နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / January 17, 2022
image_latest


နေပြည်တော်  ဇန်နဝါရီ  ၁၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိအနေဖြင့် ပညာရေးကိုအလေးထားပြီး မိမိတို့နိုင်ငံ၏ပညာရေးကို တိုးတက်စေလိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတစ်ခုတိုးတက်ရေးအတွက် အရေးကြီးကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံးတွင် ပညာရေးကိုအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဟု သတ်မှတ်ခံထားရကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုလိုနီနယ်ချဲ့များမှ အုပ်ချုပ်ခဲ့သည့်အချိန်ကာလတွင် ပညာရေးနိမ့်ကျခဲ့ရပြီး လွတ်လပ်ရေးရရှိချိန်တွင်လည်း ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပညာသင်ကြားရေးအတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ပညာရေးနိမ့်ကျမှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်များနှင့် တိုင်းရင်းသားဒေသများတွင် ဘာသာစကား အခက်အခဲများနှင့် အခြားသောသွားလာရေး အခက်အခဲများကြောင့် ကျေးလက်ပညာရေးသည် အားနည်းခဲ့ရကြောင်း၊ အစိုးရအဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့ချိန်များတွင်လည်း ဆရာ၊ ဆရာမများ မပြည့်စုံမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့မှုများရှိခဲ့ကြောင်း။

ဆိုရှယ်လစ်ခေတ်ပညာသင်ကြားရေးစနစ်တွင် အားနည်းချက်နှင့် အားသာချက်များရှိခဲ့ပြီး အဓိကအားဖြင့် အင်္ဂလိပ်စာသင်ကြားမှုများတွင် အားနည်းခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အဆင့်မြင့်ပညာများ သင်ကြားရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းများအား ၃ နှစ်ခန့် ပိတ်ထားခဲ့ရကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားမှုများအား အခြေခံပညာစနစ်နှင့် အဆင့်မြင့်ပညာစနစ်များ အမှန်တကယ်တတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည့်အတွက် အခြေခံပညာတွင်အားနည်းခဲ့သကဲ့သို့ အဆင့်မြင့်ပညာ သင်ကြားမှုများလည်း အားနည်းခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပညာရေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအခါ နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန် လိုအပ်သဖြင့် ပညာတတ်များပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာဘွဲ့ရ ရှိသည်ကိုတွေ့ရှိရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည်ကိုတွေ့ရှိရကြောင်း၊ အလားတူလူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမှာ အရေးကြီးသည့်အတွက် မိမိတာဝန်ယူချိန် ကာလအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

တက္ကသိုလ်များသည် အသိပညာနှင့် အတတ်ပညာများကို တွေးတောကြံစည် နိုင်အောင်နှင့် လေ့လာသင်ကြားပေးသည့် ကျောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းများသည် အဆင့်တစ်ခုရှိရန်လိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်နှင့် ကျောင်းများ၏မြင်ကွင်းများ ကောင်းရန်၊ လူသွားလမ်းများကောင်းရန်နှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်စေရေးဖန်တီးပေးရန်လိုကြောင်း၊ အလားတူအဆောက်အဦများနှင့် ကျောင်းပရိဝုဏ်များ ကောင်းမွန်စေရေး ကြိုတင် စဉ်းစားဆောင်ရွက်၍ တည်ဆောက်ရန်လိုကြောင်း၊ ကျောင်းသားများ သင်ယူရာတွင် အခက်အခဲမရှိစေရေးနှင့်သင်ကြားမှုများ ထိရောက်စေရေးအတွက် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ စနစ်တကျရှိရန်လိုကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမ များ၏ သင်ကြားမှုအတတ်ပညာသည်လည်း အရေးကြီးသဖြင့် မိမိတို့ကိုယ်တိုင် စာပေ ပညာတတ်ကျွမ်းရုံတင်မက ကျောင်းသား၊ ကျောင်းသူများ နားလည်စေရေးသင်ကြား ပေးနိုင်ရန်လိုကြောင်း။

ကျောင်းသား၊ ကျောင်းသူများ အားကစားပြု လုပ်နိုင်စေရန်အတွက် အားကစားကွင်းများနှင့် အားကစားရုံများအား စနစ်တကျဖြင့် တည်ဆောက်ပေးထားရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်ကျောင်းသား၊ ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုများရှိစေရန် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာသင်ကြားနေစဉ်အတွင်း စာပေပညာသင်ကြားခြင်းကိုသာမက ဘဝအတွက် အတွေ့အကြုံများရရှိရေးအတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးရန်လိုသဖြင့် ပတ်ဝန်းကျင်ကျောင်းများ ဖန်တီး၍ ကျောင်းသား၊ ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက် ပေးရန်လိုကြောင်း။

သင်ကြားရေးနှင့်ပတ်သက်၍ တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ အပြန်အလှန်ဆွေးနွေးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်ကြားမှုကဏ္ဍတိုးတက်စေရန်အတွက် အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် အောက်ဆုံး၌ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အနေဖြင့်လည်း အမြဲမပြတ် ကြိုးစားလေ့လာသင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေးကဏ္ဍနှင့် ပတ်သက်၍ တိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း။

လေ့လာမှုနှင့်ပတ်သက်၍ ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ်ဖြစ်သဖြင့် အင်တာနက်မှတစ်ဆင့် များစွာလေ့လာသင်ယူနိုင်ကြောင်း၊ လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက်လေ့လာနိုင်ရန်လိုကြောင်း၊ မိမိကိုယ်တိုင် တန်ဖိုးရှိရန်အတွက် မိမိတို့အလုပ်ကို အလေးထားရန်နှင့် မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များကို အလေးထားရန်လိုကြောင်း၊ အလေးထားခြင်းနှင့် လေးစားခြင်းနှစ်မျိုးရှိကြောင်း၊ ငွေကိုအလေးထားသူများက ငွေနောက်ကိုလိုက်ကြပြီး ပညာအလေးထားသူများက ပညာနောက်ကိုလိုက်ကြကြောင်း၊ အလုပ်ကိုအလေးထားပါက အလုပ်ကိုအချိန်ပေး၍ စူးစိုက်ပြီးဆောင်ရွက်ရကြောင်း၊ အလားတူ အချိန်ကိုလည်း လေးစားတန်ဖိုးထားရန်လိုကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များဆောင်ရွက်ချိန်တွင် အလုပ်ကိုအလေးထားခြင်း၊ အချိန်ကိုလေးစားခြင်းများဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင်ပြီး တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာများကို အမှတ်တကယ်တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာများများဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ပေးမည် ဆိုပါက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတိုးတက်လာမည်ဖြစ်ကြောင်း။

စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများသည် ဝါသနာ၊ စေတနာ၊ အနစ်နာဖြင့် ပညာသင်ကြားပေးကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ၊ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများအား တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင် တာဝန်ရှိသူများအား သင်ကြားရေးပိုင်းတွင်သာ တာဝန်ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများကိုသာ တာဝန်ပေးအပ်မည်ဆိုပါက အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆရာ၊ ဆရာမများကိုလည်း တိုးတက်ပြောင်းလဲနေသည့် သင်ခန်းစာအသစ်များအား လေ့လာနိုင်စေရေး မွန်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန်လိုကြောင်း။

ဘဏ္ဍာရေးသုံးစွဲမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများနှင့်အညီ သုံးစွဲနိုင်ရေး သတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးများသုံးစွဲရာတွင်လည်း မျှမျှတတသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများတွင်လည်း မျှတမှုရှိရန်နှင့် မည်သည့်လုပ်ငန်းများကို ဆောင်ရွက်သည်ဖြစ်စေ စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,