မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ
Ministry of Information/ Naypyitaw / November 04, 2025
နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်း ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲပြိုင်ပွဲကို ယနေ့တွင် ဒုတိယနေ့ အဖြစ် သတ်မှတ်နေရာများအလိုက် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပလျက်ရှိရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးလာပြည်သူများဖြင့်အထူးစည်ကားလျက်ရှိသည်။
ယနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ဘုရားမုခ်ဦးအပြင် ကားရပ်နား ဝင်းနေရာများ၌ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများများပြားလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်အထွက် လမ်းကြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးကြပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း မီးထွန်းပွဲတော်ကြီးသို့ ပါဝင်ဆင်နွှဲရန်ရောက်ရှိလာကြသည့် ရဟန်းသံဃာတော်များ၊ ဘုရားဖူးပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူများက ဘုရားမုခ်ဦးများရှေ့တွင် လုခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးကြသည်။
လမ်းညွှန်ပြသပေး
ထိုသို့ ဘုရားဖူးလာကြသူများ အနက်မှသံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များ၊ ဝှီးချဲလ်များဖြင့် စနစ်တကျပို့ဆောင်ပေးကြကာပွဲတော် အတွင်းကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့်နေရာများ၊ မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲကျင်းပမည့် နေရာများ၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်မည့် နေရာ၊ ဈေးပွဲတော်နေရာများနှင့် ဖျော်ဖြေရေး အစီအစဉ်နေရာများကိုလည်း အလွယ်တကူသွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများက လမ်းညွှန်ပြသပေးကြသည်။
ဆီမီးကပ်လှူဖူးမြော်
ထို့နောက် တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီး၉၀၀၀ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့်ဝတ်အသင်းအဖွဲ့ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မေတ္တာပို့သခြင်းတို့တွင် ကုသိုလ်ယူ ပါဝင်ဆင်နွှဲကြရာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တရားဓမ္မအသံများဖြင့် ထုံမွှမ်းလျက်ရှိသည်။
တတိယ အကြိမ်မြောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓ ဥယျာဉ်ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်က “တော်ဝင်ရွှေပြည်”၊ ကချင်ပြည်နယ်က “မနောမြေ”၊ ကယားပြည်နယ်က “ကန္ဒရဝတီ”၊ ကရင်ပြည်နယ်က “ဇွဲကပင်”၊ ချင်းပြည်နယ်က “တောင်ဇလပ်”၊ စစ်ကိုင်းတိုင်း ဒေသကြီးက “ရွှေဇေယျာ”၊ တနင်္သာရီ တိုင်းဒေသကြီးက “ရွှေဝယ်သီရိ”၊ ပဲခူးတိုင်းဒေသကြီးက “ ရှင်စောပု”၊ မကွေးတိုင်းဒေသကြီးက “တော်ဝင်ရတနာ”၊ မန္တလေးတိုင်းဒေသကြီးက “အမရ ရွှေပြည်”၊ မွန်ပြည်နယ်က “ရာမည”၊ ရခိုင်ပြည်နယ်က “လေးရပ်ဝတီ”၊ ရန်ကုန်တိုင်း ဒေသကြီးက “တော်ဝင်ဒဂုံ”၊ ရှမ်း ပြည်နယ်က “သုဇာတာ” နှင့် ဧရာဝတီ တိုင်းဒေသကြီးက “ရွှေပြည်ဧရာ” စသည့် ရက်ကန်းစင် ၁၅ စင်ဖြင့် သတ်မှတ်နေရာ အသီးသီးတွင် မြိုင်မြိုင်ဆိုင်ဆိုင် စတင်ယှဉ်ပြိုင်နေကြသည်ကိုလည်း တွေ့မြင်ရသည်၊၊
အဆိုပါပြိုင်ပွဲဖွင့်ပွဲ မစတင်မီနှင့် စတင်ချိန်တွင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ဖော်ဝေး၊ ဖိုးသောကြာ၊ J Fire၊ ဆုထက်လှိုင်၊ ရဲထိုက်တို့က တေးသီချင်းများဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာန၊ မြဝတီရုပ်မြင်သံကြား၊ ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး၊ ရန်ကုန်) တို့မှ ဝန်ထမ်းများနှင့် အနုပညာရှင်များကတန်ဆောင်တိုင်ပွဲတော်ကိုဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းများ ဖြင့်တွဲဖက်၍ ယိမ်းအကအလှများဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ဘုရားဖူးလာပြည်သူများပါဝင်ဆင်နွှဲကြသည်၊၊
ထို့ပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှပြိုင်ပွဲဝင်အသင်းများက မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင် ပူဇော်မည့်နေရာအသီးသီး၌လည်း ဘုရားဖူးလာပြည်သူများက ကြိုတင်စောင့်ဆိုင်းရောက်ရှိနေကြပြီး မီးပုံးပျံအောင်မြင်စွာလွှတ်တင်နိုင်ရေးအတွက်တာဝန်ရှိသူများ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှု လေ့လာကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက မြတ်စွာဘုရားရှင်အား မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင် ဆောင်ရွက်နေချိန်နှင့် လွှတ်တင်ပူဇော်ချိန်တွင် သက်ဆိုင်ရာပြိုင်ပွဲဝင်အသင်းမှ တိုင်းရင်းသားရိုးရာ အကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများ၊ ယိမ်းအကအလှများနှင့်တွဲဖက်၍ တေးသီချင်းများဖြင့် ကြည်နူးပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ ဘုရားဖူးလာ ပြည်သူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်၊၊
