“အားလုံးအတွက် ရှေးဦးပြုစုခြင်း” “First Aid for All” သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲကျင်းပ

“အားလုံးအတွက် ရှေးဦးပြုစုခြင်း” “First Aid for All” သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲကျင်းပ


Ministry of Information/ နေပြည်တော် / January 24, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိသော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို Online ဖြင့် ယနေ့ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။

အသိပညာဖြန့်ဖြူးခြင်းများ ဆက်လက်ဆောင်ရွက်

ဒုတိယဝန်ကြီးက ပြောကြားရာတွင် ‘ရှေးဦးပြုစုခြင်း’ ပညာဟာ အလွန်မွန်မြတ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုခြင်းအားဖြင့် အသက်အန္တရာယ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းက လူငယ်များ၊ အမျိုးသမီးများ အကျိုးရှိစေရန် သင်တန်း များကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကတည်းက သင်တန်းများဖွင့်လှစ်ရန် အသင့် ဖြစ်ခဲ့သော်လည်း Covid – 19 ကပ်ရောဂါ အခြေအနေ ကြောင့် ဒီဇင်ဘာလမှသာ ပထမအဆင့်သင်တန်းများကို Online ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယအဆင့် သင်တန်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ Online ကနေ သင်ကြားပေမယ့်လည်း သင်တန်းဆရာများ၏ အရည်အချင်းပြည့်ဝမှု၊ သင်တန်းသူ သင်တန်းသားများ၏ စိတ်ပါဝင်စားမှုများကြောင့် များစွာ အောင်မြင်သော သင်တန်းများ ဖြစ်ခဲ့ကြောင်း၊ သင်တန်း တွင် ရရှိခဲ့သော ပညာများဖြင့် မိမိရပ်ရွာ၊ မိမိအသိုင်းအဝိုင်း၊ မိမိပြည်နယ်အတွက် အကျိုးပြုကြမည်ဟု ယုံကြည် ကြောင်း၊ သိရှိခဲ့သောသင်ခန်းစာများကို ပတ်ဝန်းကျင် သို့ ပြန်လည်ဖြန့်ဝေစေလိုကြောင်း၊ လူငယ်များအကြား နားလည်မှု၊ ယုံကြည်မှု တိုးပွားလာပြီး လူမှုသဟဇာတ ဖြစ်စေရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါ ကြောင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာနှင့် အကြင်နာတရား စသော ကြက်ခြေနီ၏ အခြေခံစိတ်ဓာတ်များသည် လူမှု သဟဇာတ ဖြစ်ထွန်းရေးမှာလည်း အလွန်အရေးကြီး ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးအတွက် စီမံချက် တတိယအဆင့်ကို ဆောင်ရွက်သွားရန် အစီအစဉ်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် များကြောင့်ဖြစ်စေ၊ တိုက်ပွဲများ၊ မိုင်းအန္တရာယ်များကြောင့် ဖြစ်စေ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် အရေးပေါ် ကူညီပေးနိုင်တော့မည် ဖြစ်ကြောင်း၊ “မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါး ရေး Mine Risk Reduction ” စီမံချက်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS)၊ CDNH တို့နှင့် ပူးပေါင်းကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မိုင်းအန္တရာယ် ဖြစ်နိုင်ခြေရှိသောမြို့နယ်များမှ လူငယ်များ၊ အမျိုးသမီး များအတွက် မိုင်းအန္တရာယ် အသိပညာပေးသင်တန်း Mine Risk Education လေးခုကို Online ဖြင့် ပြုလုပ်မည် ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးသူများက မိမိတို့ရပ်ရွာ များမှာ မိုင်းအန္တရာယ်လျော့ပါးရေးအတွက် မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ အသုံးပြု၍ အသိပညာဖြန့်ဖြူးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းများဖြစ်မြောက် ရန် ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။

သင်တန်းဆင်းပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ကလည်း ဂုဏ်ပြုစကား ပြောကြားသည်။ ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် ကွဲပြားခြားနားမှု နှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေး အဖွဲ့ (CDNH)မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ကျော်ရင်လှိုင်တို့ကလည်း သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားကြသည်။

လူမှုသဟဇာတဖြစ်စေရေး ဆောင်ရွက်

‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက်တာဝန်ခံ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က သင်တန်းများပြုလုပ်ရခြင်းအကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်း လူမှုသဟဇာတဖြစ်စေရေး ဆောင်ရွက်နေမှုများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

သင်တန်းဆင်းပွဲသို့ နိုင်ငံတော်သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဗဟိုကော်မတီဝင်များ၊ ICRC, IFRC တို့မှ ဌာနေ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ သင်တန်းသားများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက် ခဲ့ကြသည်။

အတွေ့အကြုံရင့် နည်းပြများက ဆောင်ရွက်

‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ပထမအဆင့်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များရှိ လူမှုအသိုင်းအဝိုင်း အသီးသီးမှ သင်တန်းသား သင်တန်းသူ ၁၇၀ တို့ သင်တန်း တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။ သင်တန်း စီမံချက် ဒုတိယအဆင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မှ ၂၃ ရက်အထိ ဆောင်ရွက်ခဲ့၍ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်များများရှိ လူမှုအသိုင်း အဝိုင်းအသီးသီးမှ လူငယ်များ၊ အမျိုးသမီးများ ၂၄၇ ဦးတို့ သင်တန်းတက်ရောက် ပြီးမြောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်တစ်ခုစီအတွက် သုံးရက်ကြာ သင်တန်းတစ်ခုစီကို Online ဖြင့် ပို့ချခဲ့ရာ သင်တန်းသား ၅၀ ခန့် တက်ရောက် ခဲ့ကြောင်း၊ သင်တန်းနည်းပြများအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အတွေ့အကြုံရင့် နည်းပြများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက်ကို နိုင်ငံတော်အတိုင်ပင်ရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်

HOT NEWS
January 4,