ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကျင်းပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 22, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၂

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်၏ ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှု နည်းပါးစေရန် ဝေးလံခေါင်သီဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းအား တိကျစွာ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  ပညာရေးဝန်ကြီးဌာနအနေဖြင့်  အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ အဆင့်မြင့်တက္ကသိုလ်များအနက် ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်း ပညာရေး တက္ကသိုလ်တို့တွင် ဝေးလံခေါင်သီဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်တက္ကသိုလ်တွင် ၂ ရာခိုင်နှုန်းစီ ဖြင့်လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်တို့တွင် ဘာသာတွဲ (၃) ခု  (သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာ + သိပ္ပံဘာ သာတွဲ (ဝိပ္ပံဘာသာတွဲ)၊ ဝိဇ္ဇာဘာသာတွဲ) အတွက် ဘာသာတွဲတစ်ခုလျှင် ၅ ရာခိုင်နှုန်း စီဖြင့်လည်းကောင်း၊  ပညာရေး ကောလိပ်များတွင် ၅ ရာခိုင်နှုန်းစီဖြင့်လည်းကောင်း ဝင်ခွင့်ရာခိုင်နှုန်းများ သတ်မှတ်ပြီး အနိမ့်ဆုံးရှိသင့်သည့် အရည်အချင်း အရလည်း ဝင်ခွင့်ပြုထားလျက်ရှိပါကြောင်း။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဖြစ်သော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဝေးလံခေါင်သီဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော  ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်အလိုက် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်ရမှတ်ပြည့်မီပါက ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ၏ ၁၀ ရာခိုင်နှုန်း အားခေါ်ယူရန် တိကျစွာသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်သည့်စနစ်သည် သက်ဆိုင်ရာပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာ တွဲဖြင့် အောင်မြင်သူများကို တက္ကသိုလ်အလိုက် အများဆုံးလက်ခံနိုင်သည့် လျာထားဦးရေ အတိုင်း ဦးစားပေးတက္ကသိုလ် ရွေးချယ် လျှောက်ထားမှုအပေါ် မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ခွဲခြားမှုမရှိဘဲ ရွေးချယ်သည့် စနစ်ကို ကျင့်သုံး ဆောင်ရွက်ပါကြောင်း။

 

ဝေးလံခက်ခဲသော ကျေးလက်ဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည် ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်၀သော ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသော  ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများ ဖြစ်သည့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြုနိုင်ရေးအတွက် အဆင့်ဆင့် တင်ပြခဲ့ပါကြောင်း။

 

ထိုတင်ပြမှုအပေါ် နိုင်ငံတော်သမ္မတ ရုံး၏ သဘောတူခွင့်ပြုချက်ဖြင့် ယင်းဒေသများ၌ အခြေခံပညာအထက်တန်းများတွင် ၃ နှစ်ဆက်တိုက် ပညာသင်ကြားပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများကို မူလပုံမှန်ဝင်ခွင့်ပြုအနိမ့်ဆုံး ရမှတ် အောက်  လျော့ပေါ့၍ ဆေးတက္ကသိုလ်များသို့ ၂၀၁၆ ခုနှစ်အထိ စုစုပေါင်း ဝင်ခွင့်ပြုဦးရေ၏ ၃ ရာခိုင်နှုန်းဖြင့် ဝင်ခွင့်ပြုခဲ့ပါ ကြောင်း၊ ထိုသို့ဝင်ခွင့်ပြုရာ၌ ၂၀၁၂ ခုနှစ်တွင် ၃၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၅၀ ဦး၊ ၂၀၁၅ ခုနှစ်တွင်  ၅၃ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၅၉ ဦးတို့အားလည်းကောင်း စုစုပေါင်း ဝင်ခွင့်ပြုဦးရေ၏ ၆ ရာခိုင်နှုန်းဖြင့် ၂၀၁၇ ခုနှစ်တွင် ၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၇၂ ဦး စုစုပေါင်း ၃၉၁ ဦးတို့အား ဆေးတက္ကသိုလ်(မကွေး)နှင့် ဆေးတက္ကသိုလ်(တောင်ကြီး)သို့ တက်ရောက် ခွင့်ပြု ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၏ ပညာရေးနှင့်ကျန်းမာရေး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်းပြည့်မီပြီး အချိန်မီပြီးစီးအသုံးပြုနိုင်ရန် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းမေးခွန်း၊ မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်၏ မြို့သစ်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့်  အခြေခံပညာ ကျောင်းများ ဆောက်လုပ်ရာတွင် တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် ဒီဇိုင်းများပိုမိုပြည့်စုံစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ဆရာကြီး မင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေဩဇာအရှိန်အဝါ ကြီးမားသော အခြားစာပေပညာရှင်များ၏ စာပေလက်ရာများကို အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်များ၌ ထည့်သွင်းပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ရှင်းလင်းဖြေ ကြားသည်။

