အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပညာရှင်များ၏ ကြိုပမ်းမှုဖြင့် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်မည်

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပညာရှင်များ၏ ကြိုပမ်းမှုဖြင့် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်မည်


Ministry of Information/ ​နေပြည်တော် / February 17, 2020


နေပြည်တော် ဖေဖော်ဝါရီ ၁၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် (၂၀၀၈) ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၆) ရက်မှစတင်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေး ဗိုင်းရပ်(စ်) ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို  ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အသက်ရှု လမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသခြင်း လုပ်ငန်းများတွင် အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် အဆိုပါရောဂါပိုးကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင် များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီးဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်းများရရှိစေရန် ချိတ်ဆက် ဆောင်ရွက်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိသည်။

ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ် (စ်) ရောဂါပိုး ရှိ၊ မရှိအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်တည်း ဓာတ်ခွဲစစ်ဆေး လျက်ရှိရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရ သည်။

ထိုသို့ တစ်ပြိုင်တည်း ဓါတ်ခွဲစစ်ဆေးမှုအရေအတွက်နှင့် အဖြေများ ကိုက်ညီမှန်ကန်မှု ရှိသည့် အတွက် ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,