ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး တပ်မတော်နှင့်အတူ လက်တွဲကြိုးပမ်း
ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး တပ်မတော်နှင့်အတူ လက်တွဲကြိုးပမ်း
Ministry of Information/ Naypyitaw / August 07, 2024
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေကိုကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲကို မကျေနပ်သည့် အစွန်းရောက်နိုင်ငံရေးသမားအချို့၏ ဦးဆောင်မှု၊ စည်းရုံးမှု၊ အားပေးမှု၊ ထောက်ပံ့ကူညီမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့ထံတွင် စစ်သင်တန်းများ၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။
NCA တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များနှင့် NCA တွင် လက်မှတ်ရေးထိုးထားသော အချို့ EAO အဖွဲ့တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ EAO နယ်မြေသို့ ရောက်ရှိလာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို သင်တန်းများပေးပြီးနောက် မြို့ရွာများတွင် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပြုလုပ်ပြီး တည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်ခဲ့ကြသည်။ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံတစ်ဝန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေချိန်တွင် EAO အဖွဲ့အချို့သည် ထိုအပေါ်တွင် အခွင့်အရေးအဖြစ်ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ရေးကို ပြုလုပ်လာကြသည်။
နိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖိတ်ခေါ်ခဲ့သည့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို MNDAA ၊ TNLA ၊ AA အဖွဲ့များက ငြင်းပယ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသမှ လုံခြုံရေးစခန်းများနှင့် ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့သည်။ MNDAA နှင့် TNLA အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့အချို့အပြင် မန္တလေးတိုင်းဒေသကြီးမှ မိုးကုတ်မြို့နှင့် ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးမြို့ကို တိုက်ခိုက်ခဲ့သည်။
လားရှိုးမြို့ကို တိုက်ခိုက်ရာတွင် မြို့ရွာများအတွင်းရှိ လူနေအိမ်အဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားပြီး အဆင့်မြှင့်တင်ထားသည့် ရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများနှင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂ ရက်နေ့တွင် လားရှိုးမြို့ တပ်မတော်ဆေးရုံကို ဒရော့ဗုံးများ အဆက်မပြတ်ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများ၊ မိသားစုဝင်များ၊ ကလေးသူငယ်များနှင့် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့တိုက်ခိုက်ခဲ့သည် မြို့ရွာဒေသများတွင် ၎င်းတို့လူမျိုးဦးရေရာခိုင်နှုန်း အနည်းငယ်သာရှိပြီး ကျန်လူမျိုးအများစုနေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ၎င်းတို့၏လူမျိုးရေး၊ ဒေသအရေးထက် စစ်ဘုရင်ဝါဒထူထောင်ပြီး နယ်မြေဒေသကျူးကျော်ရေးကို ပြုလုပ်နေသည်မှာထင်ရှားသည်။ AA သောင်းကျန်း သူများမှာလည်း အလားတူပင်ဖြစ်သည်။ ရခိုင်လူမျိုးအများစုနေထိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ပြီး ရခိုင်လူမျိုးများ၏ လူမှုစီးပွားဘဝများကို ပျက်စီးအောင်ပြုလုပ်နေသည်။ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်နေခြင်းသည် မြန်မာနိုင်ငံအား ၎င်းတို့၏ဝါဒကို သွတ်သွင်းလိုသည့် ပြည်ပနိုင်ငံအချို့က လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောကွဲလွဲသူများ၊ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား ငွေကြေး၊ အစားအသောက်၊ အဝတ်အထည်ပစ္စည်းများမှအစ လက်နက်ခဲယမ်း၊ နည်းပညာ၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများပါရရှိအောင် ပံ့ပိုးကူညီပေးလျက်ရှိပြီး ပြည်ဖျက်မီဒီယာများက စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်အောင် အားပေးကူညီထောက်ပံ့ပေးလျက်ရှိသည်။
ယခုကာလအတွင်း နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အသက်၊ သွေး၊ ချွေး၊ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးနေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မျိုးချစ်စိတ်ဓာတ်ရှိသည့် ပြည်သူများသည် မြန်မာပြည်ကို ကာကွယ်စောင့်ရှောက်ခဲ့၊ စောင့်ရှောက်လျက်ရှိသဖြင့် အသိအမှတ်ပြု လေးစားဂုဏ်ပြုရမည်ဖြစ်သည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးအခြေအနေသည် နက်နဲရှုပ်ထွေးလာသောကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် တပ်မတော်နှင့်အတူလက်တွဲ၍ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။