(၇၃)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကန်တော်ကြီးသဘာ၀ဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဖွင့်

(၇၃)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကန်တော်ကြီးသဘာ၀ဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဖွင့်


Ministry of Information/ ရန်ကုန် / July 13, 2020


ရန်ကုန် ဇူလိုင် ၁၂

(၇၃)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အဆင့်မြှင့်တင် ခဲ့သော ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ သမိုင်းဝင်ကန်တော်ကြီးသဘာဝ ဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို ယနေ့ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားရာတွင် ယခု ကန်တော်ကြီး သဘာဝဥယျာဉ်တွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်၏ အနှစ်(၄၀) ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဖွင့်လှစ်ပေးခဲ့သော သမိုင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ ထိုသမိုင်းဝင်ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ် ပန်းခြံကို ယခုအခါတွင် အဆင့်အတန်း မြင့်မားလှပသော ပန်းခြံတစ်ခုဖြစ်စေ ရန်နှင့် အများပြည်သူများအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ကျယ်ဝန်းစွာ ဂါရဝပြုနိုင်စေရန်၊ လွတ်လပ်ပျော်ရွင်စွာ အနားယူ အပန်းဖြေနိုင်သည့် ပန်းခြံတစ်ခုဖြစ်စေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန် မြို့‌တော် စည်ပင်သာယာ‌ရေးကော်မတီမှ တာဝန်ရှိသူများက အသစ်ပြန်လည် အဆင့်မြှင့်တင်ထားသော သမိုင်းဝင် ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံတို့ကိုလှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယခုဖွင့်ပွဲကျင်းပသော ဗိုလ်ချုပ်ကြေးရုပ်တုနှင့် ရင်ပြင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့‌တော်စည်ပင်သာယာရေး ကော်မတီ မြေယာရှုခင်းနှင့် အားကစားကွင်းများဌာနမှ ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုလုပ်ငန်းတွင် မြေဖို့ပြုပြင်ခြင်း၊ ကွန်ကရစ်ကြမ်းခင်း လောင်းခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ သံပန်းနှင့်မီးများ တပ်ဆင်ခြင်း၊ ရေနုတ် မြောင်းနှင့် လျှောက်လမ်းများတည်ဆောက်ခြင်း၊ ခေတ်မီကြွေပြား တပ်ဆင်ခြင်း လုပ်ငန်းများ ပါဝင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအောက်ခံခုံ ပြုပြင် ခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါဗိုလ်ချုပ်ကြေးရုပ်တုနှင့် ရင်ပြင်သည် ကန်တော်ကြီး သဘာဝဥယျာဉ် ၏ဧရိယာအတွင်း မြောက်အရပ်တွင်တည်ရှိကာ ၁ ဒသမ ၃ ဧက ခန့်ကျယ်ဝန်း ကြောင်းသိရသည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသည် ၁၉၅၅ ခုနှစ်တွင် လန်ဒန်မြို့ အနုပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကြေးသွန်းပညာရှင် မစ္စတာကော့ပနယ်သည် ဦးစံဖေ၏ ရုပ်တုပုံစံငယ်ကို ရွေးချယ်ကာ ဗိုလ်ချုပ်ကြေးရုပ် သွန်းလောင်းခဲ့ခြင်းဖြစ်သည်။ အမြင့် ၈ ပေ ၄ လက်မရှိပြီး ရုပ်တု၏အောက်ခုံတွင် ရေးထိုး ထားသော ကမ္ပည်းစာသားသည် ဆရာဇော်ဂျီ ၊ ဆရာကြီးမင်းသုဝဏ်၊ ဝန်ကြီးချုပ်ဦးနု ၊ ဦးသန့်နှင့် ဗိုလ်မှူးကြီး ဘရှင်တို့က စိစစ်ရွေးချယ်ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး

HOT NEWS
January 4,