ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ


Ministry of Information/ ​ရှမ်း / January 27, 2020


ကွမ်းလုံ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊  ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်(၁၀) နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ တံတားအထူးအဖွဲ့(၄)၊ မန္တလေးမြို့ တည်ဆောက်ရေးအဖွဲ့ ရှင်းလင်းဆောင်၌ သံလွင်မြစ်ကူး တံတား(ကွမ်းလုံ) တည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့(၄)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ တံတားတည်ဆောက်ရေး နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဖြည့်စွက်မှာကြားကာ တံတားတည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဗာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကွမ်းလုံမြို့သံလွင်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကွမ်းလုံမြို့တွင် လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်မှာ (၃) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုလာရောက်သည်မှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ ပွင့်လင်းမြင်သာစွာ လိုအပ်ချက်များ တင်ပြဆွေးနွေး ပေးကြရန်ပြောကြားသည်။

ထို့နောက် ကွမ်းလုံမြို့မိမြိုဖ ဦးအယ်သိန်းမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ကြိုဆိုပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အမှိုက်စွန့်ပစ်မည့် နေရာနှင့် သုသာန်မြေကိစ္စများ၊ တိုင်းရင်းသားလူငယ်လေ့ကျင့်ရေးကျောင်း၌ ရေရရှိရေး၊ မြေယာများ လျော်ကြေးရရှိရေး၊ မူးယစ်းဆေးဝါး ကိစ္စရပ်များနှင့် လမ်းတံတားတည်ဆောက်ပေးနိုင်ရန် ဆွေးနွေးတင်ပြပြီး ကြက်ခြေနီတာဝန်ခံ ဦးတာမှ ကြက်ခြေနီရုံး အဆောက်အဦ ကိစ္စရပ်များ ဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့မှ ဒေသခံပြည်သူများတင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကြက်ခြေနီရုံးအဆောက်အဦအား သွားရောက်ကြည့်ရှုကြ ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

HOT NEWS
January 4,