ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ


Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အခြေပြစာချုပ်ငယ်(၂)၏ အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်ကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အခြေပြစာချုပ်ငယ်(၂) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများက ၂၀၁၈ ခုနှစ်၊ မေ (၄)ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည့်အတွက် စာချုပ် အသက်ဝင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အတည်ပြုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုး၍ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ စာချုပ်အား သက်ဆိုင်ရာဝန်ကြီး ဌာန များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၂/၂၀၁၈)သို့ တင်ပြခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း သဘောတူအတည်ပြုပြီး ဖြစ်ပါကြောင်း။

သို့ပါ၍ ဖြတ်သန်းကုန်စည်များ လွယ်ကူချောမွေ့စေရေး အာဆီယံမူဘောင် သဘောတူညီချက်၏ အခြေပြစာချုပ်ငယ်(၂)အတွက် အတည်ပြုစာချွန်လွှာကို အာဆီ ယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ(က) ၏ နောက်ဆက်တွဲ ဇယား ၁၊ အမှတ်စဉ် ၈ ပါ ပြဌာန်းချက် အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် နာယကကြီးမှ တစ်ဆင့် လေးစားစွာ တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၂/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အကောက်ရငွေများအား အပြည့်အဝ ရရှိနိုင်ရန်၊ သတ်မှတ်ထားသည့် (၃)လပတ်နှင့် (၆)လပတ် လျာထားချက်များအတိုင်း အခွန်(၄) မျိုး လျာထားချက် ပြည့်မီကျော်လွန်စွာ ရရှိနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားရန် နှင့် ရငွေများ တိုးတက်ရရှိစေရေး အစဉ်တစိုက်ကြပ်မတ် ဆောင်ရွက်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန် ကြားထားရှိပါကြောင်း။

အခွန်အကောက်ရငွေများ တိုးတက်ရရှိရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေပြုစာရင်းတွင် ပါဝင်သော ယစ်မျိုးခွန်နှင့် မြေယာခွန်အား ဒေသနှင့်ကိုက်ညီ ဆီလျော်သည့် နှုန်းထားများဖြင့် နှစ်စဉ်တိုးမြှင့်သတ်မှတ် ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားရန်နှင့် အဆိုပါ သတ်မှတ်နှုန်းထား များအတိုင်း လျာထားချက် ပြည့်မီအောင် ကောက်ခံနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ထပ်မံညွှန်ကြား ထားရှိပါကြောင်း။