 

ထို့နောက် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ Online မှတစ်ဆင့် အထူးကု ဆရာဝန်ကြီးများ၊ Radiologist များနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းကုသခြင်း၊ ပေးပို့အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online ဖြင့် ပြန့်ပို့ခြင်းစသည့် Telemedicine နှင့် Teleradiology ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြင်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက် ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရည်ညွှန်းပြု ဓာတ်ခွဲဌာနဖြစ်ပြီး စစ်ဆေးချက်မှတစ်ဆင့် အမျိုးသားဓာတ်ခွဲရေးဆိုင်ရာ အဖြေလက်ခံရာဌာနသို့ Online မှ ပေးပို့ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Online မှတစ်ဆင့် သက်ဆိုင်ရာ ဆေးရုံသို့ အဖြေသိသိချင်း ပြန်ပို့ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိနေပါကြောင်း။

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှ ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်မှစ၍ ရန်ကုန် အနောက်ပိုင်းဆေးရုံနှင့် အရှေ့ပိုင်း ဆေးရုံကြီးတို့မှ ပေးပို့လာသည့် လုပ်ငန်းများကိုလည်း  Online ဖြင့် ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့် ဓာတ်ခွဲ စစ်ဆေးခြင်း ဆေးရုံစုစုပေါင်း ၃၇၀၀ ကျော်ရှိပြီး ဓာတ်ခွဲအဖြေများကို နေ့ချင်းပြီး ထုတ်ပေးခြင်း၊ စမ်းသပ် ကာလ ကြာမြင့်သည့်အပေါ် မူတည်ပြီး ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါဆေးရုံများမှ ဓာတ်ခွဲစမ်းသပ် အဖြေများကို Online ဖြင့် ပြန်ပို့ပေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ် ဇွန် ၁၉ ရက်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ Laboratory Informational Management System ကို စတင်အသုံးပြု လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် Infrastructrue များ၊ Software များနှင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် လေ့ကျင့်မှုများလိုအပ်ပြီး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၏ အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာ တောင့်တင်း အောင်မည်သည့် ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့် မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ မတူပီမြို့ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ ဖွဲ့စည်းပုံအား မည်သည့်နေ့ရက်တွင် ချပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က  ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အခြေခံပညာရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

 

ယင်းနောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း တင်သွင်းသည့် မကူးစက်နိုင်သောရောဂါများ ကာကွယ်တားဆီး သွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက မကူးစက်တတ်သည့် ရောဂါအများစု၏ နောက်ဆက်တွဲဖြစ်စဉ်သည် တစ်သက်လုံး ဆေးဝါးကုသမှု၊ ပြန်လည်စစ်ဆေးမှု၊ ဆေးဝါးသောက်သုံးနေရမှုများ ဆက်လက်ဆောင်ရွက်နေရခြင်း၊ ကုသစရိတ်ကုန်ခြင်း၊ မိသားစုဝင်ငွေထိခိုက်ခြင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေးရန်ပုံငွေ ပိုကုန်ခြင်း၊ ကုန်ထုတ် စွမ်းအားများ ကျဆင်းသကဲ့သို့ တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်လည်း ဆုံးရှုံးရပါကြောင်း၊ မကူးစက်တတ် သည့် ရောဂါဖြစ်ရခြင်း အဓိကအကြောင်းအရင်းသည် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများပြားခြင်းကြောင့် ဖြစ်ပါကြောင်း၊ မကူးစက်တတ်သည့် ရောဂါကို ကာကွယ်တားဆီးနိုင်ရန် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်စဉ်သည် အခွန်အခများ တိုးမြှင့်ကောက်ခံရမည်ဖြစ်ပါကြောင်း၊ ဌာနများမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကိုလိုက်နာရ မည်ဖြစ်ပါကြောင်း၊ မလိုက်နာပါကလည်း ထိရောက်စွာ အရေးယူရမည်ဖြစ်ပါကြောင်း၊ ပြည်သူများကို အသိပညာပေးလုပ်ငန်းများကို ဆက်စပ် သည့် ဝန်ကြီးဌာနများနှင့် မီဒီ ယာများအပါအဝင်  တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

