အသိတရားဖြင့် ကြည်ကြည်ဖြူဖြူလက်ခံ

အသိတရားဖြင့် ကြည်ကြည်ဖြူဖြူလက်ခံ


Ministry of Information/ ​နေပြည်တော် / April 03, 2020


ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ပြည်သူလူထု ရောဂါကင်းဝေးစေရန် အသိပေးခြင်း၊ လိုက်နာဆောင်ရွက်စေခြင်း တို့ကို မကြာခဏ ပြောကြားလျက်ရှိသည်။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီလ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ ယခုအခါ တစ်ကမ္ဘာလုံး၌ တစ်ဦးချင်းစီက မိမိကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးနှင့် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် မနေထိုင်ရေးသည် အရေးကြီးကြောင်း၊ Quarantine ၁၄ ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Quarantine ၁၄ ရက်ကာလသည် များစွာကြန့်ကြာသည့် ကာလ မဟုတ်ကြောင်း၊ Quarantine ၁၄ ရက်ကာလကို အခက်အခဲဟုရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု ကိုဗစ် - ၁၉ ကပ်ရောဂါကို မည်သို့မျှ ကျော်လွှားနိုင်မည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ယခုအခါ ပြည်သူလူထုအားလုံးတို့သည် ကပ်ရောဂါဘေးမှ ကင်းဝေးစေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အား လိုက်နာဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ သို့သော် အချို့သောပြည်သူများမှာ အသိအမြင် ဗဟုသုတနည်းပါး၍လည်းကောင်း၊ ညွှန်ကြားချက်များကို အလေးမထားသဖြင့် လည်းကောင်း လုပ်မြဲ၊ ကိုင်မြဲ၊ နေမြဲ ရှိနေကြသေးသည်။ အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်နေထိုင်မှုများ ရှိနေဆဲဖြစ်ပြီး ပြည်ပမှရောက်ရှိ လာသူများ၊ စောင့်ကြည့်ရမည့်သူများ သံသယရှိသူအချို့သည် Quarantine ၁၄ ရက်ကာလကို ကြည်ကြည်ဖြူဖြူ မလိုက်နာမှုလည်း ရှိနေသည်။

ယခုအခါ ရောဂါတွေ့ရှိသူ ၁၆ ဦးတွင် လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် မရှိသောသူများလည်း ပါဝင်လာသည်ကို တွေ့ရသည်။ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းနေသူတို့၌ ရောဂါတွေ့ရှိခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်လာနိုင်သည်။ ထို့ကြောင့်ရောဂါကာကွယ်ရေး အတွက် သက်ဆိုင်ရာတို့က နေ့စဉ်အသိပေးလျက်ရှိသည့် ညွှန်ကြားချက်များကို အတိအကျ လိုက်နာကြရန် လိုအပ်ပေသည်။ မိမိတို့၏ စိတ်အလိုကိုလိုက်၍ ရောဂါဖြစ်နိုင်သည်တို့ကို မျက်ကွယ်ပြုလိုက်ပါက ရောဂါကူးစက်နိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။

ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည်ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရ အခြေအနေအထိ မဖြစ်ပွားအောင် ထိန်းချုပ်ထားနိုင်မည် ဆိုလျှင် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အတူတကွ လက်တွဲ ရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမိုခိုင်မာလာမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ပြည်သူလူထုကိုသည်းခံပြီး ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များကို ၎င်းတို့ရှင်းလင်းစွာ နားလည်သည် အထိ ထပ်တလဲလဲ ရှင်းပြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြား နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူထုပါဝင်မှုမြင့်မားကြောင်း၊ တတ်နိုင်သမျှ ကူညီကြခြင်းသည် လွန်စွာတန်ဖိုးရှိသည့် အလေ့အထ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားထားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စွန့်စွန့်စားစား အနစ်နာခံ ဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ကျေးဇူးတင်အသိအမှတ်ပြုရမည်ဖြစ်သလို ပါဝင်ဆောင်ရွက်နေကြသည့် ပြည်သူလူထုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများ၏ အခြေအနေကို နားလည်သိရှိသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ကိုင်ရာတွင် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားချက်များသည် ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာ မေတ္တာ ဖြစ်သည်။

ထို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် ကိုဗစ်-၁၉ ရောဂါ လျော့ပါးကင်းဝေးရေးအတွက် နိုင်ငံတော်အစိုးရနှင့် စေတနာ့ဝန်ထမ်း ပြည်သူအပေါင်းတို့က အမျိုးသားရေးအသိဖြင့် အလေးထား ဆောင်ရွက်ပေးနေချိန်တွင် ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် အသိတရားဖြင့် ကြည်ကြည်ဖြူဖြူ နားလည်လက်ခံကြရန် တိုက်တွန်းအပ်ပါသည်။ ။

HOT NEWS
January 4,