ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 09, 2023
image_latest


နေပြည်တော် နိုဝင်ဘာ ၈

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော် ဆွမ်းစားကျောင်းဆောင်၌ ကျင်းပသည်။

အစည်းအဝေးသို့ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ၊ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တအာစာရ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ ကြွရောက်တော်မူကြပြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသံဝရာဘိဝံသက ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တံ့အောင်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်လူငယ်များကို ဘာသာရေး၌ သိရှိနားလည်စေရန်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းဥပဒေများကို တိတိကျကျလိုက်နာ၍ ဆောင်ရွက်ဖွယ်ကိစ္စမှန်သမျှ မလစ်ဟင်းရလေ အောင်သော်လည်းကောင်း၊ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်ဖွယ်ကိစ္စမှန်သမျှ ကိုယ့်သဘောဆန္ဒအတိုင်းမဟုတ်မူ၍ အများသဘောတူချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းဥပဒေများကို မျက်ကွယ်ပြု၍ ဆောင်ရွက်မှုမျိုးမဖြစ်ရလေအောင်သော်လည်းကောင်း၊ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း ဩဝါဒကထာမြွက်ကြားသည်။

ပညာသင်ကြားပေး

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေးမူလတန်းကျောင်း ၇၁၉ ကျောင်း၊ မူလတန်းလွန်ကျောင်း ၅၇၄ ကျောင်း၊ အလယ်တန်းကျောင်း ၉၄ ကျောင်းနှင့် တွဲဖက် အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ၁၃၈၉ ကျောင်း ဖွင့်လှစ်ထားရှိပြီး မူလတန်းကျောင်းသား ၂၇၆၂၅၀၊ မူလတန်းလွန် ကျောင်းသား ၄၁၅၆၄ ဦး၊ အလယ်တန်း ကျောင်းသား ၁၉၀၃၉ ဦး၊ အထက်တန်းကျောင်းသား ၂၃၁၉ ဦး စုစုပေါင်းကျောင်း သား ၃၃၉၁၇၂ ဦးတို့ကို မူလတန်း ပြ ဆရာ ဆရာမ ၅၈၇၉ ဦး၊ မူလတန်းလွန်ပြ ဆရာ ဆရာမ ၈၈၀၊ အလယ်တန်းပြ ဆရာ ဆရာမ ၄၁၈ ဦး၊ အထက်တန်းပြဆရာ ဆရာမ ၅၄ ဦး စုစုပေါင်း ၇၂၃၁ဦး တို့ဖြင့် ပညာသင်ကြားပေးလျက် ရှိကြောင်း။

ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာ ဆရာမ ထောက်ပံ့ငွေများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယခုအခါတွင် မူလတန်းပြ ဆရာတစ်ဦးလျှင် ငွေကျပ် ၅၇၀၀၀၊ မူလတန်းလွန်နှင့် အလယ်တန်းပြဆရာတစ်ဦး လျှင် ၆၄၅၀၀၊ အထက်တန်းပြ ဆရာတစ်ဦးလျှင် ၇၀၅၀၀ နှုန်းဖြင့် ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးတော်မူပါရန် လျှောက်ထားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခြေခံပညာသင်ကြားရေး မူဝါဒနှင့်အညီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြလျှောက်ထားပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခြေခံပညာသင်ကြားရေး မူဝါဒနှင့်အညီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့်ပတ်သက်သည့် ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျောင်းထွက်လက်မှတ်(TC)နှင့် စပ်လျဉ်း၍တွေ့ရှိချက်များ၊ Garde-5 နှင့် Grade-9 စာစစ်ဌာနဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များ၊ ပညာရေးဥပဒေ၊ မူဝါဒများအရ အခြေခံပညာဦးစီးဌာနက ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးလျှောက်ထားသည်။

ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက တွဲဖက်သင်ကြားမှုကိစ္စများ၊ ကျောင်းထွက်လက်မှတ်(TC) ထုတ်ပေးခြင်း၊ Garde-5 နှင့် Garde-9 စာမေးပွဲများဖြေဆိုခြင်း ရှုထောင့် ၆ ရပ်ပါ အခြေခံပညာကျောင်းများ ကြီးကြပ်အကဲဖြတ်မှတ်တမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် (ဗဟို)ကြီးကြပ်ရေးအဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၏ ဆွေးနွေးလျှောက်ထားမှုများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ဆွေးနွေးလျှောက်ထားချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ကြသည်။

ဩဝါဒကထာမြွက်ကြား

ယင်းနောက် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသံဝရာဘိဝံသက နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်

HOT NEWS
January 4,