မိမိကိုယ်မိမိစောင့်ရှောက်ခြင်းဖြင့် ရောဂါဘေးဘယာများကို ခုခံကာကွယ်

မိမိကိုယ်မိမိစောင့်ရှောက်ခြင်းဖြင့် ရောဂါဘေးဘယာများကို ခုခံကာကွယ်


Ministry of Information/ ​နေပြည်တော် / February 27, 2020


“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားသည့်နေ့မှစ၍ ကူးစက်ခံရမှုနှင့် သေဆုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ရက်အတွင်း ၇၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၂၆၆၃ ဦး၊ ကူးစက်ခံရသူ ၇၇၆၅၈ ဦး ရှိခဲ့ပြီဖြစ် သည်။ အိမ်နီးချင်းတရုတ်နိုင်ငံတွင် သေဆုံးမှု၊ ကူးစက်မှု မြင့်တက်နေပြီး ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများတွင်ပါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သတိဝီရိယ ကို ပိုသည်ဟူ၍သဘောမထားဘဲ ယခုထက်ပိုမိုအထူးဂရုစိုက်၍ ခုခံ ကာကွယ်တားဆီးသွားကြရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ COVID-19 ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ နှင့်ပတ်သက်၍ အတည်ပြုရောဂါလူနာမတွေ့သေးသော်လည်း ထိုကူးစက် ရောဂါသည် အချိန်မရွေး၊ နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေးအရေးပေါ်ကိစ္စ ရပ်အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်နေမှုများကိုအသိအမှတ်ပြုရမည်ဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တိုက်တွန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးနှိုးဆော် ချက်များထုတ်ပြန်ထားသည်။ အကယ်၍ မဖြစ်မနေပြုလုပ်ရမည်ဆိုပါလျှင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပေး နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ အထူးသဖြင့် ထိုရောဂါသည် ပြည်တွင်း၌ကူးစက်ဖြစ်ပွားခြင်းမရှိသဖြင့် ပြည်ပမှ ဝင်ရောက် လာသော လူများမှတစ်ဆင့်သာ ကူးစက်နိုင်သောကြောင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်လာသောဧည့်သည်များအား သေချာစွာစောင့်ကြည့် ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည်။ အဆိုပါရောဂါ မည်သို့ဖြစ်ပွားသည်။ ပျံ့နှံ့သည်ဖြစ်စေ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လက်ရှိကောင်းမွန် နေသောအနေ အထားထက် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် မိမိ ကိုယ်ကို ကျန်းမာအောင် နေထိုင်ပြုမူလုပ်ကိုင်သွားရမည်ဖြစ်သည်။

ပြင်ပကျန်းမာရေးနှင့်ပတ်သက်၍ နံနက်စောစောနေရောင်ခြည်ကဲ့သို့ သင့်တင့်သောနေရောင်ခြည်နှင့်ထိတွေ့ခြင်း၊ သင့်လျော်သော ပတ်ဝန်းကျင်/ ကိုယ်ခန္ဓာ အပူချိန်ရှိခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ရောဂါကူးစက် နိုင်သော နေရာများတွင် ကလိုရင်း ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ လက်ကို သန့်ရှင်းအောင် အစဉ်အမြဲဆေးကြောသန့်စင်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ကိုယ်ခံအားကောင်း ခြင်းတို့သည် ဗိုင်းရပ်စ်ပိုးအား ကြိုတင်ကာကွယ် ခုခံတားဆီးနိုင်သော အကောင်းဆုံးနည်းလမ်းများဖြစ်သည်။

လူတိုင်းလူတိုင်း တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ အိပ်ရေးဝ အောင် အိပ်စက်ခြင်း၊ နံနက်စာကိုပုံမှန်စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် သောအစားအသောက်များကို ပုံမှန်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း၊ စိတ်ရွှင်လန်း တက်ကြွပြီး စိတ်ချမ်းသာအောင်နေထိုင်ခြင်းနှင့် အရာရာတွင် အကောင်းမြင်တတ်ခြင်းတို့သည် COVID-19 ဗိုင်းရပ်စ်ပိုး သာမက အခြားမည်သည့်ရောဂါ၊ ဗိုင်းရပ်စ်ပိုးမျှ အလွယ်တကူမဝင်ရောက် နိုင်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်သည်။

သို့ဖြစ်ရာ ရောဂါဘေးဘယာများအမျိုးမျိုးထူပြောနေသော ယနေ့ ကာလတွင် မိမိကိုယ်တိုင်အထူးဂရုပြု၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရမည်ဖြစ်ရာ ကိုယ်စီကိုယ်စီကိုယ်ခံအားကောင်းမွန်ကြလျှင် ဝင်ရောက် လာနိုင်သော ရောဂါဘေးအန္တရာယ်များ ကို ခုခံကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,