အခွန် အကောက်ပြည့်မီကျော်လွန်စွာ ရရှိရေးနှင့် တိုးတက်ရရှိရေးအတွက် ယစ်မျိုးလိုင်စင် အရေအတွက် ကန့်သတ်ထားခြင်းအား ဖြေလျှော့ပေးပြီး ဟိုတယ်/ မိုတယ်များနှင့် အခြားလိုင်စင်အသစ်များ ချထားပေးခြင်းဖြင့် တရားမဝင် ယစ်မျိုး လိုင်စင်လျော့နည်း ပပျောက်ပြီး အခွန်အကောက်များ တိုးတက်ရရှိစေနိုင်ပါကြောင်း၊ တရားမဝင် ယစ်မျိုးသယ်ဆောင် ဖြန့်ဖြူးရောင်းချမှုများအား သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနများနှင့် ပူးပေါင်း၍ တားဆီးနှိမ်နှင်း ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် တရားမဝင် ယစ်မျိုးဆိုင်များ ပပျောက်စေနိုင်ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များအနေဖြင့် ယစ်မျိုးခွန်နှင့် မြေယာ ခွန်များအား ဒေသနှင့် သင့်လျော်ကိုက်ညီသည့် နှုန်းထားများကို တိုးမြှင့်သတ်မှတ်ပြီး နှစ်စဉ် ဥပဒေပြဋ္ဌာန်းသတ်မှတ်၍ အခွန်ငွေများကို ကောက်ခံခြင်းဖြင့် အခွန်အကောက် များ တိုးတက်ရရှိစေနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က သစ်တောဦးစီးဌာန၏ တနင်္သာရီတိုင်းဒေသကြီးအတွင်း အိမ် မွေးငှက်သိုက်ထုတ်လုပ်ရန် ဖန်တီးငှက်အိမ်များ၊ ငှက်သိုက်ထုတ်လုပ်မှုနှင့် အခွန်ငွေ ပေးသွင်းမှု အခြေအနေများကို တင်ပြအပ်ပါကြောင်း၊ အိမ်မွေးငှက်သိုက်လုပ်ငန်းသည် အရင်းအနှီးများစွာ မြှုပ်နှံဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း ပြန်လည် ရရှိသည့် ဝင်ငွေမှာ နည်းပါးကြောင်း တွေ့ရှိရ၍ လုပ်ငန်းစနစ်တကျ ဆောင် ရွက်နိုင်မှု ရှိ/မရှိနှင့် ထွက်ရှိမှု စာရင်းများ မှန်ကန်အောင် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သဘာ၀ ငှက်သိုက်ကျွန်းများအား လေလံစနစ်ဖြင့် ငှက်သိုက်စုသိမ်းခြင်းမှ ရရှိသည့် အခွန်နှင့် အိမ်မွေးငှက်သိုက်လုပ်ငန်းမှ ရရှိသည့်အခွန်သည် အဆပေါင်းများစွာ ကွာဟနေသဖြင့် အခွန်ငွေပိုမိုရရှိရန် အိမ်မွေးငှက်သိုက် လုပ်ငန်းတိုးချဲ့ခြင်း ထက် သဘာ၀ ငှက်သိုက် ကျွန်းများအပေါ် ထိခိုက်မှု မရှိစေသည့် အိမ်မွေးငှက်သိုက် လုပ်ငန်းဖြစ်စေရေး ကြီး ကြပ်ဆောင်ရွက်ခြင်းက တနင်္သာရီတိုင်းဒေသကြီးအတွက် အဓိကအခွန်ဝင်ငွေ ရေရှည်တည်တံ့စေမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနသည် သစ်တောဧရိယာများ၏ သစ်ထုတ်ခြင်းကို မြန်မာ့သစ်လုပ်ငန်း တစ်ခုတည်းကိုသာ ထုတ်လုပ်ခွင့်ပြုထားပါကြောင်း၊ ရေရှည်သစ် တော စီမံအုပ်ချုပ်မှု စီမံကိန်းအရ သစ်တောဦးစီးဌာန၏ နှစ်စဉ်ထုတ်လုပ်ခွင့်ပြုပမာဏ (AAC – Annual Allowable Cut)တွင် ကျွန်းသစ် ၁၉၂၁၀ ပင်၊ ကုဗတန်အားဖြင့် ၂၃၀၅၂တန်၊ သစ်မာ ၅၉၂၃၃၀ ပင်၊ ကုဗတန်အားဖြင့်  ၈၂၉၂၆၂ တန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြား ဝင်ငွေ လိုအပ်ချက် အရ  နှစ်စဉ်သတ်မှတ်ချက် AAC ထက်ကျော် လွန်၍ ကျွန်းသစ်များ ထုတ်လုပ်ခဲ့ရခြင်း ရှိခဲ့သော်လည်း ၂၀၁၂ - ၂၀၁၃ ခုနှစ်မှစ၍ သစ်ထုတ်လုပ်မှုများ တဖြည်းဖြည်း လျှော့ချထုတ်လုပ်ခဲ့ရာ ၂၀၁၆ - ၂၀၁၇ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သစ်ထုတ်ခြင်းလုပ်ငန်းအား (၁)နှစ် ရပ်ဆိုင်းခဲ့ပြီး ပဲခူးရိုးမဒေသအား ကျွန်းနှင့်သစ်မာထုတ်လုပ်ခြင်းကို (၁၀)နှစ်တာကာလအထိ ရပ် ဆိုင်းခဲ့ပါကြောင်း၊ ထို့ပြင် မွန်၊ ကရင်နှင့် ကယားပြည်နယ် တို့တွင် လုံခြုံရေး အခြေ အနေကြောင့် ဌာနအင်အားဖြင့်သာ ဆောင်ရွက်ရန် အခက်အခဲ ရှိပါ၍ သစ်ထုတ်လုပ် ခြင်းများ မဆောင်ရွက်တော့ ပါကြောင်း။

