ကရင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များတွင် သွားပိုးစာခြင်းရောဂါ ဖြစ်ပွားမှုပိုမိုများပြားလာ

ကရင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များတွင် သွားပိုးစာခြင်းရောဂါ ဖြစ်ပွားမှုပိုမိုများပြားလာ

ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 12, 2018


ဘားအံ အောက်တိုဘာ ၁၁
 ကရင်ပြည်နယ်အတွင်းရှိ အသက်(၅)နှစ်အောက်ကလေးငယ်များ၊ (၁၂)နှစ်အောက်နှင့်(၁၂)နှစ်အထက် ကလေးများတွင် သွားပိုးစားခြင်းရောဂါ ဖြစ်ပွားမှုပိုမိုများပြားလာကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး သုံးထပ်လူနာဆောင်တွင် ကျင်းပသည့် သွားဘက်ဆိုင်ရာဆရာဝန်များ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး ဆင့်ပွားသင်တန်းနှင့်ဆွေးနွေးပွဲမှ သိရသည်။
 ယခင်က အသက်(၁၂)နှင့်အထက်ကလေးငယ်များသာ သွားပိုးစား၊ သွားကိုက်၍ ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသကြသော်လည်း စားသောက်မှုပုံစံပြောင်းလဲခြင်းနှင့်အတူ အချိုရည်၊ သကြားလုံးတို့ကို ပိုမိုစားသုံးလာကြသည့်အတွက် အသက်ပိုငယ်သည့်အရွယ်များတွင် သွားပိုးစားခြင်းရောဂါကို မြင်တွေ့လာရကြောင်း၊ အသက်(၅)နှစ်အောက် ကလေးငယ်များ၊ မူလတန်းကြိုကျောင်းများရှိ အသက်(၃)နှစ်ခွဲ(၄)နှစ်အရွယ် ကလေးများတွင် ငယ်သွားများ ပိုးစားနေသည်ကိုတွေ့ရှိရကြောင်း၊ လူကြီးသွား စပေါက်သည့် အသက်(၆)နှစ်အရွယ်တွင်လည်း သွားပိုးစားခြင်းများကိုတွေ့ရှိရကြောင်း ဘားအံမြို့ ကျောင်းကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသူဇာအောင် က ပြောသည်။
 သွားဘက်ဆိုင်ရာဆရာဝန်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်းနှင့်ဆွေးနွေးပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာတင်ဝင်းကျော်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ တက်ရောက်ခဲ့ကြကာ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် က သွားဘက်ဆိုင်ရာဆရာဝန်များ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆင့်ပွားသင်တန်းပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
 မိဘများအနေဖြင့် ဗဟုသုတနည်းပါး၍သော်လည်ကောင်း၊ စီးပွားရေးအခြေအနေအရသော်လည်ကောင်း၊ အသက်သေစေနိုင်သည့်ရောဂါမဟုတ်၍ ပေါ့ဆ၍သော်လည်းကောင်း၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား မသိခြင်းကြောင့်သော်လည်းကောင်း သွားပိုးစားခြင်းရောဂါဖြစ်ပွားမှု ပိုမိုများပြားလျက်ရှိကြောင်း၊ သွားပိုးစားခြင်းကို စနစ်မှန် သွားတိုက်နည်းဖြင့် ကြိုတင်ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအသက်(၆)လတွင် သွားစပေါက်၍ ၂ နှစ်ခွဲအရွယ်တွင် သွားအချောင်း ၂၀ စုံလင်ကာ ကလေးမိဘများအား အဓိကထားပညာပေးစည်းရုံး၍ သွားနှင့်ခံတွင်းကျန်းမာရေးကို မိဘများကိုယ်တိုင် ကလေးငယ်များအား သွားတိုက်ပေးခြင်းဖြင့် ကာကွယ်သွားကြရန် လိုကြောင်း၊ (၅)နှစ်အောက် ကလေးသွားပိုးစားမှုလျော့ချရေး၊ ၁၂ နှစ်အထက် လူကြီးသွားများ ကောင်းမွန်စေရန် သွားစပေါက်သည့် အချိန်မှစပြီး သွားဆရာဝန်ထံတွင် (၆)လတစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးခြင်းခံယူသင့်ကြောင်း အဆိုပါ သွားဘက်ဆိုင်ရာဆရာဝန်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်းနှင့်ဆွေးနွေးပွဲမှ သတင်းရရှိသည်။

အထူးသတင်း
  • အာဆီယံနိုင်ငံများ အားကစားရည်မှန်းချက် ၂၀၁၆-၂၀၂၀ နှစ်ဝက်ပိုင်းကာလ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် video clip ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း
  •           
  • ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွား လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ ပျက်စီး၊ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိ
  •