လောင်းလုံး မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီက မကူးစက်နိုင်သော ရောဂါများသည် အစားအသောက်များမှတစ်ဆင့် အဓိကဖြစ်ပွား ခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အန္တရာယ်နည်းပြီး မှတ်ပုံတင်ထားသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အသုံးပြုနိုင်ရန်အတွက် ပြည်သူများကို ပညာပေးရမည့်အပြင် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များကိုလည်း အချိန်မှန် စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ FDA မှလည်း အစားအသောက်နှင့် စားသုံးဆီများကို တိတိကျကျ စစ်ဆေးပြီး ပြည်သူလူထုများသိရှိစေရန် လစဉ်ထုတ်ပြန် ပေးခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ စားသုံးရန်မသင့်သည့် အစားအစာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ထုတ်ပြန်ပေးရမည့်အပြင် ထုတ်လုပ်မှုများကိုလည်း စစ်ဆေးသင့်ပါကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ နှင့် ပူးပေါင်းကာ နိုင်ငံပိုင်သတင်း စာများ၊ မီဒီယာများ၊ TV Channel များမှတစ်ဆင့် ပညာပေးအစီအစဉ် ထုတ်လွှင့်မှုများ အရှိန်အဟုန်ကို မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများသို့ ရောက်ရှိစေမည့် FM ရေဒီယိုများမှတစ်ဆင့် ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ပေးရန် အကြံပြုလိုပါကြောင်း၊ လိုအပ်နေသည့် ဘဏ္ဍာငွေများကို ထောက်ခံချထားပေးနိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် လွှတ်တော်မှလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက မကူးစက်နိုင်သော ရောဂါများနှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ နှီးနွယ်သက်ဆိုင်သော ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ဆက်စပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ အားလုံးဝိုင်းဝန်း၍ စုစည်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များကို ဖော်ဆောင်၍ ပါဝင်ဆောင်ရွက် သွားခြင်းဖြင့် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားမှုများကို အောင်မြင်စွာ ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ထောက်ခံ ဆွေးနွေးသည်။

 

ဆက်လက်၍ ဟင်္သာတ မဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၊ တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သန်းငွေ၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး၊ အလုံ မဲဆန္ဒနယ်မှ ဦးရဲလွင်၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ကျိုက်လက် မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် ခင်ဦး မဲဆန္ဒနယ်မှ ဒေါက်တာ ဦးဝင်းအောင်တို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါများသည် လူတစ်ဦးမှတစ်ဦး ရောဂါကူးစက်ခြင်းကြောင့် မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘ၀ နေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းတို့ကြောင့် ရောဂါအစုအဝေး ဖြစ်လာရပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကုန်အကျသက်သာ၍ အကျိုး သက်ရောက်မှုများစေသော ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံများအတွက် အကြံပြုထား ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် မေ ၁၃ ရက်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဝန်ကြီးဌာနများက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပြင် ဝန်ကြီးဌာနအချင်းချင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍကို အားဖြည့်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာ၏ အတွေ့အကြုံ အကြံပြုချက်များအပေါ် အခြေခံပြီး စနစ်တကျပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံသူ နိုင်ငံသားများအရေးကို ဦးစားပေး၍ ဆောင်ရွက်ခြင်း တို့ဖြင့်သာ နိုင်ငံတော်တွင် လက်ရှိပြဿနာဖြစ်နေသည့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ တားဆီးဟန့်တားနိုင်မည် ဖြစ်ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါကာ ကွယ်နှိမ်နင်းရေး လုပ်ငန်းများမှ  အဓိကကျ သည့် လုပ်ငန်းတစ်ခုဖြစ်သည့် အများပြည်သူ၏ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နေပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Tablet များကို ဖြန့်ဝေပေးလျက်ရှိသည့်အပြင်  Standardized Health Message စာအုပ်များ ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက်  ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများနှင့် ၎င်းတို့မှ တစ်ဆင့်လိုအပ်သော သတင်းအချက်အလက်အသိပညာပေး အကြောင်းအရာများကို လွယ်ကူလျင်မြန်စွာ ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)

HOT NEWS
January 4,