သတိပြုကြဖို့ ကပ်ရောဂါတစ်ကျော့ပြန်

သတိပြုကြဖို့ ကပ်ရောဂါတစ်ကျော့ပြန်

Ministry of Information/ ​နေပြည်တော် / August 04, 2020


ဩဂုတ်လ ၂ ရက်နေ့ သတင်းများအရ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကိုဗစ်-၁၉ရောဂါလူအများတွင် ဖြစ်ပွားလျက်ရှိသည်ဟု သိရ၏။ တစ်နေ့ တခြား ရောဂါဖြစ်ပွားသူဦးရေက မြင့်တက်လာနေပြီး မည်သို့ကူးစက် ပြန့်ပွားနေသည်ကို ခြေရာခံ၍ မရသေး။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တွင် ရောဂါဖြစ်ပွားသူ ၂၀၀ ခန့် ရုတ်တရက် ထွက်ပေါ်လာ၏။ ဒါနန်းမြို့က ကမ္ဘာလှည့်ခရီးသွားတို့အလည်သွားရောက်မှုများသည့် ပင်လယ်ကမ်းခြေ မြို့ဖြစ်၏။ ဩဂုတ်လ ၃ ရက်ဆိုလျှင် ဓာတ်ခွဲအတည်ပြုလူနာ ၆၂၀ ထိ ရှိလာသည်။ ဒါနန်းတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ဇူလိုင်လကုန်အထိ လုံးဝမရှိရာမှ ယခုရက်ပိုင်းတွင် သြဂုတ်လ ၂ ရက်အထိ သုံးဦးရှိကာ ဩဂုတ်လ ၃ ရက်တွင် ခြောက်ဦးသို့ တိုးလာခဲ့သည်။ ။

မူလက ထိန်းချုပ်နိုင်သော အနေအထားရှိသည့် ဒေသတွင် ယခုလို ဒုတိယလှိုင်းတစ်ကျော့ပြန်လာပြီး ရောဂါပြန့်ပွားကူးစက်လာမှု ရှိနေခြင်း က မြန်မာနိုင်ငံအတွက်လည်း အချက်ပေးခေါင်းလောင်းထိုးလိုက်ခြင်း ဟု ယူဆပါသည်။ မြန်မာနိုင်ငံသားတို့ ကိုဗစ်ကပ်ရောဂါကို ပေါ့ပေါ့ဆဆ သဘောမထားရန် သတိပေးနေခြင်းပင်။ ။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ၏ အန္တရာယ်ကို ယနေ့အချိန်ထိ မည်သူမျှ တိတိကျကျ မှန်းဆတွက်ချက်နိုင်ခြင်း မရှိသေးချေ။ ကုသဆေး၊ ကာကွယ် ဆေးတို့ မပေါ်သေး။ နိုင်ငံတကာက နိုင်ငံကြီးများ၊ ဆေးပညာဆိုင်ရာ သုတေသနဌာနကြီးများအသီးသီး အန္ဒီဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကို ရှာဖွေစမ်းသပ်နေကြဆဲဖြစ်၏။ စိတ်ချရသည့်ဆေးဟူ၍ ယနေ့အထိ မဖော်စပ် မထုတ်လုပ်နိုင်သေး။

ဗိုင်းရပ်စ်ပိုး ပြန့်ပွားကူးစက်မှုကို တားဆီးထိန်းချုပ်နိုင်ရေးကိုသာ မိမိတို့နိုင်ငံ၏ အခြေအနေပေါ်မူတည်၍ သင့်သလို ကြိုးစားကာကွယ် နေရဆဲဖြစ်၏။

ထို့ပြင် လူတစ်ဦးတစ်ယောက်ထံတွင် ပိုးရှိနေလား၊ မရှိဘူးလား ဆိုသည်ကလည်း သာမန်အပေါ်ယံအမြင်ဖြင့် မသိနိုင်။ လူတိုင်းတွင်ရောဂါပိုးရှိနေနိုင်သည်ဟူ၍ မှတ်ယူကာ သတိဖြင့်နေကြခြင်းသည်သာ ဗိုင်းရပ်စ်ပိုး ကာကွယ်ထိန်းချုပ်ရေးဗျူဟာ ဖြစ်နေသည်။

