နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၂

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ပေါ်ပေါက်လာမှုနှင့် နှစ်ကာလများစွာ အရှည်တည်တံ့မှု ဟူသော သမိုင်းကြောင်းများသည် ဖြစ်တည်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံ၏လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံးညီညွတ်မှုသည်လည်း ဆက်စပ်လျက် ရှိကြကြောင်း၊ ယဉ်ကျေးမှုဟူသည့် အခန်းကဏ္ဍကို ထပ်မံခွဲခြမ်းစိတ်ဖြာလျှင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတို့ ပါဝင်လျက်ရှိသည်ကို တွေ့မြင် သိရှိနိုင်ကြောင်း။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ ဖြစ်သည့် ယူနက်စကိုအဖွဲ့ကလည်း ရုပ်ပိုင်းဆိုင်ရာ ဒြပ်ရှိယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုဟု သတ်မှတ်ထားကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုပေါင်း မြောက်များစွာသည် သမိုင်းနှင့်ချီကာ တည်ရှိ နေခဲ့ပြီးဖြစ်ကြောင်း။

မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ နေထိုင်ရာရေမြေဒေသ သဘာဝကိုလိုက်၍ ဘာသာစကားများနှင့် ယုံကြည်သက်ဝင်သည့် ဓလေ့ထုံးတမ်းများ ကွဲပြားမှုများရှိသကဲ့သို့၊ တူညီသည်များလည်း ရှိကြကြောင်း၊ အားလုံးအတွက် “ဘုံ” သဘောဆောင်သည့် တူညီမှုသည် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အတူတကွ မြတ်နိုးထိန်းသိမ်းမှုဆိုသည့် အခြေခံစိတ် ဓာတ်ပင်ဖြစ်ကြောင်း။

နိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံ တူရိယာများသည် “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ မူလတူရိယာငါးပါးတွင် တစ်ထပ်တည်း ပါဝင်တူညီနေကြသကဲ့သို့ တိုင်းရင်းသားများ၏ အက အခြေခံမူ အားလုံးသည်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဆိုသည့် မြန်မာနိုင်ငံ သားအားလုံး၏ အကအခြေခံစနစ်တွင် တစ်ထပ်တည်း အခြေတည်လျက်ရှိနေကြောင်း။

၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်ခဲ့ကြောင်း၊ အကျိုးဆက်အားဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များအကြား မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်း ပြန့်ပွားနိုင်သည့် ပညာရှင်များ လျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းမသာ ဖြစ်ရသည်အထိ ထိပါးသွေးတိုးစမ်းခြင်းများ ရှိလာကြောင်း၊ အနုသုခုမ ယဉ်ကျေးမှုနှင့် မိရိုးဖလာ ဓလေ့ထုံးတမ်းများသည် အပြန်အလှန် အမှီသဟဲပြု၍ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေးမှိန်သွားသည့်အခါ နေ့စဉ် ဖြတ်သန်းရသည့် လူမှုဘဝများတွင် အပြန်အလှန်လေးစားမှု၊ ကြီး သူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေးထားကြသည့် မိရိုးဖလာ ဂါရဝတရားများပါ ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်း တာဝန်ယူစဉ် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များချမှတ်ပြီး စနစ်တကျ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည် ချက် ၉ ရပ်၏ လူမှုရေး ဦးတည်ချက်များတွင် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို တိကျစွာ ထည့်သွင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

ထို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက်နှင့်အညီ (၂၃) ကြိမ်မြောက်အဖြစ် ယခင်ကာလများကဲ့သို့ ခန့်ညားထည်ဝါစွာ ပြန်လည် ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်၊ မေ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင် စီမံဆောင်ရွက် ထားရှိရန်” ဟု လမ်းညွှန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို တာဝန်ယူ ကျင်းပဆောင်ရွက်ကြမည့် လုပ်ငန်း ကော်မတီနှင့် ကော်မတီ၊ ဆပ်ကော်မတီများတွင် တာဝန်ယူဆောင်ရွက်ကြရသူများအနေဖြင့် ရရှိထားပြီးဖြစ်သည့် အတွေ့အကြုံ အရည်အချင်းများကို အခြေတည်ပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ပြီး၊ ထူးချွန်ထက်မြက် ထိုက်တန် သူများကို ထိုက်တန်သည့်အလျှောက် ချီးမြှင့်နိုင်ရန် ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

