ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / October 30, 2025
နေပြည်တော် အောက်တိုဘာ ၂၉
ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နော်ယုဇနဝါ က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ၊ သဘောထားနှင့်လုပ်ငန်းစဉ်များကို ဟောပြောထုတ်လွှင့်ခွင့်ပြုပေးသော နိုင်ငံတော်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် မြန်မာပြည်တစ်ဝန်းလုံး၌ မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူ အားလုံးတို့ကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေရန်နှင့် ကပ်ဘေးအပေါင်းမှ ကင်းဝေးကြပါစေဟု ဦးစွာ နှုတ်ခွန်းဆက်သဆုမွန်ကောင်း တောင်းအပ်ပါသည်။
ကျွန်ုပ်တို့နေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ရှေးအစဉ်အဆက်က ကိုလိုနီနယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်တို့၏ ကျူးကျော်အုပ်စိုးလွှမ်းမိုးမှုကြောင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းများကို နိုင်ငံသူနိုင်ငံသားများ လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။ ထိုစဉ်က တိုင်းရင်းသား အားလုံးတို့သည် စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသက်ပေါင်း များစွာ စတေးခဲ့ကြရပြီး အေဒီ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ (၄)ရက် နေ့ ရောက်ရှိမှသာ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကြီး ဖြစ်လာကာ ကမ္ဘာ့အလယ်တွင် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြသည်။
လောကကမ္ဘာ၌ လူအချင်းချင်း ကိုယ်ချင်းစာတရားကို အခြေခံပြီးဘက်လိုက်ခြင်း၊ ညှဉ်းဆဲခြင်း၊ အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကျူးကျော်ရန်စခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမရှိပါက ပဋိပက္ခဟူသည့် တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ပြု ခြင်း၊ တိုက်ခိုက်ခြင်း ဖြစ်ပေါ်လာရန်အကြောင်းမရှိပေ။ ပဋိပက္ခများကြောင့်သာ လောကလူသားများ လူမှုအခွင့်အရေးဆိုင်ရာ ခံစားခွင့်များ လက်လွှတ်ဆုံးရှုံး ခဲ့ကြရပေသည်။
ကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် လူသားများနှင့်ဆိုင်သော လူမှုအခွင့်အရေးများကို အလေးထားမည်။ မထီမဲ့မြင်မပြုရ၊ လူသားတို့၏ အကျင့်သိက္ခာကိုတန်ဖိုးထားလေးစားလိုက်နာမည်။ ရက်စက်ကြမ်းကြုတ်ခြင်း မပြု၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာမည်။ လွတ်လပ်စွာပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးမြူခွင့်ရှိရမည်။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းကင်းရမည်။ တိုင်းရင်းသား ပြည်သူများ လိုလားတောင့်တနေသော စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ပေါက် လာစေရန် ကောင်းမွန်သောစိတ်ဆန္ဒဖြင့် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက် သွားမည်ဟု တရားမျှတသော ယှဉ်ပြိုင်မှုဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်နယ်သူ ပြည်နယ်သားများအား အသိပေး ကြွေးကြော်ကြေညာပါသည်။
ကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် တိုင်းရင်းသားလူမျိုးများ အချင်းချင်း ညီညွတ်ရေးနှင့် ပြည်ထောင်စုကြီး ညီညွတ်ရေးသဘောတရားတို့ကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်ကြီး၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ဖြစ်ထွန်းတည်တံ့ စေရန် အလို့ငှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါသည်။ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အစအလယ်အဆုံး (၃) ပါးလုံး၌ တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်စေလိုပါသည်။ နိုင်ငံသားတိုင်း၏ အခွင့်အရေးကို အာမခံနိုင်ရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ် လွှတ်တော်အသီးသီးတို့တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားပြုခွင့်ကို မဲဆန္ဒရှင်ပြည်သူ ပြည်သားများအား အသိပေးခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့ပါတီသည်