မြန်မာနိုင်ငံအတွက်မူကုသရေးထက် ကာကွယ်ရေးက ပိုမိုအရေးကြီး မည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏အထွေထွေအခြေအနေက၊ ရောဂါဖြစ်ပွား ပြီဆိုလျှင် ကုသနိုင်သည့် စရိတ်စကမှအစ ကျန် ဆရာဝန်၊ ဝန်ထမ်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ၊ အကူကိရိယာ စသည့်အထွေထွေ သော အထောက်အပံ့အင်အားတို့က အားနည်းချို့တဲ့လှ၏။ ။ ထို့ကြောင့်ပင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ လူထု၏ စည်းကမ်း လိုက်နာမှုတို့က ကာကွယ်ရေးအတွက် အရေးပါ၏။ စည်းကမ်းမရှိခြင်း သည် ဗိုင်းရပ်စ်ရောဂါပိုးကဲ့သို့ပင် စိုးရိမ်စရာ၊ ပူပန်စရာ ဖြစ်၏။ ထိန်းသိမ်းရခက်ခဲနေသည့် နိုင်ငံကြီးများရှိ အချို့သောသူတို့သည် ကိုယ့်အသက်နှင့်ကိုယ် ဘယ်သူမှဂရုမစိုက်၊ ကိုဗစ်မဖြစ်လည်း လူဆိုသည် မှာ သေမျိုးသာဟူသည့် အယူအဆကိုလှုံ့ဆော်ခြင်းဖြင့် ရောဂါပြန့်ပွားမှု ဆိုးရွားသွားခဲ့လေ၏။ ထိန်းချုပ်ရန်လွန်စွာခက်ခဲကာ ကိန်းဂဏန်းများ အလွန်မြင့်မားလာလေသည်။ ထိုသတင်းများကြောင့် တစ်ကမ္ဘာလုံး အထိတ်တလန့် ဖြစ်ကြရလေသည်။

လူတစ်ဦး၏အသက်သည် တန်ဖိုးရှိ၏။ လူတစ်ဦး သက်တမ်းစေ့ အသက်ရှင်နေထိုင်နိုင်ရေးကို လူမှုအဖွဲ့အစည်းက အလေးထား၏။ ယခု ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် လူတစ်ဦးချင်း၏ အသက် ရှင်သန်နိုင်ရေးသာမက မိမိတို့လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ အသက် အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသည့် ပြဿနာကြီးဖြစ်နေပေသည်။

အခြားတစ်ဖက်တွင်လူတို့ တစ်ချိန်လုံး အိမ်တွင်းပုန်းနေရန်ဆိုသည် ကလည်း ခက်ခဲသည်မှာ အမှန်။ စီးပွားရေးအရ၊ စားဝတ်နေရေးအရ၊ လူမှုရေးအရ၊ လှုပ်ရှားသွားလာမှုအရ ဆိုသည်တို့က ရှိနေမည်သာ။ ပညာရေး၊ အရေးပေါ်ကျန်းမာရေးကိစ္စ၊ အရေးပေါ်လူမှုရေးကိစ္စ စသည့်လောကီလူမှု ဝတ္တရား စသည့်ရှောင်လွှဲ၍မရနိုင်သည်တို့ကလည်း ရှိမည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၊ မဲပေးရေးကာလတို့ကိုလည်း ဖြတ်သန်းရမည်ဖြစ်ရာ နိုင်ငံသားတို့အတွက် ပိုမိုသတိပြုရမည်တို့က ရှိနေမည်။

လက်ငင်းအားဖြင့် အထိရောက်ဆုံးကာကွယ်နည်းမှာ လူတစ်ဦးချင်း က ရောဂါကာကွယ်ရေးစည်းကမ်းတို့ကို လိုက်နာကျင့်ကြံခြင်းပင် ဖြစ်ပေသည်။

အတတ်နိုင်ဆုံး လူစုလူဝေးမပြုလုပ်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှု အနည်းဆုံးဖြစ်အောင်နေခြင်း၊ အနည်းဆုံး ခြောက်ပေအကွာမှ ပြောဆို ဆက်ဆံနေထိုင်ကြခြင်း၊ အပြင်ထွက်ရသည်ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်းကို မမေ့မလျော့ ဝတ်ဆင်ကြခြင်း၊ ရေနှင့်ဆပ်ပြာသုံး၍ စက္ကန့် နှစ်ဆယ်ကြာ စနစ်တကျဖြင့် လက်ကို မကြာခဏဆေးခြင်း စသည်တို့ကို အလေးအနက်ထား လိုက်နာကျင့်ဆောင်ကြခြင်းဖြင့် မိမိ အတွက်၊ မိမိ မိသားစုအတွက်၊ မိမိတို့ လူမှုဝန်းကျင်နှင့် နိုင်ငံအတွက် ကပ်ရောဂါ၏ အန္တရာယ်မှ ကင်းဝေးရာရောက်မည် ဖြစ်ပါသတည်း။ ။

အထူးသတင်း