ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများ အတွက် ရေယာဉ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများ အတွက် ရေယာဉ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / August 21, 2019
image_latest


နေပြည်တော် သြဂုတ် ၂၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဒုတိယသမ္မတ ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရေဘေးသင့်ဒေသ များအတွက် ရေယာဉ် (၁) စီးပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မြင့်ထွေးနှင့် နိုင်သက်လွင်၊ ဒုတိယ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ယနေ့ကမ္ဘာတွင် သဘာဝ ဘေးအန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရ ပါကြောင်း၊ ဘေးအန္တရာယ်လျော့ပါးစေရေးအတွက် ကြိုတင် ကာကွယ်ခြင်း၊ ဘေးတွေ့စဉ် ဝိုင်းဝန်း ကူညီကယ်ဆယ်စောင့်ရှောက်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားပြီး နောက်ပြန်လည် ထူထောင် ပေးခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိရာ အသေအပျောက် အပျက်အစီးနည်း ပါးစေရေးအတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်လျက်ရှိနေကြပါကြောင်း။

သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရသည့်အခါ ဘေးအန္တရာယ် ဇုန်အတွင်းရှိ လူနှင့်တိရိစ္ဆာန်များ ပြင်းထန်စွာ ထိခိုက် ခံစားနေကြရသည့် ကာလအတွင်း အန္တရာယ်ဇုန် ပြင်ပမှ လာရောက် ကူညီကယ်ဆယ် စောင့်ရှောက်မှုများသည် အလွန် အရေးပါသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် အခြားကမ္ဘာ့ နိုင်ငံများနည်းတူ နှစ်စဉ်သဘာဝဘေး အန္တရာယ်ကို ရင်ဆိုင် ကျော်လွှားနေရသည့် ကာလတွင် အစိုးရသာမက ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီ ဆောင်ရွက်သည့် အလေ့အထ ပိုမိုအားကောင်းလာ သည်နှင့်အမျှ ဘေးအန္တရာယ် ခံစားရသူများအတွက် ပိုမိုကောင်းမွန်သည့် ကူညီစောင့် ရှောက်မှုများ ပေးနိုင်လာသည်ကိုတွေ့ရှိရပါကြောင်း။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်တွင် နယ်လှည့် ကျန်းမာရေး ကူညီ စောင့်ရှောက်မှုပေးနိုင်ရေး အတွက် ရေယာဉ် တစ်စီးလှူဒါန်းသည့် အတွက် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားတက်ဖွယ်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် အဆင့်တစ်ရပ်သို့ တက်လှမ်း လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

သဘာဝဘေးဒဏ်သင့် ပြည်သူများကို ပဲ့ချိတ်စက်လှေများ၊ ဖိုင်ဘာလှေများဖြင့် ကယ်ဆယ်ပြီးသက်ဆိုင်ရာ ဆေးရုံသို့ မပို့ဆောင်မီ ကာလအတွင်း ရေယာဉ်ပေါ်တွင် လုံခြုံစိတ်ချစွာ ကျန်းမာရေး ပြုစုစောင့်ရှောက်ကုသမှုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် နိုင်မည်ဖြစ်သည့် အတွက် သဘာဝဘေး ခံစားနေကြရသူများ ကိုယ်စား၊ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကိုယ်စားကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်း။

ယခုလှူဒါန်းလာသည့် ရေယာဉ်ပေါ်တွင် လိုအပ်သည့် ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်း နှင့်အခြား ဖြည့်ဆည်းပေးရန် လိုအပ် သည်များ ကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အစိုးရနှင့် အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် TINT TINT MYANMAR GROUP OF COMPANIES , ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် က ရေယာဉ် လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ TINT TINT MYANMAR GROUP OF COMPANIES , ဥက္ကဋ္ဌက ရေယာဉ် ဆိုင်ရာ စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ဒုတိယသမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါ ရေယာဉ်ကို ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း၌ တည်ဆောက်ခဲ့ပြီး အလျား ၁၀၅ပေ၊ အနံ ၁၈ပေနှင့် အနက် ၆ပေ ရှိကာ NISSAN RH (10) 200063 E (410)BHP အင်ဂျင် အမျိုးအစားကို အသုံးပြုထားကြောင်း၊ ရေယာဉ်ပေါ်တွင် အရေးပေါ် ခွဲစိတ် ခန်းသုံး ပစ္စည်း များ၊ အောက်ဆီဂျင်ဗူးများ၊ အရေးပေါ် ကယ်ဆယ်ရေးဆေး ပစ္စည်းများပါရှိပြီးလူနာ ခုတင် ၆ လုံးမှ ၁၀ လုံး အထိတပ်ဆင်၍ Mobile Clinic အဖြစ်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,