ရန်ကုန် - ကိုကိုးကျွန်း ရေလမ်းခရီးစဉ်ကို “သဟာပတိ”ရေယာဉ်ဖြင့် စတင်ပြေးဆွဲ

ရန်ကုန် - ကိုကိုးကျွန်း ရေလမ်းခရီးစဉ်ကို “သဟာပတိ”ရေယာဉ်ဖြင့် စတင်ပြေးဆွဲ


Ministry of Information/ ​နေပြည်တော် / January 22, 2020


ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ်စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာကေတ မြို့နယ် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်း သာကေတဆိပ်ခံတံတားတွင် ကျင်းပ ခဲ့သည်။

အဆိုပါခရီးစဉ် စတင်ပြေးဆွဲမည့် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများက ရန်ကုန်-ကိုကိုးကျွန်း ပြေးဆွဲမည့် ခရီးစဉ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

“လစဉ်လတိုင်း ဒီခရီးစဉ်ပြေးဆွဲ မယ်ဆိုရင် ဟိုမှာ ဟင်းသီးဟင်းရွက် စားနိုင်မယ်၊ သား ငါး စားနိုင်တဲ့ အခြေအနေတွေ ဖြစ်လာမယ်။ ကျွန်တော်တို့ ဒေသခံပြည်သူတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ကိုကိုးကျွန်း ကြီးကို စည်ကားဖို့အတွက် ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ကိုကိုးကျွန်းမှာရှိတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်ဖို့ အတွက် ဖြစ်ပါတယ်။ ကိုကိုးကျွန်းကို ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲမယ်။ နောက်ပိုင်းကျရင် ၂၄ နာရီ မီးပေးနိုင်ဖို့အတွက် ဆိုလာနဲ့ မီးပေးနိုင်ဖို့ အတွက် ဆက်လက်ဆောင်ရွက် သွားမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ်ကို စတင်သယ်ယူပို့ဆောင် ပေးသော ရေယာဉ်မှာ “သဟာပတိ” ရေယာဉ်ဖြစ်ပြီး ခရီးသည် ၆၀ ခန့် နှင့် ကုန်တန်ချိန် ၃၀၀ နီးပါး သယ်ဆောင်နိုင်ကြောင်း သိရသည်။ အဆိုပါရေယာဉ်ကို YRTA အနေဖြင့် ငွေကျပ်သိန်း ၂၀၀ နှင့် စာချုပ်ချုပ်ကာ ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရ သည်။ ရန်ကုန်- ကိုကိုးကျွန်း ခရီးစဉ်ကို တစ်လလျှင် တစ်ကြိမ်ခန့် ပြေးဆွဲ နိုင်အောင် စီမံဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဒေသခံ ပြည်သူများ၊ တာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အဖွဲ့အစည်းများကို ဦးစားပေး သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ငွေနဲ့ပြောရင်တော့ ပြန်မရတဲ့အတွက် ရှုံးတယ် လို့ပြောလို့ရပေမယ့် ကျွန်းမှာနေတဲ့ အခက်အခဲရှိတဲ့ လူထုအတွက်က တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ရဲ့ ကြိုးပမ်းအားထုတ်မှုလုပ်ငန်း တိုင်းဟာ ပြည်သူလူထုအကျိုးကို ဆောင်ရွက်တာဖြစ်တဲ့အတွက် လုပ်ငန်းနဲ့ပြောရင် ရှုံးတယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ကျွန်တော် တို့တစ်တွေက မြို့ကြီးမှာနေရတယ်၊ ကိုယ့်ရဲ့ သက်သာချောင်ချိမှုတွေ ကောင်းတယ်၊ ဟိုမှာ ကျွန်းပေါ်မှာနေရ တဲ့လူတွေက ကန့်သတ်ချက်နဲ့ နေရတယ်၊ အချိန်မရွေး အခက်အခဲတွေက ကြုံနိုင်တယ်။ ဒီလို ပုဂ္ဂိုလ်တွေရဲ့ သက်သာချောင်ချိမှု၊ ပြည်သူလူထု အတွက် လုပ်ပေးရတာက ဒီငွေနဲ့ နှိုင်းဆရင်တော့ ရှုံးတယ်လို့ မသုံးသပ် ချင်ဘူး” ဟု YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့ သာကေတဆိပ်ခံ တံတားမှ ကိုကိုးကျွန်းမြို့နယ်သို့ ယနေ့ စတင်ထွက်ခွာသွားသော သဟာပတိ ရေယာဉ်တွင် ခရီးသည် ၄၀ နီးပါးနှင့် ရေယာဉ်ဝန်ထမ်း ၁၅ ဦးလိုက်ပါကာ ကုန်တန်ချိန် ၂၇၉ တန် ခန့် သယ်ဆောင်သွားကြောင်း သိရ သည်။ ကုန်ပစ္စည်းများတွင် ဒေသခံ ပြည်သူများအတွက် စားသောက် ကုန်များနှင့် တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းများ ပါဝင်သည်။ လိုက်ပါ စီးနင်းသော ခရီးသည်များအား လက်မှတ်ခ အခမဲ့ဖြစ်ပြီး ခရီးစဉ် အတွင်း ထမင်းကျွေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်အတွက် သင်္ဘောမောင်းနှင် ချိန်မှာ ခန့်မှန်းကြာမြင့်ချိန် နာရီ ၄၀ ရှိကြောင်း သိရသည်။ သဟာပတိ ရေယာဉ်မှာ ကိုကိုးကျွန်းသို့ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် စတင်ထွက်ခွာသွားကြောင်း သိရ သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

HOT NEWS
January 4,