(က) ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးမူဝါဒ
(ခ) အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးမူဝါဒနှင့်
(ဂ) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒ စသည်တို့ဖြင့် ဦးတည်ချက် ချမှတ်တည်ထောင်ထား သောပါတီကြီးဖြစ်သည်။ ဤမျှသည်မကဘဲ အကြမ်းမဖက်သော၊ အကြမ်းဖက်အုပ်ချုပ်မှုမရှိသော နိုင်ငံရေးမူဝါဒကို ကျင့်သုံး ဆောက်တည်သည့် ပါတီကြီးဖြစ်ပါသည်။
ကျွန်ုပ်တို့ပါတီသည် မညှဉ်းဆဲခြင်း(အဟိံသ)၊ အမှန်ကိုသာ ပြောဆိုခြင်း (အသစ္စဘာသန)၊ မခိုးဝှက်ခြင်း (အထေယျ)၊ မြတ်သောအကျင့် ကျင့်ခြင်း (ဗြဟ္မစရိယ)၊ မိမိအတွက် မသိမ်းပိုက်ခြင်း(အပရိဂ္ဂဟ) တည်းဟူသော လူသားတို့၏ ကျင့်ဝတ်(၅)ဖြာကိုလည်း လေးစားလိုက်နာသောပါတီကြီးဖြစ်သည်။ ကိုယ်ကျင့်သိက္ခာကို အဓိကထားပြီး မြင့်မြတ်တန်ဖိုးရှိသော လူမှုဘဝတည်ထောင်ရေးအတွက် လမ်းညွှန်ပြသောပါတီကြီးဖြစ်သည်။ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ အများပြည်သူအတွက် အနစ်နာခံနိုင် သူများ အဖြစ် စုပေါင်း၍ ကြိုးစားအားထုတ် ဆောင်ရွက်မည့်ပါတီဖြစ်ပါသည်။
ကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၏ အခြေခံမူဝါဒများမှာ အောက်တွင် ဖော်ပြပါအတိုင်း ဖြစ်ပါသည်။
(၁) ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့နှင့် ထုံးတမ်းအစဉ်အလာ တို့ကို ထိန်းသိမ်းစောင့်ရှောက်မည်။
(၂) လွတ်လပ်မှုနှင့်သက်ဆိုင်သော အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် အမျိုးသားအခွင့်အရေးများကို ကရင်အမျိုးသား အသိုင်းအဝိုင်းအတွင်း၌သာမကဘဲ မိမိနှင့်သက်ဆိုင်သော လူ့ဘောင်အသိုင်းအဝိုင်း တစ်ရပ်လုံး ရရှိခံစား နိုင်အောင် သက်ဝင်လှုပ်ရှား ကြိုးပမ်းဆောင်ရွက်မည်။
(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ထောင်ရာတွင် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှုရှိရေး၊ သာတူ ညီမျှမှုရှိရေး၊ မှန်ကန်မှုနှင့် တရားမျှတမှုရှိရေး၊ ငြိမ်းချမ်းမှု ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်မည်။
(၄) ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ပြီး ငြိမ်းချမ်းသာယာဝ ပြောသောဘဝကို ဖန်တီးနိုင်ရန် ကြီးနိုင်ငယ်ညှဉ်းမူဝါဒကို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်မည်။
(၅) ကရင်တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် လူမှုဘဝသာယာဝပြောရေး အတွက် မည်သူ့ကိုမျှ မထိခိုက်စေဘဲ တရားဥပဒေနှင့်အညီ ကြိုးပမ်း ဆောင်ရွက်မည်။
(၆) ကရင်တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် မူဝါဒ များ၊ ပြုမူဆောင်ရွက် ချက်များကို တရားဥပဒေနှင့်အညီ အစွမ်းကုန် ခုခံ ကာကွယ်ဆောင်ရွက်မည်။
(၇) ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာများ စသည် တို့ကို ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာအောင် အားထုတ်ဆောင်ရွက်မည်။
ယနေ့ခေတ်ကာလ၌ လူသားအဖွဲ့အစည်းအသီးသီးတွင် ကိုယ်ပိုင်အမြင် ရှိကြသည်။ ကိုယ်ပိုင်ခံယူချက် လည်းရှိကြသည်။ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် ခံယူချက်ဖြင့် အရာခပ်သိမ်းကိုရှုမြင်သုံးသပ်တတ်ကြပေ သည်။ ထိုသို့ရှုမြင် သုံးသပ်ခြင်းသည် မွေးရာပါလူ့အခွင့်အရေးပင်ဖြစ်သည်။
ယနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူမှုအဖွဲ့အစည်းတိုင်းကို ကြည့်မည် ဆိုပါက အသိပညာခေါင်းပါးမှု၊ လောဘ, ဒေါသကြီးမားမှု၊ သဘာဝဘေး၊ ရောဂါထူပြောမှုများကြောင့် ကမ္ဘာ့လူသားများ ပင်ပန်းခက်ခဲစွာ လုပ်ကိုင် စားသောက်နေထိုင်ကြရပေသည်။ ထိုသို့ဖြစ်ရသည်မှာ မမှန်ကန်သော နိုင်ငံရေးဝါဒ၊ မမှန်ကန် သော ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့်ဖြစ်ရသည်ဆိုပါက ငြင်းဆန်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် လည်းလူမှုအဖွဲ့အစည်းများ၌ ပဋိပက္ခနှင့်ပြဿနာများ ထူပြောလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လူမှု အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲလာကာ ကျူးကျော်မှု၊ ရန်ပြုမှုများကြောင့် လူမှုရေး အဆောက်အအုံကြီး တစ်ခုလုံးအတွက် စိုးရိမ်ကြောင့်ကြစရာကြီး ဖြစ်လာပါသည်။
ထိုသို့မဖြစ်ရလေအောင် ကျွန်ုပ်တို့ပါတီကြီးက ပြည်ထောင်စုဖွား တိုင်းရင်း သားများနှင့်အတူ ကရင်အမျိုး သားတို့၏ တန်းတူညီမျှရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အခြေခံပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရည်မှန်းချက်ကြီးစွာထားရှိ သော ပါတီကြီးဖြစ်ပါသည်။
(၁) လူသားတို့၏ အခွင့်အရေး(သက်ရှိမှန်သမျှ)ကို လေးစားမည်။
(၂) အကြမ်းမဖက်ခြင်းတရား(အဟိံသ)၊ မှန်ကန်မှုတရား(truth)၊ တရားမျှတ ခြင်း (Justice) တို့ကို လေးစားလိုက်နာမည်။
(၃) တရားမျှတသော မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်ခြင်းမူနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးမူများကို လိုက်နာမည်။
(၄) မတရားမှုဟူသမျှကို ပြည်သူနှင့်အတူ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန့်ကျင်တိုက်ဖျက်မည်။
(၅) မြန်မာအမျိုးသားများ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရိုးရာယဉ်ကျေး မှုဓလေ့ထုံးတမ်း အစဉ်အလာများကို မပျောက်မပျက်အောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းကို အားပေးကူညီမည်။
(၆) လူသားတိုင်း စိုးရိမ်ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင် မှန်ကန်မှု၊ အကြမ်း မဖက်မှု၊ တရားမျှတမှုများ ထွန်းကားလာအောင် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်။
(၇) မိမိတိုင်းပြည်အပေါ် မတရားကိုင်တွယ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ခြယ်လှယ်ခြင်း၊ အခွင့်အာဏာသုံးခြင်း၊ ဖိနှိပ်ခြင်းများ ပြုလာသူဟူသမျှ ကင်းဝေးစေရန် ပြည်သူများနှင့်အတူ အကြမ်းမ ဖက်သော နည်းလမ်းဖြင့် အောင်မြင်မှုရသည်တိုင်အောင် ပူးပေါင်းဆောင်ရွက်မည်။
(၈) ကြီးနိုင်ငယ်ညှဉ်းမပြုခြင်းကို လိုက်နာပြီး လူသားမဆန်သော ခွဲခြား ဆက်ဆံမှု၊ ဘက်လိုက်မှု၊ လူမှုပစ်ပယ်မှုများကို ရှောင်ရှားမည်။
(၉) အရာခပ်သိမ်းကို လေးစားမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုဖြင့် ဆက်ဆံမည်။
(၁၀) မိမိတို့၏ အတွင်းစိတ်ရောင့်ရဲမှုကို ကြံ့ခိုင်အောင်တည်ဆောက်ပြီး ဆင်ခြင် ခြင်း၊ သုံးသပ်ခြင်း၊ စူးစမ်းခြင်း၊ တွေးခေါ်ခြင်း၊ စွန့်စားခြင်းများကို (အသိ၊ ပညာ၊ သတ္တိ) သုံးမျိုးကို အသုံးချ၍ လူမှုဆင်း ရဲခြင်းမှ ကင်းဝေးအောင် ဆောင်ရွက်မည်။
(၁၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားများနှင့်အတူ ငြိမ်းချမ်းသာယာ ဝပြောရေး၊ စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲအောင် အားထုတ်ဖော်ဆောင်မည်။
(၁၂) အမျိုးသားအကျိုးစီးပွားကိုလည်းကောင်း၊ လူမျိုးကိုလည်းကောင်း ဖျက်ဆီးတိုက်ဖျက်ဝါးမြိုမည့် နိုင်ငံ ရေးမူဝါဒ၊ အန္တရာယ်ပေးမည့် အယူအဆနှင့် မှားယွင်းသော လုပ်ရပ်များကို ဥပဒေနှင့်အညီ ခုခံကာကွယ် ဆောင်ရွက်မည်။
(၁၃) တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာများကို ခေတ်နှင့် အညီ တိုးတက်ဖွံ့ ဖြိုးလာအောင် အားထုတ်မည်။
