ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဆော်ဒီအာရေဗျနိုင်ငံ၊ ရိရတ်ဒ်မြို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် တိုးရိုက်စ် ခရီးသွားလုပ်ငန်းဆွေးနွေးပွဲတက်ရောက်

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဆော်ဒီအာရေဗျနိုင်ငံ၊ ရိရတ်ဒ်မြို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် တိုးရိုက်စ် ခရီးသွားလုပ်ငန်းဆွေးနွေးပွဲတက်ရောက်


Ministry of Hotel & Tourism/ နေပြည်တော် / November 17, 2025


နေပြည်တော်၊ နိုဝင်ဘာလ ၁၄ ရက်

ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးချုပ်တို့၏ ဖိတ်ကြားချက်အရ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိရတ်ဒ်မြို့ရှိ (မန်ဒရင်း အော်ရီ ယန်တယ် အယ်ဖဆာလိယဲ့) ဟိုတယ်၌ နိုဝင်ဘာလ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့အထွေထွေညီလာခံ (UN Tourism General Assembly) နှင့်ဆက်စပ် အစည်းအဝေး များသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းစျေးကွက် မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံ၏ အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး Mr. Ahmed Al-Khatib က​ ဆောင်ရွက်၍ နိုင်ငံတကာခရီးသွားလုပ်ငန်းအလားအလာများ၊ ၂၀၂၄-၂၀၂၅ ခုနှစ်များအတွက် အထွေထွေလုပ်ငန်းစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ မှုများ၊ ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဘဏ္ဍာရေးအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ခုနှစ်များ အတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးလျာထားမှုများ၊ ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၏ အပြည့်အဝအဖွဲ့ဝင်နိုင်ငံ (၁၆၁) နိုင်ငံနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံကာအဖွဲ့အစည်း (၄၉၇)ခုမှ ပူးပေါင်းအဖွဲ့ဝင်များအဖြစ် ဝင်ရောက်မှု၊ အာရပ်ဆော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ Ms. Shaikha Al Nowais အား UN Tourism ၏ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၆ ခုနှစ် ၂၀၂၉ ခုနှစ်အထိ ခန့်အပ်ရန် အတည်ပြုခဲ့မှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှန်ဟိုင်းမြို့တွင် ဒေသဆိုင်ရာရုံး တည်ထောင်ရန် အဆိုပြုချက်အပါအဝင် ကုလသမဂ္ဂခရီးသွားလုပ်ငန်း ဒေသဆိုင်ရာရုံးများနှင့် ရုံးခွဲ များ တည်ထောင်မှု အခြေအနေများ၊ အလုပ်အမှုဆောင်ကောင်စီအစည်းအဝေးများ၏ အစီရင်ခံ တင်ပြချက်များ၊ အနာဂါတ် ခရီးသွားလုပ်ငန်းဆိုင်ရာ ရိရတ်ဒ်ကြေညာချက်အား အတည်ပြု ထုတ်ပြန်မှုများ၊ အယ်လ်ဆာဗားဒေါနိုင်ငံနှင့် ကာဘိုဗာဒေးနိုင်ငံတို့မှ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် များအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအနားများအား လက်ခံကျင်းပပြုလုပ်ရန် အဆိုပြုချက် များ၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အလုပ်အမှုဆောင်ကောင်စီအား အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံဖြင့် ဖွဲ့စည်းခဲ့မှု အခြေအနေများအား အထွေထွေညီလာခံမှ ဆွေးနွေးအတည်ပြုခဲ့ပါသည်။

ထို့အပြင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါအထွေထွေ ညီလာခံ နှင့် ဆက်စပ်ကျင်းပပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းကော်မတီ အစည်း အဝေး၊ ခရီးသွားလုပ်ငန်းနှင့်ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီအစည်းအဝေး၊ ခရီးသွားလုပ်ငန်း နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကော်မတီအစည်းအဝေးနှင့် (၁၂၄) ကြိမ်မြောက် အလုပ်အမှုဆောင် ကောင်စီအစည်းအဝေးများသို့ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့်ရှေ့လုပ်ငန်းစဉ်များကို လေ့လာခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံဖွင့်ပွဲအခမ်းအနား၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်း အဖွဲ့၏ (၅၀) နှစ်မြောက် အခမ်းအနားနှင့် "ဉာဏ်ရည်တု(AI)နည်းပညာဖြင့် ခရီးသွားလုပ်ငန်း အနာဂတ်အလားအလာများအား ပြန်လည် သတ်မှတ်ခြင်း" ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ Grand Final ပြိုင်ပွဲတို့အား ဆက်လက်ပါဝင်တက်ရောက်ခဲ့ပါသည်။

ထို့နောက် ဆော်ဒီအာရေဗျနိုင်ငံ၊ ရိရတ်ဒ်မြို့ရှိ King Abdulaziz International Conference Center ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သည့် TOURISE (တိုးရိုက်စ်) ခရီးသွား လုပ်ငန်းဆွေးနွေးပွဲသို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ပြီး လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာလုံး ဆိုင်ရာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာများ တိုးတက်ပြောင်းလဲမှုအခြေ အနေများအရ ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ကဏ္ဍစုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့နေရသည့်အခက်အခဲများအပေါ် နိုင်ငံတကာမှခရီးသွား လုပ်ငန်းဝန်ကြီးများနှင့် ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်းများ ပါဝင်ပြသမှုအခြေအနေများအား လေ့လာကြည့်ရှု ခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေ ညီလာခံ အစည်းအဝေးကာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး၊ ဒုတိယဝန်ကြီး များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကများအချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုနှင့် ခရီးသွား လုပ်ငန်း များစတင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့အပြင် လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ပူးပေါင်းစျေးကွက်မြှင့်တင်ရေးအတွက် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ နားလည်မှုစာချွန်လွှာများ မူကြမ်းရေးဆွဲရေး၊ နှစ်ဖက်အတည်ပြု ပြီးဖြစ်သည့် နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေး ထိုးနိုင်ရေး၊ သက်တမ်းကုန်ဆုံးနေသည့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် များအား သက်တမ်းတိုးမြှင့်ရေး၊ သက်တမ်းကြာမြင့်နေသည့် နားလည်မှုစာချွန်လွှာများအား နှစ်ဖက် ညှိနှိုင်းပြင်ဆင်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များအား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ (၂၇) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံ အစည်းအဝေးများအား Dominican Republic နိုင်ငံမှ ၂၀၂၇ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source From:KyeMon

HOT NEWS
January 4,