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိပါက အရေးယူ ဆောင်ရွက်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ညွန်ကြားချက်များအား ဒေသ ခံပြည် သူများ သိရှိနားလည်စေရေး ပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီး/ ပြည်နယ် အလိုက် မြို့နယ်များတွင် တစ်လလျှင် (၂)ကြိမ် စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၏ ကွပ်ကဲ မှုအောက်ရှိ နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့ များ၏ ကူညီမှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားမဝင်သစ်နှင့် ပတ်သက်၍ သတင်း ပေးတိုင်းကြားနိုင်သည့် Hot Line ဖုန်းနံပါတ်များအား လူမှုကွန်ယက်စာမျက်နှာများ၊ သတင်းမီဒီယာများတွင် ထည့်သွင်း ခြင်း၊ ဖမ်းဆီးရမိမှုနှင့် အရေးယူမှုများကို ပြည်သူ များသိရှိနိုင်စေရန် သတင်း ဖော်ပြခြင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဆွေး နွေးသည်။

ယင်းအစီရင်ခံစာ (၂/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက ဆက်လက်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် က ယင်းအစီရင်ခံစာ(၂/၂၀၁၉) ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင် သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/ ၂၀၁၉) ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ မှ ပေးပို့သည့် ၂၀၁၈ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလ အထိ ၆လပတ် အခွန်ကောက် ခံရရှိမှု အခြေအနေ အစီရင်ခံစာကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ (၃/၂၀၁၉) နှင့်စပ်လျဉ်း၍  လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  သက်ဆိုင်ရာဒေသ၏ လုပ်ငန်းတစ်ခုချင်း အတွက် တင်ပြသည့် အဆိုပြုချက် ကောက်ခံရာတွင် တွက်ချက်ရမည့်စံနှုန်းနှင့် ဒေသက သတ်မှတ်အတည်ပြုထားသည့် ဈေးနှုန်း ထက်မပိုသည့် တွက်ချက်မှုများနှင့် Estimateများ၊ ပြုလုပ်မည့် လုပ်ငန်းနေရာ ဓာတ်ပုံအထောက်အထားများလိုအပ် မည်ဖြစ်ပါကြောင်း၊ Estimate ဆိုရာတွင် လည်း BP ဟုခေါ်သည့် ဒီဇိုင်းပုံစံ၊ BQ ဟုခေါ်သည့် လုပ်ငန်းကုန်ကျတန်ဖိုး၊ လုပ်ငန်း  စံနှုန်း တွက်ချက်မှုတွင် အင်ဂျင်နီယာ လက်မှတ်ရေးထိုး အတည်ပြု ထားချက်များ လိုအပ်မည် ဖြစ်ပါကြောင်း။