(၁၄) ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများအကျိုးကို ဦးစားပေးကာ အမုန်း မစွက်အကြမ်းမဖက် ဘက်လိုက်မှုကင်းသော နိုင်ငံရေးမူဝါဒကို လက်ကိုင်ထားလျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်ကြီးကို တိုင်းရင်းသားညီနောင်များနှင့် အတူတကွ ပူးပေါင်းတည် ဆောက်မည်ဟူသော နိုင်ငံရေးမူဝါဒများထားရှိလျက် သဘောထားကြီးစွာဖြင့် ကြိုးစား အားထုတ် ဆောင်ရွက်ပါမည်ဟု မိမိတို့၏ ပါတီသဘောထားအား ပန်ကြား အသိပေးအပ်ပါသည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် ရည်ရွယ်ချက်သဘောထားများ ကို အခြေခံပြီးအောက်ပါလုပ်ငန်း စဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။
(၁) ကရင်လူမျိုးတို့၏ အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ပေါ်ပေါက်လာမည့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဖော်ဆောင်မည်။
(၂) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားများသာမက အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ဖော်ဆောင်မည်။
(၃) ကရင်အမျိုးသားတို့၏ အရေးကိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်။
(၄) ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားများနှင့် အနယ်နယ်အရပ်ရပ် ရှိ ကရင်အမျိုးသား များအားလုံးအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ကရင်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေမည်။
(၅) ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကူညီစောင့်ရှောက်မည်။
(၆) အမုန်းမစွက်၊ အကြမ်းမဖက်သော နိုင်ငံရေးမူဝါဒကို လက်ခံထားပြီး တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေးအတွက် ရည်ရွယ်ကာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်မည်။
(၇) စစ်မှန်သောထာဝရငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မည်ဟု လုပ်ငန်းစဉ်များ ချမှတ်ထားပါသည်။
မေတ္တာအာသီသ
ကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ရှိ ပြည်နယ် သူ ပြည်နယ်သားများနှင့်အတူ ဖြစ်တည်ပေါ်ပေါက်လာသော ပါတီကြီးတစ်ခု ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်သူပြည်နယ်သားတို့၏ လူမှုအကျိုးစီးပွား ကိစ္စရပ်များသာမက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုပါ ပြည်နယ်သူပြည်နယ် သားများနှင့်အတူ ဒုက္ခသုခများကို အတူတကွမျှဝေခံစား တွေ့ကြုံသိမြင်နေ ရသော ပါတီဖြစ်သည်။ သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်း၊ ပဋိပက္ခအခြေအနေများကို ကျော်လွှားနိုင် ရန်အတွက် မဲဆန္ဒရှင် ပြည်နယ်သူ ပြည်နယ်သားတို့၏ ငြိမ်းချမ်းသောစိတ်ဆန္ဒဖြင့် အားပေးထောက်ခံ မှုများကို ကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ အထူးလိုလားလျက်ရှိပါသည်။
ယခုလာမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၏ လွှတ်တော်(၃)ရပ်လုံး၌ ကျွန်ုပ်တို့၏ ပါတီသည် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ (သို့မဟုတ်) ဖြစ်သောကြောင့် မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ တန်ဖိုးထားသော ဆန္ဒမဲများကို ရွေးကောက်ပွဲတွင် အတူ တကွပူးပေါင်းပါဝင်ပေးနိုင်ကြပါရန် မေတ္တာအာသီသဖြင့် ဆန္ဒပြုအသိပေးအပ်ပါသည်။
လောက၌ မည်သည့်အကျိုးအာနိသင်များ၌မဆို လွတ်လပ်စွာခံစားခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့်ဟူသော အခွင့်အရေးအတွက် မည်သည့်ဥပဒေမျှဖြင့် မဆန့်ကျင်ဘဲ (က)လွတ်လပ်ခြင်း၊ (ခ)ညီညွတ်ခြင်း၊ (ဂ)တရားမျှတခြင်းဟူသော အမျိုးသားရေးအနှစ်သာရ(၃)ပါးကို နှလုံးသွင်းလျက် လောကပါလတရား ပြည့်စုံထွန်းကားစေရန် အကျွန်ုပ်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက တာဝန်ယူဆောင်ရွက်ပေးပါမည်ဟုအလေးအနက် ကတိပြုပါသည်။ ရဟန်း ရှင်လူပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ ကပ်ဘေးအပေါင်းမှ ကင်းစင်လွတ်မြောက်နိုင်ကြပါစေဟု ဆုတောင်းပေးလျက် နိဂုံးချုပ်အပ်ပါသတည်း။
အှ်ဆံင်းလာဆာ်။
အိဉ်ဆူဉ်လကီ။
Newspaper - 3333 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
