ကရင်ပြည်နယ်အတွင်း ဆီဖူလုံမှုပြည့်မီစေရေး ဆီထွက်သီးနှံများကို အရှိန်အဟုန်မြင့်တိုးချဲ့စိုက်ပျိုးသွားမည်

ကရင်ပြည်နယ်အတွင်း ဆီဖူလုံမှုပြည့်မီစေရေး ဆီထွက်သီးနှံများကို အရှိန်အဟုန်မြင့်တိုးချဲ့စိုက်ပျိုးသွားမည်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 24, 2022


ဘားအံ  -   စက်တင်ဘာ  (၂၄)

       ကရင်ပြည်နယ်အတွင်း ဆီးဖူလုံမှုရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၁၀၀ ရာခိုင်နှုန်းပြည့်မီကျော်လွန် ဖူလုံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

      အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုး ဖြစ်ထွန်းနိုင်သောမြေနှင့် ဆီထွက်သီးနှံအမျိုးအစားများရှိပြီး အခြားစိန်ခေါ်မှုများဖြစ်သော အရင်းအနှီး၊ လုပ်သားနှင့် ဈေးကွက်တို့ကို ဖြည့်ဆည်းပေးလိုက်မည်ဆိုပါက ဆီဖူလုံရေး အခက်အခဲရှိနိုင်မည်မဟုတ်ကြောင်း၊ လိုအပ်သည့်အရင်း အနှီးများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံမှ စပါးအပြင် ဆီထွက်သီးနှံများကို ထုတ်ချေးပေးဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အချိန်မီစိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးစေ့များ ထောက်ပံပေးနိုင်ရန် စီစဉ်ထားပြီးဖြစ် ကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်တို့ကို အရှိန်အဟုန်မြင့်တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့ကြိတ်ခွဲ ထုတ်လုပ်ပြီးပါက ဒေသတွင်းဆီဖူလုံမှုရာခိုင်နှုန်းကိုဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆီ ထွက်သီးနှံများကို ကြိတ်ခွဲ ထုတ်လုပ်ရာတွင် အရည်အသွေးမြင့်မားသည့်စားသုံးဆီများရရှိစေရေး အဆင့်မီဆီကြိတ်စက်များရှိဖို့လိုသည့်အတွက် အရင်းအနှီးများထုတ်ချေးပေးသွားရန် စီမံထားပါကြောင်း၊ ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ် လုပ်နိုင်ရေး ပါဝင်ပတ်သက်သူများအားလုံးက စိုက်ပျိုးခြွေလှေ့ကြိတ်ခွဲထုတ်လုပ်သည်မှ ဈေးကွက်ဖော်ဆောင်နိုင်သည် အထိ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

  ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက ၂၀၂၂-၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်မိုးအောင်က ဆီထွက်သီးနှံစိုက်ဧရိယာများ လျာထားဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

      ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘားအံ၊ကော့ကရိတ်၊သံတောင်ကြီး၊ကြာအင်းဆိပ်ကြီး၊ဖာပွန်၊ မြဝတီ)ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်းဆီဖူလုံရေး ခရိုင်အလိုက်သုံးသပ်တင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။