လုပ်ငန်းဆောင်ရွက်ရန် ငွေထုတ်ပေးရာတွင် လုပ်ငန်းတစ်ခုချင်းအလိုက် ချက် လက်မှတ်ပေးရန် အခက်အခဲ ရှိနိုင်သည့်အတွက် အမှန်ဆောင်ရွက်နိုင်သည့်  လုပ်ငန်း များကို စုပေါင်းပြီး ပထမအရစ်အဖြစ် ပစ္စည်းများဝယ်ယူ နိုင်ရန် ထုတ်ပေးသင့်ပါ ကြောင်း၊ ယင်းသို့ထုတ်ပေးခြင်းဖြင့်  အခွန် ၂ရာခိုင်နှုန်းကို ပေးဆောင်ပြီး ကျန်ငွေကို ဘဏ်မှ ထုတ်ယူပေးချေ၍  ဖြတ်တောက်ရငွေများကို  သက်ဆိုင်ရာ အခွန်ဦးစီးဌာနကို ပေးချေခြင်းဖြင့် အခွန်ငွေကျန်ရှိမှု ပြဿနာပြေလည်နိုင် မည်ဖြစ်ပါကြောင်း၊ ယင်းအခွန် ငွေသည် အမှန်တကယ်လက်တွေ့တွင် ဥပဒေနှင့်အညီ ကြိုတင်အခွန်သဘော ကောက်ယူသော်လည်း အမှန်လက်တွေ့လုပ်နေသူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ သောကြောင့် လွှတ်တော်ဆိုင်ရာဥပဒေ အရ ဖြစ်စေ၊ အခွန်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့် အမိန့်ထုတ်ပြန်သင့်သည်ဟု အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေကို ကျေးလက်လမ်း၊ တံတားများ ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်း များ အတွက် ရန်ပုံငွေအများဆုံး သုံးစွဲရခြင်းမှာ အမှန်တကယ်ပင် ဒေသခံပြည်သူများ၏ လိုအပ်ချက်ကြောင့် ဖြစ်ပါကြောင်း၊ ရန်ပုံငွေကို သုံးစွဲရာတွင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့တွင် တာဝန်ယူမှုနှင့် တာဝန်ခံမှု အပြည့်ဖြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ၊ သက်ဆိုင်ရာဒေသရှိ ဒေသခံပြည်သူများ လက်ဝယ်သို့ ငွေကြေးအပ်နှံပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြစ်ပါ ကြောင်း။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သည် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများ များစွာလိုအပ်မှုရှိပြီး နယ်ပယ်ဒေသကျယ်ဝန်းသည့် မြို့နယ်များတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ခွဲဝေသုံးစွဲရာတွင် လိုအပ်မှုများနှင့် အခက်အခဲများ များစွာရှိနေ ပါကြောင်း၊ မြို့နယ် ဧရိယာကျယ်ဝန်းပြီး ဖွံ့ဖြိုးမှုနိမ့်ကျနေသော ဒေသများ တွင် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သည် ဒေသခံပြည်သူများအတွက်   အမှန်တကယ် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သောကြောင့် သိန်း ၁၀၀၀ ထက် ပိုမိုပြီး ခွင့်ပြုပေးပါက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ထပ်မံ တိုးချဲ့ခွင့်ပြုပေးရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း  က လုပ်ငန်း အများစုတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအပြင် ပြည်သူလူထု မှ ထည့်ဝင်လှူဒါန်းခြင်း ရှိပါကြောင်း၊ အဆိုပါ ထည့်ဝင်ငွေများကို စာရင်းစစ်ရန် မသက် ဆိုင်သော်လည်း ပြည်သူများ ပူးပေါင်းပါဝင်ခဲ့သော ငွေပမာဏ၊ လုပ်ငန်းပမာဏတို့ကို ဖော်ပြမှတ်တမ်းတင် ထားသင့်ပါကြောင်း၊ အများစုဆွေးနွေးသွားသည့် တစ်မြို့နယ်ကို ခွင့်ပြုငွေ ကျပ်သိန်း ၁၀၀၀ ထက် လိုအပ်သည့် ဒေသများတွင် ပိုမိုခွင့်ပြုသင့်သည်ကို ထောက်ခံပါကြောင်း၊ ထိုသို့ ခွင့်ပြုပေးသည့်အချိန်တွင် စိစစ်ရွေးချယ်ရာ၌ စနစ်တကျ စိစစ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းတစ်ခုကို ကျပ်သိန်း ၅၀ ထက်ပို၍ သုံးစွဲခွင့်မပြုခြင်းကို ကျပ်သိန်း ၁၀ဝခန့်အထိ ခွင့်ပြုသင့်သည်ဟု မြင်မိပါကြောင်း။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပြည်သူများ လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ခြင်း အားဖြင့် ရုပ်ဝတ္တုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြည်သူများ ပူးပေါင်းဆောင်ရွက်၍ ရန်ပုံငွေထည့်ဝင် ခြင်းသည် အားလုံးပူးပေါင်းဆောင်ရွက်အောင်မြင်ခြင်းကို ပြသနိုင်သည့် အကျိုးကျေးဇူးကို ရရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ အလေးထား ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာ (၃/၂၀၁၉)နှင့် စပ်လျဉ်း၍ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၊မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားမင်းထန်၊ ကန်ပက်လက်မဲ ဆန္ဒနယ်မှ ဦးညွှန့်ဝင်း၊ သရက်မဲ ဆန္ဒနယ်မှ ဦးကံမြင့်၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာ ကြည်မို့မို့လွင်၊ မင်းတုန်းမဲဆန္ဒနယ် မှ ဒေါ်ခင်သန်းနု၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ကျိုက်လတ်မဲမန္ဒနယ် မှ ဦးရန်လင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ သံဖြူဇရပ်မဲ ဆန္ဒနယ်မှ ဦးဥာဏ်ဟိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) မှ ဒေါက်တာ ကျော်ငွေ၊ ဆိပ်ဖြူမဲ ဆန္ဒနယ်မှ ဦးအောင်သိုက်၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၂) မှ ဦးစိုးဝင်းနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ ကျင်းပမည့် ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

HOT NEWS
January 4,