ကူးစက်ရောဂါများကို သတိပြုကာကွယ်

ကူးစက်ရောဂါများကို သတိပြုကာကွယ်


Ministry of Information/ Naypyitaw / May 25, 2022
image_latest


 

ကမ္ဘာပေါ်တွင် ယနေ့အချိန်ကာလအထိ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် အလျှင်းပျောက်ကွယ်သွား ခြင်းမရှိသေးပေ။ ကူးစက်မှုမြန်ဆန်ပြင်းထန်သဖြင့် ကမ္ဘာ့ပြည်သူများ၏ နေထိုင်မှုဘဝများကို ကြီးမားစွာခြိမ်းခြောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထိုကြီးမားသော ကပ်ရောဂါဆိုးနှင့်အတူ မဖြစ်ဖူးသေးသော ရောဂါဆန်းများ၊ နှစ်စဉ်ပုံမှန်ဖြစ်နေကျ ကူးစက်ရောဂါများလည်းရှိနေသဖြင့် လူတစ်ဦးချင်း ကျန်းမာစွာနေထိုင်နိုင်ရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ပူပြင်းခြောက်သွေ့မှုကို မနှစ်သက်ဘဲ စွတ်စိုအေးမြမှုကို နှစ်သက်သည့်သဘောရှိသည်။ ယခုအခါ ပူပြင်းသောနွေရာသီကာလ ပြီးဆုံးသွားပြီဖြစ်ပြီး စွတ်စိုသော မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော ပုံမှန်ဖြစ်နေကျ ကူးစက်ရောဂါများနှင့် ပုံမှန်မဟုတ်သော ကူးစက်ရောဂါများကို အထူးသတိပြုကြရမည်ဖြစ်သည်။ မိုးရာသီကာလတွင် မလွဲမသွေဖြစ်တတ်သောကူးစက်ရောဂါမှာ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးရောဂါများဖြစ်ပြီး မိုးရာသီတွင် ကူးစက်ရောဂါအမျိုးမျိုးတို့အပြင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ နှစ်သက်ကြသည်။

ယခုနှစ်ကာလများသည် ကမ္ဘာကြီးကို ရောဂါအမျိုးမျိုး ခြိမ်းခြောက်နေသော ကာလဖြစ်သည်။ ၂၀၁၉ အကုန် ၂၀၂၀ နှစ်ဆန်းတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီးနောက် ရောဂါမျိုးကွဲ မျိုးစိတ်သစ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ ယခုအခါ အာဖရိကမှစတင်ဖြစ်ပွားခဲ့သည့် Monkeypox မျောက်ကျောက်ရောဂါကူးစက်မှုသည် အာဖရိက၊ အမေရိက၊ ဥရောပနိုင်ငံအချို့သို့ ကူးစက်ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် ဗြိတိန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့၌ အရေအတွက် အကန့်အသတ်ဖြင့် ကူးစက်ခံထားရသည်။ မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်များတွင်ဖြစ်ပွားရာမှ လူသို့ ကူးစက်ဖြစ်ပွားလာသည့်ရောဂါဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အတွင်းက ကူးစက်တတ်သည့် ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါများဖြစ်ပွားဖူးပြီး ကာကွယ်ဆေးထိုးနှံမှုကို အလေးထားပြုလုပ် သောကြောင့် ကျောက်ကြီးရောဂါ ပျောက်ကွယ်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေးငယ်များ၌ ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါနှင့်လတ်တလော နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသော ကူးစက်ရောဂါအသစ်ဖြစ်သည့် မျောက်ကျောက်ရောဂါတို့ကို မရောထွေးဘဲ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် အထူးလိုအပ်သည်။ မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ဖြစ်ပွားခြင်းမရှိသဖြင့် အဆိုပါရောဂါနှစ်မျိုးတွင် တွေ့ရှိရသော ရောဂါလက္ခဏာကွာခြားမှုများ၊ ဖြစ်နိုင်ခြေများကို ပြည်သူလူထုကြားတွင် ကျန်းမာရေးအသိ ကျယ်ကျယ်ပြန့်ပြန့်မျှဝေအသိပေးရန် လိုအပ်သည်။

လတ်တလော အထူးဂရုစိုက်ရမည်မှာ သွေးလွန်တုပ်ကွေးရောဂါ အများအပြား မဖြစ်လာစေရေးဖြစ်သည်။ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ တစ်နှစ်လျှင် လူဦးရေသန်း ၃၉၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိသည်။ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်စာရင်းအရ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၅၀၀၀ ကျော်ရှိပြီး ၃၆ ဦး သေဆုံးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ရရှိသောစာရင်းအရ ရောဂါဖြစ်ပွားသူ ၁၅၀၀ ကျော်ရှိပြီး သေဆုံးသူ နှစ်ဦးရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်မွန်ပြည်နယ်တို့သည် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည်။

 

ထို့ကြောင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ခြင်ကျား၊ ပိုးလောက် လမ်းနှင့် ခြင်နှိမ်နင်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးရေး၊ ခြင်ကိုက် ခြင်းမခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျား ပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ယခုအခါတွင် ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ကမ္ဘာကြီးတွင် ကူးစက်ရောဂါများအပါအဝင် ရောဂါအမျိုးမျိုး တစ်မျိုးပြီးတစ်မျိုး ဖြစ်ပွားနေသည်ကို တွေ့မြင်နေရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးနှင့်အတူယှဉ်တွဲ၍ ရာသီအလိုက်ဖြစ်ပွား တတ်သော ကူးစက်ရောဂါများ၊ ပုံမှန်မဟုတ်သော ကူးစက်ရောဂါများနှင့် ပြည်ပနိုင်ငံများမှ ပျံ့နှံ့ရောက်ရှိလာနိုင်သည့် ကူးစက်ရောဂါအမျိုးမျိုးတို့ မဖြစ်ပွားရေးအတွက် ရောဂါကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံကြရန်နှင့် လူတစ်ဦးချင်းကျန်းမာရေးအသိ၊ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

HOT NEWS
January 4,