ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 16, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၅

ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကဏ္ဍ (လူမှုအဖွဲ့အစည်းများ၊ ပရဟိတ၊ ကုသိုလ်ဖြစ် ဆေးခန်းများ) စသည်ဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ရခြင်းဖြစ်ပြီး ကဏ္ဍအားလုံး ဖွံ့ဖြိုး တိုးတက်မှုဖြင့် လူတိုင်းလက်လှမ်း မီလွှမ်းခြုံနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုပါကဏ္ဍ (၃) ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စေရေး ကိုလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း။

ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် (၂၀၀၇) ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ (၂၀၁၃) ခုနှစ်တွင် ထုတ်ပြန်ခဲ့ သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် (၂၀၁၅) ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ နည်းဥပဒေတို့ကို လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်း ပုဂ္ဂလိကျန်းမာရေး လုပ်ငန်းတာဝန်ရှိသူများအနေဖြင့် သေချာစွာလေ့လာကြစေလိုပါကြောင်း၊ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေတွင်ပါဝင်သည့်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအရည်အသွေး ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် အရည်အသွေးမြင့်မားရေးအတွက် အချက်များကိုလည်းကောင်း၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့၏ တာဝန်ဝတ္တရားများကိုလည်းကောင်း အလေးပေးကာ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

လက်ရှိတွင် ဝန်ကြီးဌာနမှ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း (၅၄၄၁)ခု၊ အထူးကုဆေးခန်း (၇၁၇)ခု၊ ဆေးရုံ (၂၄၃)ရုံ၊ ရောဂါရှာဖွေးရေးဓာတ်ခွဲခန်း (၂၂၂)ခု၊ ဓာတ်မှန်ခန်း (၁၃၇)ခုကို လိုင်စင်ခွင့်ပြုထားရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင် လျှောက်ထားရာ တွင်လည်းကောင်း၊ သက်တမ်းတိုးရာတွင်လည်းကောင်း လွယ်ကူလျင်မြန်ချောမွေ့စေရန် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပုဂ္ဂလိကကျန်းမာ ရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ တွင် ဆောင်ရွက်မှုများမှ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်အချက်များကို ရွေးချယ်ရယူ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင် လူနာများ၏ နေရာရှုထောင့်မှ စဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ အတွင်း အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်များနှင့် ညီညွတ်သော ကျန်းမာရေး စောင့်ရှောက်မှု များ ပေးအပ်နိုင်ရေးတို့ကို အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပုဂ္ဂလိကဆေးရုံများအသင်း (အောက်မြန်မာပြည်)မှ ဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်များက အသင်း၏ကိုယ်စား ရေဘေးအန္တရာယ်ကျရောက်ရာ နေရာဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် ကျပ်ငွေ သိန်း (၁၀၀) လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။

 

( သတင်းစဉ် )

 

HOT NEWS
January 4,