ယခုနှစ် ကျင်းပမည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် ယခင်နှစ်များနည်းတူ အဆို ဘာသာရပ်အဖြစ် ပြိုင်ပွဲအမျိုးအစား(၃)ခု၊ အက ဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုး အစား (၈)ခု၊ အရေး ဘာသာရပ် အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၁)ခုနှင့် အတီး ဘာသာရပ် အနေဖြင့်ပြိုင်ပွဲအမျိုးအစား (၁၃)ခုတို့ကို ထည့်သွင်းကျင်းပရန် စီစဉ်ထားကသည်ကို သိရကြောင်း။

အကပြိုင်ပွဲတွင် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအနေဖြင့် မွန်ရိုးရာအကကို စုပေါင်းပါဝင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း တစ်ဦး၏ ယဉ်ကျေးမှုအနုသုခုမပညာ၊ သီဆိုတီးမှုတ်မှု၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ဓလေ့ထုံးတမ်းများကို တစ်ဦးက လေ့လာသိရှိခွင့်၊ လေးစားလိုက်နာ ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ကောင်းမြတ်သည့် အစဉ်အလာ တစ်ရပ်လည်းဖြစ်ကြောင်း။

မြန်မာ့အနုသုခုမသဘင်၏ နှုတ်မှုစွမ်းရည်ပညာရပ် အတတ်ပညာဖြစ်သည့် “ကွက်စိပ်” ပညာရပ် သည်လည်း တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း၊ ကွက်စိပ် ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ဆက်လက်ထည့်သွင်း ယှဉ်ပြိုင်သွားဦးမည်ဟု သိရကြောင်း၊ အမြင့်သဘင်ဟု တင်စားသတ်မှတ်ခဲ့ကြသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာသည် ဒေသတွင်းသာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည့် အနုပညာရပ်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် ရုပ်သေးပညာရှင် မျိုးဆက်သစ်ပေါင်း များစွာကို လက်ဆင့်ကမ်း မွေးထုတ် ပေးနိုင်ကြောင်း၊ နိုင်ငံတကာ စိတ်ဝင်စားမှုနှင့်အတူ နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည့် အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း။

အထူးအားဖြင့် ယခု(၂၃)ကြိမ်မြောက်တွင် ဇာတ်သဘင်ပြိုင်ပွဲအဖြစ် ထည့်သွင်းယှဉ်ပြိုင်မည့် “ရာမာယဏ” ဇာတ်တော်ကြီးသည် အစဉ်အလာကြီးမားသည့် ဇာတ်တော်ကြီး ဖြစ်ကြောင်း၊ ရာမာယဏဇာတ်တော်ကြီးကို ၁၁၂၅ ခု၊ ဆင်ဖြူရှင်မင်းလက်ထက်မှစ၍ နန်း တွင်းရာမဇာတ်အဖြစ် စတင်ကပြခဲ့သည်ကို မှတ်သားသိရှိရကြောင်း၊ ရာမာယဏဇာတ်တော်ကြီးကို မြန်မာ့သဘင်၏ အနှစ်သာရဖြစ်သည့် ဆို၊ ငို၊ ပြော ပညာရပ်များ၊ မဟာဂီတဝင် တေးသီချင်းများ၊ ဇာတ်ပို့ဆိုင်း တီးချက်များဖြင့်ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြိုင်ပွဲကြီး၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထည်ဝါခန့်ညားစွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆုချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားအုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အနေဖြင့် ပွင့်လင်းစွာဆွေးနွေးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြိုင်ပွဲ ကျင်းပရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် အကဲဖြတ်ပညာရှင်များက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

HOT NEWS
January 4,