စွမ်းအားပြည့် ဆက်လက်လိုက်နာကြိုးပမ်း

စွမ်းအားပြည့် ဆက်လက်လိုက်နာကြိုးပမ်း


Ministry of Information/ ​နေပြည်တော် / June 01, 2020


မြန်မာနိုင်ငံတွင် မေလ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး အတည်ပြုပိုးတွေ့သူ စုစုပေါင်း ၂၂၄ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၁၃၈ ဦးရှိပြီဖြစ်သည်။ ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၁၂၈ ဦးရှိပြီး ရောဂါဖြင့် သေဆုံးသူ ၆ ဦးရှိသည်။ သေဆုံးသူ ၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသည်ဆိုသော်လည်း မူလရောဂါအခံများကြောင့် သေဆုံး ရခြင်းဖြစ်သည်။

ယခုကာလတွင် ပြည်တွင်းနေသူအချင်းချင်း တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်း အလွန်နည်းပါးပြီး ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများတွင်သာ ရောဂါပိုး တွေ့ရှိသည်ကို ကြားသိရသည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ရောဂါစောင့်ကြပ် ကြည့်ရှုစစ်ဆေး ကုသမှုပေးနေသောကြောင့် စိုးရိမ်ဖွယ်ရာ အထူးမရှိဘဲနိုင်ငံအတွင်းမှ ပြည်သူ အချင်းချင်း ရောဂါကူးစက်ခြင်းမရှိစေရန်သာ အထူးကြပ်မတ်ဆောင်ရွက်နေသည်။

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်၊ အမိန့်ကြေညာစာနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသော အသိပေးညွှန်ကြားချက်အားလုံးကို ဇွန်လ ၁၅ ရက် နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ကြေညာခဲ့ခြင်းသည် ရောဂါကူးစက်ပျံ့နှံ့မှု ထပ်တိုးမလာစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆောင်ရွက် ထားခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်သော်လည်း ပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် နိုင်ငံ၏ယန္တရား ချောမွေ့ လွယ်ကူစွာ လည်ပတ်နိုင်ရေးအတွက် အခြေအနေ တိုးတက်ကောင်းမွန်လာသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်ကို နေအိမ်တွင်သာနေထိုင်ခြင်း သတ်မှတ်ချက်မှ ပယ်ဖျက်ပေးခဲ့ပြီး ယနေ့ ဇွန်လ ၁ ရက်နေ့ မှစတင်ကာ နိုင်ငံတစ်ဝန်းရှိ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို မူလအတိုင်း ပြန်လည်ဆောင်ရွက်နိုင်ကြောင်း အသိပေးခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခင်က ဝန်ထမ်းအင်အားတစ်ဝက် ရုံးတက်၊ တစ်ဝက် အဆင်သင့်ပုံစံဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ မူလအင်အားအတိုင်း ရုံးလုပ်ငန်းများကို ပြန်လည်တာဝန် ထမ်းဆောင်နိုင်ကြပြီဖြစ်ရာ တာဝန်ထမ်းဆောင်ရာ၌ ဝန်ထမ်းကြိုပို့ရာတွင် လည်းကောင်း၊ တာဝန် ထမ်းဆောင်ရာတွင်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဆောင်ရွက်ကြရာတွင် ဝန်ထမ်းများအတွင်း ရောဂါကူးစက်ခြင်း မရှိရေးသည် အလွန်အရေးကြီးသဖြင့်၊ တစ်ဝက်နား၊ တစ်ဝက်ဆင်းဖြင့် လုပ်အားပိုမိုစိုက်ထုတ် ဆောင်ရွက် ခဲ့ကြရာ ယခုအခါ ဝန်ထမ်းအင်အားအပြည့်၊ လုပ်အားအပြည့်ဖြင့် ပြန်လည် လုပ်ကိုင်ကြရပြီ ဖြစ်၍ မိမိတို့လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပုဂ္ဂလိကဝန်ထမ်းများအနေဖြင့် လိုအပ်သူများသာ အလုပ်လုပ်ကြပြီး နေအိမ်မှ အလုပ်လုပ်ခြင်းဖြင့် ဆောင်ရွက်ခဲ့ကြရာ ယခုအခါ လုပ်ငန်းခွင်အင်အားအပြည့် ဆောင်ရွက်ကြပြီဖြစ်၍ မိမိတို့လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင်၊ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ကြရတော့မည် ဖြစ်သည်။

သို့မှသာ ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်၍ လုပ်ငန်းများ ပုံမှန်လည်ပတ် တိုးတက်ကောင်းမွန် လာမည်ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံတွင် ကာကွယ် ထိန်းချုပ် တိုက်ဖျက် နေဆဲဖြစ်၍ ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်မလာအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ ဝင်၊ ထွက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ နှာခေါင်း၊ ပါးစပ်၊ မျက်နှာတို့ကို အကာအကွယ်များ တပ်ဆင်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အနေအထားကောင်းတစ်ခု ရရှိပြီဖြစ်၍ ဖြေလျှော့ပေးမှုများ ဆောင်ရွက် ပေးခဲ့သည်ဖြစ်ရာ ရောဂါကာကွယ်ရေးကို မျက်ခြည်မပြတ် လျစ်လျူမရှုဘဲ အထူးသတိထား လိုက်နာဆောင်ရွက်ရင်း မိမိတို့၏ ကုန်ထုတ်စွမ်းအားများ၊ လုပ်ငန်းများ တိုးတက်ကောင်းမွန်လာအောင် တက်ညီလက်ညီ အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

HOT NEWS
January 4,