လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး


Ministry of Information/ Magway / May 18, 2019
image_latest


 

နေပြည်တော် မေ  ၁၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၇ ရက် ညနေပိုင်းတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြ သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီး အတွင်း စွမ်းအင်ဖူလုံရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရေနံလက်ယက်တွင်းတူးဖော်ခြင်းလုပ်ငန်းများကို ခွင့်ပြု ပေးလျက် ရှိပါကြောင်း၊ ရေနံ လက်ယက်တွင်း လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးျ ဖစ်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တရားဝင်လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင် ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ဒေသအတွက် အကျိုးရှိသလို လုပ်ငန်းရှင် များအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း၊ နှစ်ဦး  နှစ်ဖက်အကျိုးရှိစေရေး ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ လက်ယက်တွင်းများမှထွက်ရှိသော ရေနံစိမ်းများကို ဒေသတွင်း မှာပင်စနစ်တကျ ချက်လုပ်နိုင်ရေးအတွက် အသေးစားရေနံချက်စက်ရုံများ တည်ဆောက်၍ လုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုရေးစီမံလျက်ရှိပါကြောင်း၊ အလားတူဒေသအတွင်း ရေနံထွက်ပစ္စည်း များ ဖြန့်ဖြူးရေးတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန် ကျေးရွာသုံးစက် သုံးဆီ အရောင်းဆိုင်များကိုလည်း လိုင်စင် ခွင့်ပြု ထုတ်ပေးနိုင်ရေး စီမံလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မကြာမီကာလအတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများ ကဏ္ဍတွင် တိုးတက်မှု များရှိလာ မည်ဖြစ်ပါကြောင်း။

 လျှပ်စစ်ကဏ္ဍတွင်လည်းမိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပို့မိုဖြန့်ဖြူး နိုင်စေရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စွမ်းအင်အရင်းအမြစ် အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ် ထုတ်လုပ် ပေးနိုင်ရန် စီမံဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှ မေလအထိ ၃၅၃ မဂ္ဂါဝပ်ရှိသော သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခင် အိမ်သုံး မီတာ တစ်မျိုးတစ်စားတည်းကိုသာ အသုံး ပြုခဲ့ရာမှ ၂၀၁၈ ခုနှစ် ဧပြီလဆန်းမှစ၍ မီတာ(၄)မျိုးစနစ်ကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း။

လက်ရှိအခြေအနေတွင်လည်း ရာသီဥတုထူးခြားစွာ ပူပြင်းမှုများအရ လျှပ်စစ်မီးသုံးစွဲနိုင်မှုကို ကာမိစေရန် စီမံ ဆောင်ရွက် ခဲ့သော်လည်း အထက်ဖော်ပြပါ အချက်များကြောင့် ယခင်မျှော်မှန်းသည်ထက် သုံးစွဲမှုပိုမိုများပြား လာ သည့်အတွက် ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်နိုင်ငံလုံးတွင် ထပ်မံဓာတ်အားလိုအပ်ချက်မှာ ၄၀၀ မဂ္ဂါဝပ်ဖြစ် ပေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုများအရ ၆၈၈ မဂ္ဂါဝပ် တိုးတက် သုံးစွဲလာမည့်အပြင် ယခုနှစ် သုံးစွဲမှု ကဲ့သို့ တိုးတက်လာပါက ပြည်သူလူထုသုံးစွဲနိုင်ရန် အရန်ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ် ထားရှိ ရမည် ဖြစ်သည့် အတွက် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း ဓာတ်အားလိုအပ်ချက်မှာ ၁၅၈၈ မဂ္ဂါဝပ်ခန့် လိုအပ် လာမည်ဖြစ် သည့်အတွက်၊ ထုတ်လုပ်မှု အပိုင်းတွင်လည်း လိုအပ်ချက်ကို အချိန်တိုအတွင်းပြည့်မီစေရန် စီမံဆောင် ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဌာနကြီးမှူးများက မကွေးတိုင်းဒေသကြီး အတွင်း    လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတို းတက်ရေးအတွက်  ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်း တင်ပြ သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ ကျေးလက် မီးလင်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြည့်စွက်ရှင်း လင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းအတွင်း ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို မှာကြားသည်။

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသည်မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး မြို့၏ အနောက်တောင်ဘက် ၁၆ဒသမ၃ မိုင်ခန့် အကွာ မင်းဘူး- အမ်းကားလမ်း ဘေးတွင်တည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd. မှ B.O.T စနစ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် အကောင် အထည်ဖော် တည်ဆောက်ခဲ့ပြီး စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ဖြင့်  စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ပထမအဆင့်မှ တတိယ အဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ တည်ဆောက် သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ယခု တည်ဆောက်မည့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင် အထည် ဖော်တည်ဆောက်သည့်စီမံကိန်း တစ်ခုဖြစ်ပြီး ယခုအခါ ပထမအဆင့် ၄၀ မဂ္ဂါဝပ်စီမံကိန်းမှာ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလ အတွင်းတွင် ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ပြီး နိုင်ငံတော် ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,