပါတယ်။ ဒီရက်ပေါင်း ၅၀ အချိန်ပေးထားခြင်းဟာ အခြားဒေသက ကလေးတွေနဲ့အတူတူ အောင်စာရင်းတွေ ကို တစ်ပြေးညီထုတ်ပြန်မှာ ဖြစ်တဲ့အတွက် ကြောင့်ရယ်၊ တက္ကသိုလ်တွေကို အတူတူ တက်ရောက်စေချင်လို့ ဒီအချိန်အပိုင်းအခြားကို သတ်မှတ်ပေးထားတာဖြစ်ပါ တယ်။ စာမေးပွဲပြန်လည်ဖြေဆိုမယ့်ကလေးတွေကို လိုအပ်ချက်မရှိအောင် စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။ မိဘတွေက ယုံယုံကြည်ကြည်နဲ့ မိမိတို့ သား၊ သမီးတွေကို Camp တွေဆီ လွှတ်ပေးပြီး သင်ကြားပို့ချပေးမယ့် ဆရာ ဆရာမတွေနဲ့ တစ်သွေးတည်း တစ်သား တည်းနေထိုင်ကာ ပြန်လည်ဖြေဆိုကြမယ်ဆိုရင် အောင်မြင်မှုတွေ မလွဲမသွေရရှိလာမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်ကာလမှာ စိတ်ဖိစီးမှုတွေနဲ့ စာမေးပွဲပြန်မဖြေချင် ဘူးဆိုတာလည်း ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမယ့် ဘေးအန္တရာယ်နဲ့ ကြုံတွေ့လာရတဲ့ အချိန်မှာ အခက်အခဲမျိုးစုံကို ကျွန်မတို့တွေ ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။
ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုယ့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်၊ မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်ပေးနိုင်မယ့် ဒီစာမေးပွဲကို ပြန်လည်ဖြေဆိုကြပါလို့ တိုက်တွန်း လိုပါတယ်။ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံးစုစည်းညီညွတ်စွာ ဘက်ပေါင်းစုံက ပံ့ပိုးကူညီမှုတွေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ပျော်ပျော်ရွှင်ရွှင် ပြန်လည်ဖြေဆိုကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
ဒေါက်တာ ချောချောစိန်
(ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန)
အခုဆိုရင် မန္တလေးငလျင်ကြီးကြောင့် Grade -12 စာမေးပွဲပြန်လည်ဖြေဆိုရမှာ ကိုလည်း ဝန်ကြီးဌာနကနေ ကြေညာထားပြီး ဖြစ်ပါတယ်။ အခုလိုစာမေးပွဲတွေ ပြန်လည်စစ်ဆေးရတဲ့ ရည်ရွယ်ချက်ကတော့ မျှတမှုဖြစ်စေဖို့၊ ဂုဏ်သိက္ခာရှိဖို့နဲ့ Academic Career ကို အထောက်အကူပြု ဖို့ပဲဖြစ်ပါတယ်။ ပထမတစ်ချက်ဖြစ်တဲ့ မျှတမှုဖြစ်စေဖို့ဆိုတာက ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး မှာ ဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ အရည်အချင်းတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ စာမေးပွဲအောင်ဖို့အတွက်ကို သိပ်ပြီးအခွင့်အလမ်း မရှိတဲ့သူတွေလည်းရှိမယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးလိုပဲ မန္တလေးတိုင်းဒေသကြီးမှာ လည်း မဖြေဆိုနိုင်တဲ့သူတွေလည်းရှိမယ်။ မန္တလေးတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူတွေကို အအောင်ပေးလိုက်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူတွေအတွက် တရားမျှတမှုမရှိသလို ဖြစ်သွားပါမယ်။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ကြိုးစားအားထုတ်ပြီးတော့ One to Ten ထဲမှာ ဝင်ချင်တဲ့သူတွေလည်း ရှိတယ်။ သူတို့ကိုလည်း ဒီလိုပဲရိုးရိုးအောင်သွားမယ်ဆိုရင် အဆင်ပြေပါ့မလားဆိုတာ လည်းရှိပါတယ်။ ဒါကြောင့် တရားမျှတမှုရှိစေဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ဂုဏ်သိက္ခာရှိဖို့ဆိုတာက မန္တလေးငလျင်ကြောင့် အကုန် အအောင်ပေးလိုက်တယ်ဆိုပါစို့။ ဒါဆို အကုန်အအောင်ပေးလိုက်တဲ့ခေတ်မှာ အောင်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေဆိုပြီး တချို့ကပြောလာကြမှာ ဖြစ်ပါတယ်။ ဒီလိုအပြောခံနိုင်ပါ့မလားဆိုတာလည်း စဉ်းစားကြရပါတယ်။ ဘာပဲပြောပြော ကျောင်းသား ကျောင်းသူတွေအားလုံးဟာ ကိုယ့်ရဲ့ မာန်မာနလေးတွေ၊ ကြိုးစားအားထုတ်မှုလေးတွေကို တော့ ပြချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်သိက္ခာရှိဖို့အတွက် စာမေးပွဲကို ပြန်လည်ကျင်းပတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ Academic Career ဆိုတာကလည်း အရေးကြီးပါတယ်။ Grade -12 ဆိုတာက ကျန်တဲ့အတန်းတွေနဲ့မတူပါဘူး။ Grade-12 ဆိုတာက တက္ကသိုလ်ရဲ့ ဝင်ခွင့်အောင်လက်မှတ်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းတက္ကသိုလ် တင်သာမက နိုင်ငံတကာတက္ကသိုလ်တွေ ကို သွားမယ်ဆိုရင်လည်း Grade -12 က GCE O Levelနဲ့တူညီပါတယ်။ နိုင်ငံတကာ ရဲ့ဝင်ခွင့်တွေကို လျှောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့Performance တွေကို ပြဖို့လိုအပ် ပါတယ်။ အားလုံးကို စာမေးပွဲမဖြေခိုင်း တော့ဘူးဆိုရင် သူတို့ရဲ့ Grading ကို ဘယ်လို သတ်မှတ်မလဲ။ Validity နဲ့ Recognition ကို ဘယ်လိုအသိအမှတ်ပြု ရမလဲဆိုတာတွေလည်း ရှိနေတဲ့အတွက် စာမေးပွဲကို ပြန်လည်ကျင်းပပေးတာဖြစ် ပါတယ်။