ယနေ့ညတွင် ဝန်ကြီးဌာန အလိုက် မီးပုံးပျံလွှတ်တင်ယှဉ် ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက “ရင်းနှီး/ မြှုပ်နှံ ပြည့်အားမာန်”၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက “ဒီပပူဇာ”၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက “ခရီး သွားရောင်စဉ်”၊ နိုင်ငံခြားရေးဝန်ကြီးဌာနက “သားကောင်းတမန် ပြည့်အားမာန်”၊ ကျန်းမာရေးဝန်ကြီးဌာနက “အာရောဂျံ”၊ ပညာရေးဝန်ကြီးဌာနက“သုခမိန်”နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက “ပြည့်ဂုဏ်ဆောင်”စသည့် မီးပုံးပျံအမည်တို့ဖြင့် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြသည်။
အလားတူ ညမီးကြီးမီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက “သာယာရွှေပြည်”၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက “ပြည်လုံး ချမ်းသာ”၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက “တိုးတက်မောင်”၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်”၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက “ပန်းခင်းဝေဖြာ ပြည်သာယာ”၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက “သီးနှံပန်းတိုင် ပြည့်မဏ္ဍိုင် မွေးမြူစိုက်ပျိုးရိက္ခာတိုး” နှင့် စက်မှုဝန်ကြီးဌာနက “စက်မှု အားမာန်” စသည့်မီးပုံးပျံအမည် များဖြင့် အောင်မြင်စွာလွှတ်တင်နိုင်မှုနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း သတ်မှတ်နေရာများ၌ မီးပုံးပျံငယ်များကို ပြိုင်တူလွှတ်တင်ခဲ့ကြသည်၊၊
ပြိုင်ပွဲအသင်းများက ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက်၊ အလှညမီးကြီးများ၊ စိန်နားပန် မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာလွှတ်တင်ပူဇော်ချိန်တွင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မိုးယံထက်၌ ရောင်စုံအလှ မီးရှူးမီးပန်းများ ယှက်ဖြာလင်းလက်ပြီး ရောင်စုံလွှမ်း၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရောင်စုံမီးအလင်း တန်းများဖြင့် ညွတ်တွားပူဇော်နေကြသည့်မြင်ကွင်းမှာ နေပြည်တော်တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး ဘုရားဖူးလာ ပြည်သူများ၏ စိတ်တွင်လည်း ကြည်နူးပီတိဖြစ်စွာ တွေ့မြင်ခံစား ရသည်၊၊
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများ၊ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိ တိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများတွင် မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်၊၊
တန်ဆောင်တိုင် မီးထွန်းပွဲတော်လာပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့် အပြင်ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကအရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေး နိုင်ရန်အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းများဖွင့်လှစ် ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။
ကုသိုလ်ယူပါဝင်နိုင်
အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်ကို နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ် သည့်အပြင် နံနက်ပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားမသိုးရွှေကြာသင်္ကန်းကို တတိယအကြိမ်မြောက်အဖြစ်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားများကျင်းပသွားမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူ များအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွာတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင် လပြည့်ည၏ရသကို အပြည့်အဝခံစားရင်း ကုသိုလ်ယူပါဝင်နိုင်ကြောင်းသိရသည်၊၊
ဟိန်းမင်းကျော်
ဓာတ်ပုံ - ဖိုးပြည့်စုံ၊ သီဟ
		Newspaper - 3338 items
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
				
            
                            
                                