မှန်ကန်သည့် အကြံပြုချက်များအတိုင်း နေထိုင်

မှန်ကန်သည့် အကြံပြုချက်များအတိုင်း နေထိုင်


Ministry of Information/ ​နေပြည်တော် / January 28, 2020


အိမ်နီးချင်းနိုင်ငံမှ ကူးစက်ရောဂါပျံ့နှံ့မှုသတင်းက မိမိတို့ နိုင်ငံမှ ပြည်သူများအတွင်း၌လည်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ၂၀၁၉ - နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟု တရားဝင်အမည်ရှိသည့် အဆိုပါ ကူးစက်ရောဂါပိုးမှာ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပူဟန်မြို့ကို အစွဲပြုပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟူ၍လည်း အမည်တွင်နေခဲ့ပြီဖြစ်သည်။ လူဦးရေ ၁၉ သန်းကျော် နေထိုင်သည့် ဝူဟန်မြို့ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုစတင်လာခဲ့ ချိန်မှစ၍ ကူးစက်မှုအရှိန်အဟုန်မြင့်မားလာသည့် လက်ရှိအချိန်တွင်မူ လူသွားလူလာ အလျှင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီ ဖြစ်သည်ကို သတင်းများတွင် တွေ့ရသည်။ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်မှာမူဟောင်ကောင်၊ မကာအို၊ တရုတ် (တိုင်ပေ) တို့အပြင် ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဗီယက်နမ်တို့အထိ ရောက်ရှိသွားပြီဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် ၂၀၁၉- နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုနိုင်သည့် လူနာစုစုပေါင်း ၂၃ ဦးရှိသည့်အနက် ၂၁ ဦးတို့မှာ ဝူဟန်မြို့သို့ ခရီးသွားခဲ့ကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟုဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဝင်ထွက်ပေါက်များ ရှိနေသည့်အပြင် လေကြောင်းမှ နေ့စဉ်ဝင်ထွက်မှုများလည်းရှိခြင်း၊ မြန်မာနိုင်ငံနှင့် နောက်ထပ် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့ပါ ရောဂါကူးစက်လာနေခြင်း၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ တရုတ်ဘက်ခြမ်းမြို့ အချို့၌ပါ ရောဂါပျံ့နှံ့မှုများ တွေ့ရှိလာရခြင်း သတင်းများကြောင့်လည်း မိမိတို့ မြန်မာနိုင်ငံအတွင်း စိုးရိမ်မှုများမြင့်တက်လာနေရခြင်းဖြစ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ခံရပြီးသူ တစ်ဦးတွင် ရောဂါအစပျိုးချိန်မှာရက်သတ္တပတ် ၂ ပတ်ကျော်ကြာ မြင့်သည်ဆိုသည့် အချက်မှာလည်း အထူးဂရုပြုဖွယ်ပင် ဖြစ်သည်။

သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက မိမိတို့၏ ကျန်းမာရေးကို ဂရုပြုကာကွယ်စောင့်ရှောက်ကာ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့်အညီ စားသောက်နေထိုင်သွားခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအများသုံးစွဲကြသည့် လူမှုကွန်ရက်များတွင် ရောထွေးနေသည့် သတင်းမှား၊ သတင်းမှန်များ၊ မဟုတ်မမှန် လုပ်ကြံ ရေးသားထားသည်များ စသည်တို့ကြောင့် အချက်အလက်အမှန်များကို မရရှိဘဲ စိတ်ရှုပ်ထွေးဖွယ်ရာများကိုသာ တွေ့ကြုံရဖွယ်ရှိသည့်အလျောက် ခိုင်မာမှန်ကန်၍ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များမှ သတင်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကိုသာ ရယူကြရန် တိုက်တွန်းလိုသည်။

အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်သည့် ၂၀၁၉ - နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးတွယ်ကပ်နေသည့် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်မိ၍ ကူးစက်ခြင်းဟူသော နည်းလမ်း နှစ်သွယ်ရှိနေရာ နှာခေါင်းနှင့် ပါးစပ်တို့ လုံခြုံအောင် နှာခေါင်းစည်း အသုံးပြုဖုံးအုပ်ခြင်း၊ ရေနှင့်ဆပ်ပြာတို့ကို အသုံးပြု၍ လက်များကို မကြာမကြာဆေးကြောခြင်းတို့က ရာခိုင်နှုန်း တော်တော်များများ ကာကွယ်ပေးနိုင်သည်။ လူထူသည့်နေရာများ၊ ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း၊ လူကျပ်သည့် ဘတ်စ်ကားများကို မဖြစ်မနေစီးရလျှင်လည်း အသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက်မှု မဖြစ်ပွားစေရန် ဂရုပြုခြင်း၊ သားငါးများကို ကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှ စားသောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုပြုခြင်း၊ အာဟာရပြည့်ဝအောင် စားသုံး၍ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း စသည့် အကြံပြုချက်များ အတိုင်း နေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်ကြသည်။

အဆုတ်ရောင်ရောဂါ (၂၀၁၉-nCoV) ကို မိမိကိုယ်တိုင် ဖြစ်ပွားသည်ဟု သံသယရှိလျှင်ဖြစ်စေ၊ အခြားတစ်ဦးဦးတွင် ဖြစ်ပွားနေသည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိလျှင်ဖြစ်စေ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများသို့ အမြန်ဆုံး သွားရောက်ကုသကြရန် လိုအပ်သည်။ သာမန်ဖျားနာရောဂါ မဟုတ်သည့်အလျောက် ထိရောက်မှန်ကန်သည့်ကုသမှုကို ရယူနိုင်မှသာ ရောဂါဘယဘေး ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,