ကူးစက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း

ကူးစက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း


Ministry of Information/ ​နေပြည်တော် / January 27, 2020


ယခုကာလအတွင်း ပြည်သူများအကြား စိုးရိမ်ဖွယ်ဖြစ်နေသည့် 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အဆိုပါရောဂါ မဖြစ်ပွားသော်လည်း မဖြစ်မီက ကြိုတင် ကာကွယ်တားဆီးခြင်းဖြင့် ပြည်သူများ စိတ်ချလက်ချ နေနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ထိုနေ့တွင်ပင် မြန်မာနိုင်ငံရှိ နိုင်ငံ တကာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့နောက် လိုအပ်သည့် ရောဂါရှာဖွေစစ်ဆေးရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေထားကြောင်း သိရသည်။

ရောဂါမဖြစ်ပွားရေးအတွက် တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အလေ့အထများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သက်ဆိုင်ရာက အသိပေး ထုတ်ပြန်ထားရာ ပြည်သူများအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် လိုပေသည်။ မူလဇာစ်မြစ်မှာ တိရစ္ဆာန်မှ ကူးစက်သည်ဖြစ်၍ တိရစ္ဆာန်များ အထူးသဖြင့် ကြက်၊ ငှက်များနှင့် နီးနီးစပ်စပ် မနေရန်လိုသည်။ အသားများကို အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းကို ရှောင်ကြဉ်ရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးပါက လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင် ပဝါဖြင့် ဖုံးအုပ်ရန်၊ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာ ဖုံးအုပ်ထားရန်နှင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြလျှင် ဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသရန် အသိပေးထားသည်။ 

အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ တိရစ္ဆာန်များတွင် အဓိက ကူးစက်လေ့ရှိပြီး လူမှလူသို့ ကူးစက်သည့် အထောက် အထားအချို့ရှိသော်လည်း အတည်ပြု နိုင်ခြင်းမရှိသေးပေ။ ရောဂါပိုးသည် မျိုးစိတ် များစွာရှိကာ ဗိုင်းရပ်စ်အမျိုး အစားအပေါ်မူတည်၍ သာမန်ဖျားနာနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများဖြစ်လေ့ရှိပြီး ရောဂါပြင်းထန်လျှင် အဆုတ်ရောင်ရောဂါ၊  ဆားစ်ရောဂါ နှင့် မားစ်ရောဂါကဲ့သို့ ကျောက်ကပ် ပျက်စီးခြင်းဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးမှုအထိ ဖြစ်နိုင် သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားသည်။ လတ်တလောတွင် ကာကွယ်ကုသရန်အတွက် ဆေးမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပြီး ရောဂါ ဖြစ်ပွားမှုဇာစ်မြစ်ကို ရှာဖွေလျက်ရှိသည်။

ထိုရောဂါနှင့်ဆင်တူသော ဆားစ်ရောဂါ တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့ဖူးရာ ကြောင်ကတိုးများမှ တစ်ဆင့် လူကို ကူးစက်ခံရခြင်းဖြစ်ပြီး အလားတူ မားစ်ရောဂါသည်လည်း ဆော်ဒီအာရေဗျ၌ ၂၀၁၂ ခုနှစ်တွင် ကုလားအုတ်မှ လူကိုကူးစက်ခဲ့သည်။ မည်သို့ကူးစက်သည်ဖြစ်စေ လူ့အသက်များကို အချိန်မီ ကာကွယ်ရန်အတွက် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လာသည်။

လောလောဆယ်တွင် တိရစ္ဆာန်များမှ ကူးစက်သည်ဟု ဆိုထားသဖြင့် တိရစ္ဆာန်များအား အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းကို သတိပြုရမည် ဖြစ်သည်။ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်းနှင့် လူ၊ တိရစ္ဆာန်များ ထူထပ်သော နေရာများတွင် နှာခေါင်း၊ ပါးစပ်တို့ကို ဖုံးအုပ်၍ သွားလာနေထိုင်ကြရမည် ဖြစ်သည့်အပြင် ကျန်းမာရေးဘက်ဆိုင်ရာ တို့က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တိုးတက်ပြောင်းလဲနေသော ခေတ်ကာလတွင် ဆန်းပြားသော ကူးစက်လွယ်သည့် ရောဂါများလည်း ပေါ်ပေါက်နေပြီဖြစ်ရာ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိကိုယ်ကိုယ် ကျန်းမာရေး၊ ရောဂါဘယ မကူးစက်ရေးအတွက် သတိထားဆင်ခြင် နေထိုင်စားသောက် လုပ်ကိုင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

(ကြေးမုံ အယ်ဒီတာ့အာဘော်)

HOT NEWS
January 4,