ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်


Ministry of Information/ ​နေပြည်တော် / January 16, 2020


နေပြည်တော်  ဇန်နဝါရီ  ၁၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လက်ရှိအစိုးရ၏ (၄)နှစ်တာ ကာလအတွင်း ဌာနအနေဖြင့်  လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင် လုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း စသည့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ရည်မှန်းချက်တာဝန် (၃)ရပ်ကို အခြေခံပြီး ပြည်သူ့အတွက် လက်ငင်းအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကို သစ္စာစီမံချက် ရေးဆွဲချမှတ်ကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် လူတိုင်းနှင့်ပတ်သက်ဆက်နွယ်ပြီး ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့်ဝန်ထမ်းများအနေနှင့် အရှိန်အဟုန်မပျက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ဝန်ကြီးဌာနသည် ယခုအခါ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  e - Government လုပ်ငန်း၏ အဓိက အကျဆုံးလုပ်ငန်းဖြစ်သည့်   e - ID စနစ်ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီ၏ Biometric Data ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အတွက် မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ e-ID စနစ် လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အချိန်ယူဆောင်ရွက်ရသကဲ့သို့ နိုင်ငံအတွက် အကျိုးများစွာရှိမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ e-ID စနစ်ကို အခြားဆက်စပ် ဌာနများ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်မည့်အပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်မည်ဖြစ်၍ အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်လျက်ရှိရာ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ လိုအပ်သည့် စာရင်းဇယားများ ပြုစုပေးကြရန် လိုအပ်ကြောင်း၊ ယခု ပြည်ဝင်ဗီဇာ၊ လူဝင်မှုစစ်ဆေးရေးနှင့် နိုင်ငံခြားသားထိန်းသိမ်းရေးစသည့် လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုက်ရောက်ဗီဇာနှင့် e - Visa ခွင့်ပြုမှုများကို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ဆိပ်ကမ်းများ နှင့် နယ်စပ် ဝင်/ထွက်ဂိတ်များကို ဒီဂျစ်တယ် စနစ်ဖြင့် ဝင်/ထွက်သွားလာနိုင်ရေး၊ e - Gate စနစ်များ အသုံးပြုနိုင်ရေးအတွက် ခေတ်မီစက် ကိရိယာများ တပ်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်း များကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ်များ အဆင်ပြေမှန်ကန်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ကြိုတင်လေ့ကျင့်ထားကြရန် လိုအပ် ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအတွင်းဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ကန့်သတ်နယ်မြေများနှင့် သွားလာခွင့်မရှိသည့် နယ်မြေများသို့ နယ်မြေကျော်လွန် ဝင်/ထွက်မှု မရှိအောင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲနေသော ခေတ်စနစ်ကို မျက်ခြေမပြတ်ဘဲ သမားရိုးကျအတိုင်း ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူများသိရှိ နားလည်လိုက်ပါ ပူးပေါင်းဆောင်ရွက်ရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနမှ ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍  အချက်အလက်အသုံးပြုသူများက ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ယခုထပ်မံ၍ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အတွက် အသုံးပြုနိုင်မည့် ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဌာန၏ ရည်မှန်းချက်တာဝန်များသည် ပြည်သူ့ဆန္ဒကို အလေးထားကာ ဆောင်ရွက်ရပြီး ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည်နှင့်အညီ စေတနာအရင်းခံဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

HOT NEWS
January 4,