ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / June 28, 2022
image_latest


နေပြည်တော် ဇွန် ၂၈

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ပရိုင်းမိတ်ကာလသမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ပြုလုပ်သည်။

ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဆွေ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ တာဝန်ရှိသူများ၊ အငြိမ်းစား ပရိုင်းမိတ်ပညာရှင်ကြီးများ၊ ပရိုင်းမိတ်သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲအစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပရိုင်းမိတ်ကာလသမိုင်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံပထဝီဝင် ပေါ်ပေါက်လာပုံများအကြောင်း၊ ဘူမိဗေဒပညာရှင်ကြီးများ၏ တင်ပြဆွေးနွေးချက်များနှင့် ပရိုင်းမိတ်ပညာရှင်များက မြန်မာနိုင်ငံ၏ ပရိုင်းမိတ်ကာလသမိုင်းစဉ် ရေးသားပြုစုချက်များကို အကျဉ်းချုပ်ပြောကြားသည်။

ထို့နောက် ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာစိုးမိုးလွင်က “Cenozoic Paleogeography of Myanmar (65-0 Ma ( Millennium Year Ago))” ကုန်းမြေချပ်များ ဆင့်ကဲ ပြောင်းလဲလာပုံနှင့် လွန်ခဲ့သော နှစ်သန်းပေါင်း (၆၅) သန်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တောင် ဘက်အခြမ်းတွင် တည်ရှိခဲ့ပြီး Plate (၂)ချပ် ပွတ်တိုက်ခြင်းဖြင့် ယနေ့ခေတ် ကမ္ဘာ့မြောက်ဘက်  အခြမ်းတွင် တည်ရှိလာပုံအကြောင်းကို လည်းကောင်း၊ ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ မောင်မောင်က “Stratigraphy of the primate-bearing beds of the Eocence Pondaung Formation at Paukkaung area, Myanmar” နှင့် စပ်လျဉ်း၍ Upper Memberနှင့် Lower Member များတွင် တွေ့ရှိသည်များကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအေးကိုအောင်က မြန်မာနိုင်ငံတွင် ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်းတွေ့ရှိနိုင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပုံတောင်ပရိုင်းမိတ်ဒေသရှိ လူတူပရိုင်းမိတ်များ အကြောင်း(မူကြမ်း)၊ ယင်းဒေသရှိမျိုးရင်း၊ မျိုးစိတ်များအကြောင်းကို လည်းကောင်း၊ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာဇင်မောင်မောင်သိန်းက တွေ့ရှိရသည့် ပရိုင်းမိတ်ဒေသများရှိ မျိုးစု(Genus)များနှင့် မျိုးစိတ်(Species)တွေ့ရှိမှုများကို ခွဲခြားဖော်ပြရေးသားခြင်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပရိုင်းမိတ်ကာလသမိုင်းစဉ် လူတူပရိုင်းမိတ်အဆင့်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ထိုမှ မြို့ပြလူနေမှု အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုအကြောင်း၊ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ဒေသများကို ထိန်းသိမ်းထားရှိမှုအကြောင်း၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လျာထားဆောင်ရွက်နေမှု၊ ကာကွယ် ထိန်းသိမ်းရန်လိုအပ်မှု၊ ဆက်လက်တူးဖော် သုတေသနပြုရန် အလားအလာ ကောင်းမွန်သော နေရာများကို Short term , Long Term သုတေသန အစီအစဉ်များဖြင့် လျာထား မှု၊ ပြည်သူလူထုအား ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်သော အသိပညာ ဖြန့်ဝေမှု၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဒေသခံများနှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီရန် လိုအပ်မှုများကို ဆွေးနွေးကြသည်။

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ပျူခေတ်ကာလသမိုင်းစဉ်၊ ပရိုင်းမိတ်ကာလ သမိုင်းစဉ် (မူကြမ်း)များ ရေးသားပြီးပါက Review Meeting ကို ထပ်မံကျင်းပမည်ဖြစ်ရာ ဖြည့်စွက် အကြံပြုလိုသော ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များအား ခိုင်မာသော အထောက်အထားများဖော်ပြ၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)၊ ဖုန်း- ၀၆၇-၄၀၈၀၄၀၊ Email:doa.npt408040@gmail.com များသို့ အချက် အလက်များ Review Meeting မပြုလုပ်မီအချိန်မီ ပေးပို့နိုင်ကြောင်း သိရသည်။

သတင်းစဉ်