ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်တိုင်မှ ကြေးမီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်တိုင်မှ ကြေးမီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / July 01, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်တိုင်မှ ကြေးမီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပင်ဟားကျပ်ကျေးရွာထိပ်အရောက်၌ ရွှေညောင်မြို့၊ ရတနာ(၁)ရပ်ကွက်နေ အောင်သိန်းဦး(၂၀)နှစ် မောင်းနှင်ပြီး ညောင်ရွှေမြို့နယ်၊ စခန်းကြီးကျေးရွာနေသူများဖြစ်ကြသည့် ပြည့်စုံအောင်(ခ)ကိုပြည့်(၂၄)နှစ်နှင့် ထက်ဝေယံ(ခ)ဝေယံ(၁၅)နှစ်တို့ လိုက်ပါလာသည့် FEILING ဆိုင်ကယ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ပြည့်စုံအောင်(ခ)ကိုပြည့် လွယ်ထားသည့်လွယ်အိတ်အတွင်းမှ Cutter တစ်ခု၊ ဓာတ်တိုင်တက်ရာတွင် အသုံးပြုသည့် သံကွင်းဖိနပ် တစ်စုံ၊ ထက်ဝေယံ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ၂၁ ပေခန့်အရှည်ရှိ ကြေးမီးကြိုးခွေ တစ်ခွေတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ဖြင့် စစ်မေးခဲ့ရာ နောင်ပယ်-ပင်ဟားကျပ်ကျေးရွာသွား ကားလမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်မှ မီးကြိုးအား ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်သိန်းဦးပါ သုံးဦးအား တောင်ကြီးနယ်မြေရဲစခန်း (ပ)၁၀၆/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။