တခြားနိုင်ငံမှာလည်း ဒီလိုဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ခုနှစ်မှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ Johart ကျောင်းမီးလောင်မှုဖြစ်ခဲ့ပါတယ်။ ဒီလိုမီးလောင်မှုဖြစ်စဉ်ကြောင့် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲပြန်လည် ဖြေကြားခဲ့ရမှုရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကတော့ ဖြစ်စဉ်တွေ မတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေ ပါစေသက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ တာဝန်ရှိတဲ့သူတွေ အားလုံးအနေနဲ့ ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုနိုင်အောင် အကောင်းဆုံးစီစဉ်ဆောင်ရွက်ကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကလေးတွေ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့်အခါမှာ ပညာရေးဝန်ကြီးဌာနရော နိုင်ငံတော်ကပါ ကလေးတွေအတွက် အစစအရာရာပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။ ကလေးတွေအားလုံးအနေနဲ့ စာမေးပွဲကို ပြန်လည်ဖြေဆိုကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီငလျင်ဒဏ်ဟာ ဘယ်လိုမှ မမျှော်လင့်တဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်စိန်ခေါ်မှုမှသည် အခွင့်အလမ်းတစ်ခုကို ရအောင်သွားလို့ရပါ တယ်။ ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာကို အားလုံးပြသနိုင်တဲ့ အခွင့်အလမ်း တစ်ခုရှိတယ်။ နောက်ပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အားလုံးကို သက်သေပြနိုင်မယ်။ နောက်ဆုံးအနေနဲ့ မိမိရဲ့အနာဂတ်အိပ်မက်ကို သူများထက်နှစ်ဆ ကြိုးစား နိုင်တယ်ဆိုတာကို မြန်မာနိုင်ငံမှာတင်မက ကမ္ဘာကိုပါပြသနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူအားလုံး စာမေးပွဲပြန်လည်ဖြေဆိုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဦးအောင်ထိုက်
(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန)
ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူတွေရဲ့ ဖြေဆိုနိုင်မှုရမှတ်အပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ကို စိစစ်ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါမှာလည်း တိကျမှန်ကန်ပြီး တရားမျှတမှုရှိဖို့လည်း အရေးကြီးပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်နဲ့ အမှတ်စာရင်းတွေက နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်တွေ၊ အလုပ်တွေ လျှောက်ထားတဲ့အခါမှာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ်ဝင်အောင်လက်မှတ်တွေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပရတဲ့ နိုင်ငံတော်အဆင့် စာမေးပွဲတွေကို တရားမျှတပြီးတော့ စနစ်တကျအောင်မြင် စွာဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၁ ခုနှစ်က စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
အခုပြန်လည်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူ ၆၃၀၀၀ ကျော်ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ပြီး စာစစ်ဌာန ၂၀၀ နီးပါး စီစဉ်ထား ပါတယ်။ အရင်မတ်လက ဖြေဆိုခဲ့တဲ့ စာမေးပွဲအောင်စာရင်းနဲ့ အခုပြန်လည်ဖြေဆိုရမယ့် စာမေးပွဲအောင်စာရင်းကို တစ်ပြိုင်တည်း တစ်ချိန်တည်းကြေညာဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တရားမျှတပြီး တိကျမှန်ကန်စွာနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ပြီး ပညာရေးကို မြှင့်တင်ဖို့ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ အဲဒီရည်မှန်းချက်တွေနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ အရည်အသွေးနဲ့ အသိအမှတ်ပြုခံရမှုအပေါ် တိကျခိုင်မာမှုရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။
တွေ့ဆုံမေးမြန်း- အောင်ရဲသွင်၊
ကျော်စွာဝင်း၊ ဓာတ်ပုံ - ဖိုးပြည့်စုံ
Newspaper - 3498 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
