အသစ်တိုးလာသည့် အထောက်အထားများနှင့် သတိထားကြရဦးမည့် ကိုဗစ်-၁၉

အသစ်တိုးလာသည့် အထောက်အထားများနှင့် သတိထားကြရဦးမည့် ကိုဗစ်-၁၉


Ministry of Information/ ​နေပြည်တော် / July 10, 2020


လေ့လာတွေ့ရှိချက်အသစ်များအရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် လေမှတစ်ဆင့် ပျံ့လွင့်ကူးစက်နိုင်ခြေ များစွာရှိသည့် အထောက်အထားများ တွေ့ရှိလာရသည်ဟု ဆိုသည်။ ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ ယခင်က တွေ့ရှိချက်များတွင်လည်း လေထဲမှတစ်ဆင့် ကူးစက်ခြင်းနှင့် အရာဝတ္ထုတစ်ခုခုကို ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်းတို့ကို သိရှိထားကြပြီးဖြစ်သည်။ လေထဲမှတစ်ဆင့် ကူးစက်နိုင်ခြင်းကြောင့် လူစုလူဝေးကို ရှောင်ရန်၊ ပြင်ပ၌ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၃ ပေမှ ၆ ပေအထိ ခပ်ခွာခွာ နေရန် တို့ကို သက်ဆိုင်ရာတို့က လမ်းညွှန်အကြံပြုထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူထက်ဝက်ကျော်တို့မှာ မည်သည့်ရောဂါလက္ခဏာမှ မပြဘဲ သာမန်လူကောင်း တစ်ယောက်အနေဖြင့်သာ ရှိနေခြင်းနှင့် လေမှတစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြင်းတို့က ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေအပေါ် စိုးရိမ်ပူပန်ရမှုတို့ကို တိုးစေသည်။ လေထုမှတစ်ဆင့် ကူးစက်သည် ဟုဆိုရာတွင် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းတို့မှတစ်ဆင့် ပျံ့လွင့်ထွက်ပေါ်လာသည့် အမှုန်အမွှား(droplets)များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ပါရှိလာကာ ယင်းတို့ကို ရှူရှိုက်မိရာမှ ကူးစက်ခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွေ့ရှိမှုများတွင်မူ အသက်ရှူထုတ်ရာမှလည်း ရောဂါပိုးပျံ့နှံ့သွားနိုင်သည်ဟူ၍ ယူဆဖွယ်ရာများကို တွေ့ရှိလာရခြင်းဖြစ်သည်။

ကိုယ်မပူ၊ ချောင်းမဆိုး၊ နှာမချေသော်လည်း ကိုဗစ်-၁၉ ရောဂါ -ကူးစက်ခံထားရသူတစ်ဦးက အသက်ရှူထုတ်လိုက်ရုံမျှဖြင့် ရောဂါပိုးပျံ့နှံ့နိုင်သည့် အခြေအနေမျိုး ဖြစ်လာသည့်အခါတွင် လူတိုင်းလူတိုင်း -လူစုလူဝေးကို ကျပ်ကျပ်ရှောင်ကြဉ်ဖို့လိုအပ်လာသည်။ မျက်နှာနှင့် မျက်နှာဖုံး၊ ပါးစပ်နှာခေါင်းစည်းတို့ မပြတ်တပ်ထားဖို့ လိုအပ်လာသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေဖို့ကိုလည်း တိတိကျကျ လုပ်ဆောင်နိုင်မှ ရောဂါအန္တရာယ်ကင်းမည်။ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်များမှာလည်း လက်ရှိညွှန်ကြားချက်များကို စားသုံးသူများရော၊ ဆိုင်ရှင် ဆိုင်ဝန်ထမ်းများအားလုံးက လေးလေးစားစား လိုက်နာကြရဦးမည်။ ကိုဗစ်-၁၉ ရောဂါပိုးနှင့် စပ်လျဉ်း၍ ပေါ့လျော့ခဲ့ကြသည်များ၊ လျှော့တွက်ခဲ့ကြသည်များ၊ မထီမဲ့မြင်ပြုခဲ့ကြသည်များ၏ ဆိုးကျိုးရလဒ်များကို လတ်တလော ကမ္ဘာ့စံနမူနာများမှာပင် တွေ့မြင်နိုင်သည်ဖြစ်ရာ မမေ့၊ မလျော့၊ မပေါ့ကြရန်ကိုသာ တိုက်တွန်းလိုသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး တုံ့ပြန်ဆောင်ရွက်မှုများအပေါ် ချီးကျူးသံများ ထွက်ပေါ်လာသော်လည်း ပွဲကမပြီးသေးသလို တက်ထောင် အောင်ပွဲခံရမည့် အချိန်လည်း မရောက်သေး။ ကပ်ရောဂါ၏ ဒုတိယလှိုင်း ရိုက်ခတ်မှု အလားအလာများကို သတိပြု စောင့်ကြည့်ကြရဦးမှာဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်တွင်းကူးစက်မှု မရှိသလောက် နည်းနေပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင်သာ ပမာဏကြီးကြီးမားမား မဟုတ်ဘဲ ရောဂါအတည်ပြုကူးစက်လူနာများကို တွေ့ရှိနေရခြင်း ဖြစ်သည်။ သို့ရာတွင် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ဆက်လက်ဝင်ရောက်လာနေခြင်း၊ နယ်စပ် ဒေသများတွင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကြောင်းများရှိ တရားမဝင် ဝင်ပေါက်များမှ ခိုးဝင်မှုများရှိနေခြင်းတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ဆက်လက်၍ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်နေသေးသည်။

ကိုဗစ်-၁၉ ရောဂါ ကုသဆေးနှင့် ကာကွယ်ဆေးတို့ ပေါ်ထွက်လာရန် အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းကြရဦးမည်ဖြစ်သည်။ ကမ္ဘာ့နံပါတ်တစ်နိုင်ငံကြီးက ထုတ်လုပ်လိုက်သည့် ကိုဗစ်-၁၉ ကုသဆေးက လူနာတစ်ဦးအတွက် ဆေးတစ်ဖုံစာ တန်ဖိုးသည် မိမိတို့နိုင်ငံ ကျေးလက်သုံးထွန်စက်တစ်စီးစာဖိုးခန့် ရှိနေသည့်အပြင် ရှင်းရှင်းပျောက်မည်ဟူ၍လည်း အပြတ်မဆိုနိုင်ဟုဆိုသည်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်သည့်အလျောက် ကိုဗစ်-၁၉ မကူးစက် မပြန့်ပွားရေးအတွက် လူစုလူဝေးရှောင်၊ မျက်နှာဖုံးတပ်၊ လက်ဆေး၊ ခပ်ဝေးဝေးနေကြခြင်းကိုသာ တိတိကျကျ ကျင့်သုံးကြဖို့ နှိုးဆော်အပ်ပါကြောင်း။    ။

HOT NEWS
January 4,