ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တောင်ငူ-ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ ကြည့်ရူစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တောင်ငူ-ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ ကြည့်ရူစစ်ဆေး


Ministry of Information/ ​နေပြည်တော် / January 26, 2020


နေပြည်တော် ဇန်နဝါရီ ၂၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အဆင့်(၂) ဖြစ်သည့် တောင်ငူ-ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်းဘူတာရှိ CP.103 လုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းအား အပိုင်းလိုက်ခွဲ၍ လုပ်ငန်း ဆောင်ရွက်ထားမှု၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကွန်ကရစ် ဇလီဖားနှင့် သံလမ်းများ ရောက်ရှိမှု၊ Welding Machine များဖြင့် သံလမ်းဆက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ Railpile ရိုက်ခြင်းလုပ်ငန်း၊ မြေသားတာဘောင်များအား စက်ဖြင့် ကြိတ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် DEMU တွဲဆိုင်းများ ရောက်ရှိမည့် အခြေအနေ၊ စမ်းသပ်ပြေးဆွဲသွားမည့် အခြေအနေ၊ အချက်ပြဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကန်ထရိုက်များနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားအမှတ် ၂၀၅ ဖြူးချောင်း တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်း ပြီးစီးမှုအား ကြည့်ရူစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းမှာကြားသည်။

ထို့နောက် ဖြူးဘူတာသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အမီ ပြီးစီးရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊ ရေလုံလောက်စွာရရှိစေရေး၊ သန့်စင်ခန်းနှင့် မိလ္လာကန်များအား စနစ်တကျ တည်ဆောက်သွားကြရန်၊ ဘူတာတည်ဆောက်နေစဉ် ကာလအတွင်း ခရီးသွား ပြည်သူများ သက်တောင့်သက်သာ နားနေနိုင်ရန်နှင့် စိတ်ချမ်းမြှေ့စွာ ခရီးသွားလာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြွန်တန်ဆာရှိ CP . 102 ပဲခူး-ညောင်လေးပင် လမ်းပိုင်း လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ရထားလမ်း တစ်လျှောက် ကျောက်များ ဖယ်ရှားခြင်းနှင့် မြေသားလုပ်ငန်း ဆောင်ရွက်ထားမှု၊ တံတားတည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ မြေထိမ်းနံရံ များ ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦး ဘူတာအကြား တံတားအမှတ် ၁၁၅ ဘိုင်တားချောင်း တံတားတည်ဆောက်နေမှု၊ ဒိုက်ဦး ဘူတာနှင့် အိမ်ခြေ လေးဆယ်ဘူတာအကြား တံတားအမှတ် ၁၁၁ ကောလိယ ချောင်းတံတား တည်ဆောက်နေမှု၊ လမ်းတစ်လျှောက် လမ်းပိုင်းများနှင့် တံတားများပြုပြင် တည်ဆောက်နေမှုအား ကြည့်ရူစစ်ဆေး သည်။ ထို့နောက် ထုံးကြီး ဘူတာရှိ CP.101 ၌ သံလမ်းဆက်များ ပြုလုပ်ထားရှိမှုနှင့် အဆက်များ ကြံ့ခိုင်မှုကို စက်ဖြင့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်မည့် သံလမ်းများအား ကြည့်ရူစစ်ဆေးသည်။

(သတင်းစဉ်)




 

 

HOT NEWS
January 4,